Statement 868 Views

မြန်မာနိုင်ငံ – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်‌မှု သေချာစေရေး လုပ်ဆောင်ရန်

Featured image

(ဘန်ကောက်/ရန်ကုန်၊ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့) – မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (Myanmar National Human Rights Commission – MNHRC) အနေဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေးချိုးဖောက်မှုများအား  ဝင်ရောက် ဖြေရှင်းပေးခြင်း မရှိခဲ့သည့်အပေါ် ဖာထေးနိုင်ရန်အတွက် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများနှင့် တာဝန်ဝတ္တရားများကို မကြောက်မရွံဘဲ ထိရောက်ပိုင်နိုင်စွာဖြင့် အပြည့်အဝ ဆောင်ရွက်ရန် အခွင့်အရေး အခြေပြု အရပ်ဘက်အဖွဲ့အစည်းများမှ ယနေ့ ပြောဆိုလိုက်သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ခန့်အပ်ခဲ့သည့် MNHRC ၏ အဖွဲ့ဝင်သစ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကိုင်တွယ်လိုသော စိတ်ရင်းနှင့် စိတ်ဆန္ဒ ကင်းမဲ့နေသည်ဟု အာရှဒေသ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (Asian Forum for Human Rights and Development – FORUM-ASIA) မှ ဖွဲ့စည်းထားသော အာရှ‌‌ဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (Asia NGO Network on National Human Rights Institutions – ANNI) နှင့်အတူ မြန်မာနိုင်ငံရှိ အခွင့်အရေးအခြေပြု အရပ်ဘက်အဖွဲ့အစည်း (၂၁) ဖွဲ့တို့က  ပြောဆိုလိုက်သည်။

MNHRC အနေဖြင့် လူ့အခွင့်အရေး အားပေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတွင်သာမက ဒီမိုကရေစီအခြေခံမူများနှင့် တရားဥပ‌ဒေစိုးမိုးရေးတို့ကိုလည်း မည်သည့်အခြေအနေတွင်မဆို ခြွင်းချက်မရှိ လေးစားလိုက်နာ‌ရေး သေချာစေရန်အတွက် ပိုမိုအားကောင်းစွာ လုပ်‌ဆောင်ရန် လိုအပ်သည်” ဟု အရပ်ဘက် အဖွဲ့အစည်းများက ယနေ့ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဆိုသည်။

ပါရီအခြေခံမူများ[1] နှင့်  ကီယက်ဗ်ကြေညာစာတမ်း (Kyiv Declaration)[2] တို့တွင် ပဋိပက္ခအတွင်းနှင့် ပဋိပက္ခလွန် အခြေအနေတွင် အမျိုးသားအဆင့်လူ့အခွင့်အရေးဌာနများ (National Human Rights Institutions – NHRIs) ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ NHRI တစ်ခုဖြစ်သည့် MNHRC အနေဖြင့် မည်သူက ချိုးဖောက်သည်ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ရန်၊ မှတ်တမ်းတင်ရန်နှင့် တုံ့ပြန်ရန် တာဝန်ရှိသည် ဟုဖော်ပြထားသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားခြင်းကဲ့သို့သော ထိရှလွယ်အခြေအနေများတွင် MNHRC သည် လူ့အခွင့်အရေးဖောက်ဖျက်မှုများကို ကာကွယ်တားဆီးရေးနှင့် ကိုင်တွယ်ဖြေရှင်းမှုများ ဆောင်ရွက်သင့်ပြီး အထူးသဖြင့် ထိခိုက်အလွယ်ဆုံး၊ ဘေးဖယ်အခံရဆုံးသူများနှင့်အတူ လူနည်းစုများအပေါ် ကျူးလွန်သည့် ဖောက်ဖျက်မှုများကို တားဆီးကိုင်တွယ်ရမည် ဖြစ်သည်။

သို့သော် ယခုကