ငွေရတုတိုင်ပြီးသည့် မွန်ပြည်သစ်ပါတီ၏ အပစ်ခတ်ရပ်စဲရေးကာလကို ခြေရာခံခြင်း

ရေးသူ – စဝေါမွန်

မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။

အပစ်ခတ်ရပ်စဲရေးဆွေးနွေးစဉ်ကာလမြင်ကွင်းတချို့

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေး ရယူရသည့်အကြောင်းအရင်းကို ခြေရာခံမေးမြန်းစုံစမ်း ကြည့် သောအခါတွင် ယူဆချက်အမျိုးမျိုးရှိနေသည်။ ဖြစ်တန်ခြေရှိသော အချက်အလက်များကို သိရှိနိုင်ရန်အတွက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရယူသည့်ကာလများတွင် မှတ်တမ်းတင်သမား ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူအား မေးမြန်းသော အခါတွင် “မွန်ပြည်သစ်ပါတီဘက်ကလည်း ဘာရည်ရွယ်ချက်နဲ့ စစ်အစိုးရနဲ့ အပစ်ရပ်ရသလဲ ဆိုတာကိုတော့ တိတိကျကျ မမှတ်မိတော့ဘူး။ “တော်လှန်ရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိ” ဆိုတဲ့မူရှိသလို၊ မွန်ပြည်သစ်ရဲ့ အကြီးဆုံးစိုးရိမ်မှုတစ်ခုက KNU သာ NMSP ထက်အရင်စောပြီး အပစ်ရပ်နိုင်ခဲ့မယ်ဆိုရင် ကျန်ရစ်ဖြစ်သွားမှာ စိုးရိမ်မှုတွေလည်း ရှိပုံရတယ်။ မွန်ပြည်သစ် ပါတီဘက်မှာလဲ စစ်ပန်းတာမျိုးလည်း ရှိပါတယ်။ ရေးမြို့နယ်မှာ တပ်ခွဲတစ်ခွဲ လက်နက်ချလိုက်တာ ရှိခဲ့တယ်။ နောက်ပြီး ဘဏ္ဍာရေးကြပ်တည်းနေချိန်လည်း ဖြစ်နေတယ်။ အဓိကတော့ ထိုင်းအစိုးရရဲ့ ဖိအားက သိသိ သာသာ ရှိနေတယ်။ ပါတီခေါင်း ဆောင်အချို့ကတော့ အပစ်ခတ်ရပ်စဲရေးလုပ်ရင် မွန်ပြည်သူနဲ့ နီးနီးကပ်ကပ် တွေ့ဆုံခွင့် ရတဲ့အတွက် စည်းရုံးရေးပိုမိုအားကောင်းလာမယ်လို့ ယူဆနေတယ်။” ဟု ၎င်းက ဆိုပါသည်။

“၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲလို့ စစ်အေးကာလပြီးဆုံးသောအခါ ဖက်ဒရယ်နိုင်ငံ တွေတစ်စစီ ပြိုကွဲသွားသလိုမျိုး မြန်မာပြည်က တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းတို့ကို ဂယက်ရိုက် ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်၊ ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့တွေ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်/ အာဏာသိမ်းပြီး နဝတနဲ့ပူးပေါင်း၊ ကချင်တပ်မဟာတစ်ခုဖြစ်တဲ့ မထူးနော်ဦးစီးတဲ့တပ်မဟာတစ်ခု နဝတထံလက်နက်ချ၊ KNU မာနယ်ပလောဌာနချုပ်မှာ DKBA ခွဲထွက်ပြီး စစ်အစိုးရနဲ့ပူးပေါင်း၊ မွန်ပြည်သစ်မှာလည်း အကျင့်ပျက်သူတွေ အရေးယူခံဖို့အနေအထားရှိတဲ့ တပ်ခွဲမှူးအဆင့်/ မြို့နယ် အဆင့်ကော်မတီတွေ လက်နက်ချတာ ဒါတွေကို သုံးသပ်ပြပြီး လက်ရှိတော်လှန်ရေးဟာ အကျဘက် ကို ဦးတည်နေကြပြီ၊ ဒါကြောင့်ခွေးကျမကျစေဖို့၊ ကြောင်ကျကျအောင်လုပ်ဖို့ ဒုတိယအကြိမ် မွန်ပြည် သစ်ပါတီ ဗဟိုညီလာခံ(၁၉၉၄) မှာ ဥက္ကဌကြီးနိုင်ရွှေကျင်က ဗဟိုကော်မတီဝင်တွေကို မိန့်ခွန်း ပြောကြားခဲ့တယ်” ဟု ၎င်း၏ မှတ်တမ်းအရ ပြောပြပါသည်။

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရယူရန် ဆွေးနွေးနေစဉ်ကာလသည် ထိုင်းအစိုးရနှင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်နှင့် အပေးအယူ ဆက်ဆံရေး အကောင်းဆုံး ကာလ ဖြစ်သည်။ ထိုင်းနယ်စပ်ဘက်ကမ်းတွင် တပ်စွဲထားသည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုဌာနချုပ်အနီးအနားတွင် ထိုင်းစစ်တပ်မှ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်၍ ဖိအားပေးနေသည်။ ထိုင်းအစိုးရနှင့် နဝတစစ် အစိုးရတို့၏ ဆက်ဆံရေး ကောင်းမွန်နေချိန်မှာ အထူးသဖြင့် ထိုင်းအစိုးရ၏ အာဆီယံအိပ်မက်ထဲတွင် မြန်မာအစိုးရပါဝင်လာစေရန် ထိုင်းဘက်က အသည်းအသန်ကြိုးစားနေချိန်ပင်ဖြစ်သည်။ ၎င်းအပြင် ထိုင်းအစိုးရအနေဖြင့် မြန်မာပြည်ကနေ ကမ်းလွန်သဘာဝဓါတ်ငွေ့များကို ဈေးပေါပေါဖြင့် ဝယ်ယူရန် မွန်ပြည်သစ်ပါတီ ဌာနချုပ်အနီးရှိ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ရန်၊ ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်နိုင်ရန်အတွက် ထိုင်းအစိုးရသည် နဝတအစိုးရနှင့် ဆွေးနွေးနေစဉ်အတွင်းမှာပင် ထိုင်းနယ်စပ်ဘက်မှာ အခြေစိုက်နေသည့် မွန်ပြည်သစ်ပါတီကို ဖိအားပေးမှုတွေလုပ်ခဲ့ခြင်း ဖြစ်သည် ဟု ၎င်းက ခေတ်အခြေအနေကို သုံးသပ်ပြောပြပါသည်။

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရယူနိုင်ရေးအတွက် နဝတအစိုးရနှင့် ဆွေးနွေးပွဲ (၄) ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရသည်။ ဆွေးနွေးပွဲ ပထမအကြိမ်ကို ၁၉၉၃၊ ဒီဇင်ဘာ (၃၁) ကနေ၊ ၁၉၉၄ ဇန်နဝါရီ (၁) ရက်နေ့အထိတွင်လည်းကောင်း၊ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကို ၁၉၉၄ မတ်လ၊ တတိယအပတ်အတွင်းလည်းကောင်း၊ ဆွေးနွေးပွဲ တတိယအကြိမ်ကို ၁၉၉၄ ဇွန်လ ပထမအပတ်အတွင်းတွင်လည်းကောင်း၊ ဆွေးနွေးပွဲ စတုတ္ထအကြိမ်ကို ၁၉၉၅ ခု မေလတွင်လည်း ကောင်းပြုုလုပ်ခဲ့သည်။ အပစ်ခတ်ရပ်စဲရေးအခမ်းအနားကို (၁၉၉၅) ခုနှစ် ဇွန် (၂၉) ရက်နေ့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမတွင်ပြုလုပ်ခဲ့သည်။ “တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီအား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟု နဝတစစ်အစိုးရဘက်က သဘောတူညီချက် မရယူဘဲ အခမ်းအနား၏ နဖူးစည်းစာတန်းကို ရေးထိုးထားခဲ့သည်။ ထိုအချိန် ကတည်းက နဝတစစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရယူလိုက်ခြင်းသည် အလိမ်ခံထိ နေရပြီးဖြစ်သည်ကို ပါတီအကြီးအကဲတို့က စိုးရိမ်မှုတွေ ရှိနေပြီးသားဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်အတော်တော်များကြား ပြောစမှတ်ကြပြုလာကြသည်။

၁၉၉၅ ခုနှစ်၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များ

အစကနဦးတွင် နဝတအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် နဝတအစိုးရဘက်မှ ၎င်းတို့အစိုးရ၏ စစ်တပ်များကို မြို့ပြမြူနီစီပယ်ဧရိယာမှာပင် အခြေစိုက်မှာဖြစ်ပြီး လက်ရှိ “ဝ” ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ပုံစံမျိုးဖြင့် မွန်ပြည်သစ်ပါတီအား အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အရေး ပေးမည်ဟု ကမ်းလှမ်းမှုမျိုးလုပ်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီဘက်မှ ချက်ချင်းလက်မှတ် မထိုး သေးဘဲ စောင့်ကြည့်ဦးမည်ဟုဆိုပြီး အချိန်ဆွဲနေခဲ့သည်။ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှု လုပ်သော အခါတွင် နဝတအစိုးရဘက်မှ မွန်ပြည်သစ်ပါတီ၏ တောင်းဆိုချက်တို့ကို (၅၀) ရာခိုင်နှုန်းမျှသာ သဘောတူသည်ဟု ဆွေးနွေးလာကြသည်။ တတိယအကြိမ် ဆွေးနွေးမှု ပြုလုပ်သော အခါတွင် နဝတ အစိုးရဘက်မှ မွန်ပြည်သစ်ပါတီ၏ တောင်းဆိုမှုများကို (၂၅) ရာခိုင်နှုန်းမျှသာ သဘောတူသည်ဟု ဆွေးနွေးလာသောကြောင့် အပစ်ရပ်ဆွေးနွေးပွဲ တစ်နှစ်ကျော်ခန့် ရပ်တန့်နေ ခဲ့သည်။ မည်သို့ဆိုစေ တကယ့်အပစ်ခတ်ရပ်စဲရေးလုပ်သောအခါတွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်စုစုပေါင်းမှာ (၁၄) ချက်မျှသာ ဖြစ်သည်။ သဘောတူညီချက် (၁၄) ချက်ထဲမှ အဓိက အကြောင်းအရာများတို့မှာ မွန်ပြည်သစ်ပါတီနှင့် ပတ်သက် ဆက်နွယ်မှုကြောင့် ၁၇/၁ အမှုဖြင့် ထောင်ကျနေသူများကို အစိုးရမှ ပြန်လွှတ်ပေးရန်၊ နှစ်ဖက်တပ်မှ စစ်ပြေးများ ရှိလာပါက အချင်းချင်းပြန်အပ်ရန်၊ အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခြင်း၊ ပြည်သူလူထုအား ပေါ်တာဖမ်းခြင်း စသည်တို့အား နှစ်ဖက်တပ်မှ ရှောင်ရှားကြရန်၊ ပြည်သူလူထုအား အခွန်မကောက်ရန်၊ မွန်ပြည်သူများနှင့် မွန်စာပေယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံ စည်းရုံးတွေ့ဆုံဆွေး နွေးခွင့်ရှိရန်၊ မွန်အမျိုးသားစာသင်ကျောင်းစာသင်ခွင့်ကိစ္စ၊ မွန်ပညာရေးဌာနနဲ့ အစိုးရစာသင်ကျောင်း ပေါင်းကူးဆက်သွယ်မှု၊ မွန်အမျိုးသားကျောင်းများမှ (၁၀) တန်းကျောင်းသားများ အစိုးရ၏ တက္ကသိုလ်ဝင် (၁၀) တန်း စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုခွင့် ရရှိရန်၊ မွန်သံဃာတော်များ မွန်ဘာ သာဖြင့် စာမေးပွဲဖြေဆိုခွင့် စသည့် သဘောတူညီချက်များ ထားရှိခဲ့ကြသည်။

မည်သို့ဆိုစေ ထိုသဘောတူညီချက်များ ထားရှိကြခြင်းသည် နဝတစစ်အစိုးရနဲ့ မွန်ပြည်သစ် ပါတီကြားတွင် စာချုပ်စာတမ်းများ၊ အသိသက်သေများဖြင့် လက်မှတ်ထိုးကြခြင်း မဟုတ်ပါ။ Gentlemen Agreement ဟုဆိုသော နှစ်ဖက်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ NMSP အထွေထွေအတွင်း ရေးမှူး နာဲရဿ (နိုင်ရော့စ) နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်တို့ သဘော တူညီချက်ရေးသားထားသည့် စာရွက်စာတမ်းကို အပစ်ခတ်ရပ်စဲရေး အခမ်းအနားတက်ရောက်သည့် နှစ်ဖက်ကိုယ်စားလှယ်တို့အား ဖတ်ပြပြီး မိတ္တူနှစ်စုံကူး၍ တစ်ယောက်တစ်ရွက်မျှဝေပြီး အခမ်းအနားကို နိဂုံးချုပ်လိုက်ခြင်းသာ ဖြစ်သည်ဟု အခမ်းအနားမှတ်တမ်းတင်သူတို့က ဆိုကြသည်။ “ဂုဏ်သရေရှိ လူကြီးမင်းနှစ်ဦးတို့ ကတိကဝတ်စာရွက်စာတမ်း ပြုလုပ်ခြင်းမျှသာ ဖြစ်သည်။

အပစ်ခတ်ရပ်စဲရေးရယူပြီးနောက်ပိုင်း မှန်းချက်နှင့် နှမ်းထွက်

အပစ်ခတ်ရပ်စဲရေး ရယူပြီး စောစောပိုင်းကာလတို့တွင် နဝတစစ်အစိုးရဘက်မှ မွန်ပြည်သစ် ပါတီ၏ ဆက်ဆံရေးရုံးတို့ကို လစဉ်ပုံမှန်ထောက်ပံ့မှုတွေရှိခဲ့သည်။ ဆန်၊ စက်သုံးဆီတွေ လုံလုံ လောက်လောက် ထောက်ပံ့ခဲ့သည်။ ပါတီဗဟိုအတွက် လစဉ်ကျပ်ငွေ (၂၅) သိန်း၊ (၃၅) သိန်း၊ သိန်း (၅၀) အထိရှိခဲ့သည်။

အပစ်ခတ်ရပ်စဲရေး ရယူစဉ်အခါက မွန်ပြည်သစ်ပါတီ စည်းရုံးရေးဌာန တာဝန်ထမ်းဆောင် သူများ၏ ပြောဆိုချက်အရမှာမူ “တောထဲတွင်လက်နက်ကိုင် တော်လှန်နေရတာထက်စာရင် မြို့တက် ပြီး မွန်ပြည်သူလူထုနှင့် နီးနီးစပ်စပ် ဆက်ဆံရေးတည်ဆောက်ပြီး ပါတီနှင့် မွန်ပြည်သူများ နီးနီးကပ်ကပ်ဖြစ်နေပါက အမျိုးသားရေးလှုပ်ရှားမှုများ လုပ်ရကိုင်ရတာ ပိုအဆင်ပြေမည်” ဟု ယူဆ ထားကြသည်။ ထို့သော်လည်း ၂၀၀၃၊ ၂၀၀၄ ခုနှစ်အခါရောက်သောအခါ အစိုးရ၏ အထောက်အပံ့ ပေးမှုများ သိသိသာသာလျော့ကျသွားပြီး ထောက်ပံ့မှုများ လုံးဝပြတ်တောက် သွားသည်။ ထိုကာလသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဦးဆောင်သည့် စစ်ထောက်လှမ်းရေးတပ်လည်း ဖျက်သိမ်းခံရသည့်ဖြစ်စဉ်နှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းအကျိုးဆက်ကြောင့် ပါတီရေးရာကိစ္စရပ်များ လှုပ်ရှားဆောင်ရွက်မှုများ ပိုပြီးခက်ခဲလာသည်။ အပစ်ခတ်ရပ်စဲရေးရယူစဉ်က စဉ်းစားချက်တို့သည် လက်တွေ့ အကောင်အထည်ဖော်ရသည့်နေရာများတွင် အလွဲကြီးများစွာ ဖြစ်ခဲ့ရသည်ဟု ဆက်ဆံရေးရုံး တာဝန် ထမ်းဆောင်ခဲ့သူတို့က ဆိုခဲ့ကြသည်။

အပစ်ခတ်ရပ်စဲရေး အကျိုးဆက်အရ မွန်ပြည်သစ်ပါတီ၏ ပညာရေးဌာနလက်အောက်ရှိ မွန် အမျိုးသားကျောင်းမှ ကျောင်းသားများတို့သည် အစိုးရ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် ၁၉၉၆ ခုနှစ်ကစ၍ ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့သော်လည်း ဆရာ၊ ဆရာမ အထောက်အပံ့ပေးနိုင်ရေးနှင့် ပညာရေးဌာန ယန္တရားလည်ပတ်နိုင်ရေးအတွက် Mon National Education Committee (MNEC) က ယခုထိတိုင် နိုင်ငံတကာ အထောက်အပံ့များအပေါ် ဆက်လက်တည်မှီ နေရသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသရှိ IDP ကျေးရွာများရှိလူထုများကို Mon Relief and Development Committee (MRDC) တို့က နိုင်ငံတကာအထောက်အပံ့ရယူ၍ ဆောင်ရွက်ခဲ့သည်။ ထို့နည်းတူ Mon National Health Committee (MNHC) မွန်ကျန်းမာရေးဌာနကလည်း မွန်ဒေသရှိ မွန်လူထုများ၏ ကျန်းမာရေးကဏ္ဍအတွက် ဝန်ဆောင်မှုပေးနိုင်ရန် နယ်စပ်ဖြတ်ကျော် နိုင်ငံတ ကာအထောက်အပံ့များကို နှစ်ကာလကြာစွာ ရယူခဲ့ရသည်။ ယခုအခါတွင် MNEC နှင့် MNHC တို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မော်လမြိုင်မြို့တွင် ရုံးစိုက်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံတကာ အထောက်အပံ့များစွာ ရယူနိုင်ခဲ့ပြီး ဖြစ်သည်။

အပစ်ခတ်ရပ်စဲရေးကာလ မွန်ဒေသခံများ၏ ဆုံးရှူံးနစ်နာများ

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီး နောက်ပိုင်းတွင် သုခကောင်းကွက် များစွာရှိ သကဲ့သို့ ဒုက္ခဆိုးကွက်များစွာလည်း မွန်လူထုတို့ ကြုံခဲ့ရသည်။ ဒုက္ခဆိုးများမှာမူ မွန်ပြည်သစ်ပါတီဝင် တချို့၏ ဆိုးသွမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများထက် မွန်ဒေသ အတွင်း အစိုးရတပ်မတော်မှ တပ်များလာ ရောက်အခြေစိုက်ပြီးမှ ကြုံခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ကမ္ဘာ့မှတ်တမ်း ဝင်ခဲ့ပြီးဖြစ်သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မွန်လူမျိုး အများဆုံးနေထိုင်ကြသည့် မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်း စစ်အစိုးရတပ်များ ၂၀ ထက်မက တပ်အင်အားတိုးချဲ့ခဲ့သည်။ မော်လမြိုင် – ထားဝယ် ပြည်ထောင်စုလမ်း တလျှောက်တွင် အစိုးရတပ်များစွာ တည်ဆောက်ခဲ့ကြသည်။ ဒေသခံတို့၏ မြေများစွာတို့ကို အဓမ္မ သိမ်းပိုက်၍ တပ်များတည်ဆောက်ခဲ့ကြသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) ၏ လူ့အခွင့် အရေး အစီရင်ခံစာအရ သိရှိနိုင်သည်။ မြေမရှိ၍ အလုပ်လက်မဲ့သွားသော မွန်ပြည်သူတို့သည် နယ်စပ်ဖြတ်ကျော်၍ ရွှေ့ပြောင်းအလုပ်သမားဖြစ်ခဲ့ ရသည့် ဖြစ်စဉ်များစွာ ရှိလာသည်။ အစိုးရတပ်မှ ဆိုးသွမ်း တပ်မတော်သားများ၏ ရိုင်းပြမှုကြောင့် ရေးတောင်ပိုင်းရှိ မွန်ကျေးရွာများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနှင့် မုဒိန်းမှု ကျူးလွန်မှုများစွာ ပြုလုပ်ခဲ့ကြသည်မှာလည်း မှတ်တမ်းများရှိခဲ့သည်။ မွန်ပြည်နယ်တောင်ပိုင်းတွင် တိုးချဲတည်ဆောက်ထားသည့် တပ်များမှ တပ်မတော်သားတို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံ အမျိုမျိုးတို့ကို ကျူးလွန်ထား ခဲ့ကြသည်။ ထိုသို့ မွန်ဒေသခံများ လူ့အခွင့်အရေး ကျူးလွန်ခံခဲ့ရမှုများကို မွန်ပြည်သစ်ပါတီမှ အကာကွယ်ပေးနိုင်ရန် တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါဟု ဒေသခံတို့က ဆိုကြသည်။ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်တုန်းက ၎င်းတို့ဒေသများတွင် မွန်ပြည်သစ် တပ်ဖွဲ့ဝင်များက လူထုကြားတွင် သွားလာလှုပ်ရှားနေသည့်အတွက် တပ်မတော်သားများ ကျေးရွာ အထိ လာရောက်မှုမရှိသလောက်ဖြစ်သည့်အတွက် မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ မဖြစ်ခဲ့သကဲ့သို့၊ တစ်ဦးပေါ်တစ်ဦး အကူအညီပေးမှုများ ပြုလုပ်နိုင်ခဲ့သည်။ အပစ်ခတ်ရပ်စဲရေးနောက်ပိုင်း နှစ်ဦးနှစ်ဖက်ဂတိကဝတ်များအရ မွန်ပြည်သစ်ပါတီဝင်တို့သည် မြို့များပေါ်တွင် ပါတီဆက်ဆံရေးရုံး အခြေစိုက်နိုင်ခဲ့သော်လည်း ရပ်ကျေးနယ်မြေများတွင် လှုပ်ရှားမှုနယ်မြေ ကျဉ်းကြပ်သွားသည်။ မြန်မာပြည်တောင်ပိုင်းတွင် သေနတ်သံစဲသွားသော်လည်း လက်နက်ကိုင်ဆောင်သူတို့၏ အနိုင်ကျင့် စော်ကားမှုတို့ကို ပြည်သူများ ခါးဆီးခံခဲ့ရသည်ဟု ကိုယ်တိုင်ခံစားခဲ့ရသူတို့က သက်သေထွက်ဆို ကြပါလိမ့်မည်။

မွန်ပြည်သစ်ပါတီ၏လက်ရှိအနေအထားနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးနိုင်ရေးကို တစိုက်မတ်မတ် တောင်းဆို ခဲ့သည်။ ဖွဲ့စည်းပုံရေးဆွဲနိုင်ရေးအတွက် ညောင်နှစ်ပင် အမျိုးသားညီလာခံကျင်းပရာတွင် ကိုယ်စား လှယ်လွှတ်၍ တက်ရောက်ခဲ့ သော်လည်း ၂၀၀၄ ခုနှစ်တွင် လေ့လာသူအနေဖြင့် အဆင့်လျှော့ချ၍ တက်ရောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခဲ့သည့် အဖွဲ့အစည်း မဟုတ်သကဲ့သို့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းနိုင်ရေးအတွက် အစိုးရ၏ ဖိအားပေးမှုများကို ငြင်းဆန် ခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် အပစ်ခတ်ရပ်စဲရေး ပျက်သွားမသလိုဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဦးသိန်းစိန် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲရေးသဘောတူညီချက် (Bilateral Agreement) ပြန်လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ် အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်ပါ အချက်တို့ကို Update လုပ်လိုက်သည်မျှသာ ဖြစ်သည်။ အမျိုးသားရေး ဆိုင်ရာ တောင်းဆိုမှု တစ်စုံတစ်ရာ မရှိခဲ့ပါ။ တပ်တည်နေရာ (၁၉) နေရာအတိ သတ်မှတ်နိုင်ခဲ့ပြီး၊ ဆက်ဆံရေးရုံး (၇) နေရာ၊ စီးပွားရေးရုံး (၃) နေရာဖြစ်လာသည်။ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလတွင်၊ အန်အယ်ဒီအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သည်။ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီဦးဆောင်၍ မွန်နိုင်ငံရေးပါတီ၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မွန်ပြည်သူများ ပူးပေါင်း၍ အမျိုးသားဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သည်။ နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စာတမ်းများဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာတမ်းတို့သည် မွန်ပြည်သူ တို့၏ စိတ်ဆန္ဒကို အခြေခံသော မူဝါဒရေးရာ အဆိုပြုချက်ဟု ဆိုစမှတ်ပြုကြသည်။ သို့သော် ငြိမ်းချမ်းရေးညီလာခံများတွင် သွားရောက်တင်ပြဆွေးနွေးသောအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အောက်ရှိ အချက်များကိုသာ သဘောတူညီမှုရရှိသည်ဟု ပြောကြသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆိုတာက မြန်မာ့အစိုးရရဲ့ လျာထားချက်တွေထဲက ရေရှည် စီမံကိန်းတစ်ခုလို ဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ကြာအောင် ဆွဲပြီးလုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစစ်အမှန်ကို တကယ်လုပ်မယ်ဆိုရင် တစ်လလောက်ပဲ အချိန်ပေးပြီး လုပ်လို့ရပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်အလက်တွေ၊ သူတို့ သဘောကျတဲ့အချက်အလက်တွေလည်း သိနေသားပဲလေ။ တကယ်လုပ်မယ်ဆိုရင် မကြာဘူး။ မလုပ်ချင်လို့ပဲ အချိန်ဆွဲနေတာ။ အစိုးရနဲ့တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တဝဲလည်လည်ဖြစ်အောင်လုပ်နေတာ။ ဟိုနိုင်ငံ၊ ဒီနိုင်ငံခေါ်သွားလိုက် ပြည်တွင်း ပြည်ပ အစည်းဝေးတွေ အကြိမ်ကြိမ်တက်ခိုင်းလိုက် လုပ်နေကြတာပဲလေ။ သဘောတူညီပြီးသားတွေလည်း မေ့ပစ်လိုက်ကုန်တယ်၊ အကောင်ထည်ဖော်တာတွေလည်း မလုပ်ဖူး၊ ဘယ်သော အခါမှာ အကောင်အထည်ဖော်မယ်လည်း မပြောကြဘူး။ အကုန်လုံးရှုပ်ထွေးသွားအောင် လုပ်နေကြ တယ်။ မွန်ပြည်သစ်ပါတီလည်း ဒီဝဲဂယက်ထဲမှာပဲ ဟိုလည်လည်ဒီလည်လည် ဖြစ်နေတာ ကိုတော့ တွေ့နေရတာပဲလေ။” ဟု မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူက ဆိုပါသည်။

မွန်ပြည်သစ်ပါတီရဲ့ လက်ရှိပကတိအခြေအနေကို ဘယ်လိုမြင်လဲဟု မွန်သတင်းဌာန အယ်ဒီတာတစ်ဦးအား မေးမြန်းသောအခါတွင် “ရုပ်ပိုင်းဆိုင်ရာအရ ပါတီဝင်နှင့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် အင်အားနည်းပါး လာတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က အင်အား ၇၀၀၀ ကျော်ရှိတယ်။ တပ်ရင်းတစ်ခုမှာ အင်အား ၅၀၀ လောက်ရှိခဲ့တယ်။ ခုချိန်မှာတော့ တပ်ရင်းတစ်ခုမှာ ၁၀၀ လောက်ပဲရှိတော့တယ်။ ခုဆိုရင် အင်အား ၇၀၀ လောက်ပဲ ရှိတယ်။ တစ်ခုကောင်းတာက စစ်ရေးပညာတတ်တဲ့ အရန်အင်အားတွေ ရှိနေတယ်။ နောက်တစ်ခုက အရင်ကရောခုရောပဲ ဘဏ္ဍာရေးအင်အား နည်းနေတုန်းပဲ။ ပါတီကိုကောင်း စေချင်တာတော့ လူတိုင်းပါပဲလေ။ နှုတ်ထွက်သွားလို့ရတဲ့သူတွေက အခြေအနေအရ ထွက်လိုက် တယ်။ မိမိထိန်းချုပ်ထားတဲ့ဒေသထဲက အုပ်ချုပ်ရေးပိုင်းဖြစ်ဖြစ်၊ ကျေးရွာရပ်ကွက်ထဲကလူတွေနဲ့ တစ်နည်းမဟုတ် တစ်နည်းထိတွေ့ဆက် ဆံတဲ့နေရာမှာ စည်းရုံးရေးအားကောင်းဖို့လိုတယ်၊ ပြည်သူ အပေါ် ဗိုလ်ကျစိုးမိုတဲ့ပုံစံမျိုးမရှိဖို့ အထူးဂရုစိုက်ရပါမယ်၊ ပါတီဖွဲ့စည်းအုပ်ချုပ်ပုံကို Update ပြန်လုပ်ပြီး အပြင်လူတွေ ပညာတတ် လူငယ်တွေ ပါတီလုပ်ငန်းတွေထဲမှာ ပူးပေါင်းပါဝင်နိုင်အောင် ပါတီဝင်အနေ နဲ့မဟုတ်ဘဲ ဝန်ထမ်း အနေနဲ့ ဝင်လုပ်နိုင်အောင် နည်းလမ်းရှာသင့်တယ်၊ အသက်ကြီးတဲ့ ခေါင်းဆောင် ပိုင်းတွေ အခုခေတ် နည်းပညာတွေ ကျယ်ပြန့်လာတော့ သူတို့တတွေ အချိန်မှီမဖမ်းဆုပ်နိုင်ဘူး။ သတင်းလက် လှမ်းမှီနိုင်မှု အားနည်းတော့ နိုင်ငံရေးဆိုင်ရာ ဗျူဟာတွေအပေါ်မှာ ထိပ်တိုက်ရင်ဆိုင် နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြောချင်တာက ဘာပဲလုပ်လုပ် နှေးနှေးကွေးကွေးတွေ ဖြစ်ကုန် တတ်တာ သဘာဝ လိုဖြစ်နေပြီ။ အရင်က အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တာရော၊ အခုငြိမ်းချမ်းဖြစ်စဉ်တွေမှာ နိုင်ငံရေး ဆွေးနွေးမှု လမ်းပြမြေပုံ မရှိနေဘူး။ အချိန်ကာလသတ်မှတ်ချက် မရှိနေဘူး။ ဘယ်တော့ပြီးဆုံးမယ်၊ ဘယ်တော့ ငြိမ်းချမ်းရေး ရရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ အချက်တွေ၊ သဘောတူ ထားကြတဲ့ အချက်တွေ မရှိနေဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံးချိန်ဆိုတာ မသတ်မှတ် ထားဘူးလေ။ ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက် လမ်းပြမြေပုံရှိလာအောင် လုပ်သင့်တယ်။” ဟု၎င်းက ဆိုပါသည်။

မွန်ပြည်သစ်ပါတီ၏ ဖြစ်တည်မှုအစနှင့် အမျိုးသားရေးနိုင်ငံရေးတောင်းဆိုမှုများ

မွန်လူထုနှင့် မွန်သံဃာများ၏ ထောက်ခံမှုဖြင့် ရပ်တည်နေသည့် မွန်ပြည်သစ်ပါတီသည် စစ်တပ် အင်အားကို အခြေမတည်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ ဦးတည်လှုပ်ရှားနေသည့် မွန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ဟု တချို့တွေက သုံးသပ်ပြော ဆိုကြသည်။ မွန်ပြည်သစ်ပါတီ၏ အစကနဦး ဖြစ်တည်လာမှုသည် မွန်အမျိုးသားတို့၏ တော်လှန်ရေး စိတ်ဓါတ်မှ အခြေခံသည်ဟု တော်လှန်ရေး သမိုင်းကြောင်းကဆိုသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစ မွန်တိုင်းရင်းသားတို့၏အခွင့်အရေး ကင်းမဲ့မှု ကြောင့် မွန်အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကို အရှိန်အဟုန် ကြီးထွားလာစေသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့်နှစ်မှာပင် ၁၉၄၈ ဧပြီလတွင်၊ ဖားအောက်ကျေးရွာ (ယခု မော်လမြိုင်မြို့နယ်) တွင် မွန်လူမျိုးရေး ရာအဖွဲ့ချုပ် ကဦီးဆောင်ပြီး မွန်အမျိုးသားညီလာခံတစ်ရပ်ကို ကျင်းပခဲ့သည်။ ၎င်းညီလာခံ၏ ဆုံးဖြတ်ချက်များမှာ (၁) မွန်ပြည်နယ်ကို ဖော်ထုတ်ရန်၊ (၂) မွန်လူမျိုးလုံခြုံမှုကို ကာကွယ်ရန်အတွက် မွန်အမျိုးသားကာကွယ်ရေးတပ်ကို ဖော်ထုတ်ရန်၊ (၃) မွန်အမျိုးသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မြေယာသီးစားချထားရေးဥပဒေကို တိုက်ဖျက်ရန် တို့ဖြစ်သည်။

မွန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်ရ မွန်အမျိုးသားလှုပ်ရှားမှုခေါင်းဆောင်တို့သည် မွန်ပြည် သူ့တပ်ဦး (Mon People Front – MPF) ကို ဖွဲ့စည်းခဲ့ပြီး မွန်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် လက်နက်ကိုင် တိုက်ပွဲအသွင်မှ ပါလီမန် ဥပဒေဘောင် အတွင်း တိုက်ပွဲအသွင် ပြောင်းလဲခြင်း အခမ်းအနားကျင်းပပြီး ဝန်ကြီးချုပ်ဦးနု အစိုးရထံတွင် အလုံးစုံလက်နက် အပ်နှံခဲ့ကြသည်။ မွန်ပြည်သူ့တပ်ဦး၏ အလုံးစုံ လက်နက်စွန့်လွှတ်မှုအခမ်းအနား မတိုင်ခင် (၃) ရက်မှာပင်၊ မွန်ပြည်သစ်ပါတီ၏ ပထမဦးဆုံး ဥက္ကဌဖြစ်သူ နိုင်ရွှေကျင်သည် မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုဆက်ခံသော ဒုတိယမြောက် ခေတ်သစ်မွန်တော်လှန်ရေး လက်နက်ကိုင်ဖွဲ့စည်း တစ်ရပ်အဖြစ် တည်ရှိနေ သည်။

ရာစုနှစ်၏ လေးပုံတစ်ပုံသော အပစ်ခတ်ရပ်စဲရေး အချိန်ကာလ တို့ကို ဖြတ်သန်းခဲ့ပြီးသော အခါတွင် မွန်ပြည်သစ်ပါတီ၏ မူလဘူတဖြစ်တည်မှုနှင့် ၎င်းတို့၏ အမျိုးသားရေး လှုပ်ရှားမှုမှ ရရှိလာ သော အသီးအပွင့် များကို လေ့လာဆန်းစစ်သုံးသပ်ရန် လိုအပ်လာပြီး ဖြစ်သည်။ ၁၉၄၈ ခုနှစ် အခါက မွန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက် (၃) ချက်ကိုလည်း ဆက်လက်သယ်ဆောင် အထောက် ကူပြုနေမှု ရှိမရှိကိုလည်း တိုင်းတာတွက်ချက်ရန် အချိန်ခါကောင်းဖြစ်နေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုညီလာခံ၏ ဆုံးဖြတ်ချက် တစ်ခုချင်းစီတိုင်းတို့သည် လက်ရှိမွန်အမျိုသားတို့၏ နိုင်ငံရေး တောင်းဆိုမှုများနှင့် ကိုက်ညီနေခြင်းရှိမရှိကိုလည်း ဆင်ခြင်သုံးသပ်စရာများ ဖြစ်နေသည်။

မူရင်းရေးသားချက်ကိုဖတ်ရန်

Read in English.


မှတ်ချက်။ ။ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးပြုလုပ်သည့် ကာလမှ ယခုကာလ အထိအခြေအနေများကို လေ့လာသုံးသပ်နိုင်ရန်အတွက် မွန်ပြည်သစ်ပါတီဝင်၊ ပါတီဝင်ဟောင်း ဖြစ်သူများ၊ အရပ်ဖက်ဖွဲ့အစည်းများ ခေါင်းဆောင်များနှင့် မွန်သံဃာတော်တချို့တို့ကို ဆက်သွယ်မေး မြန်းထားသည်များကို အခြေခံ၍ ပြန်လည်ရေးသားတင်ပြသည်။

Related Posts:

Send this to a friend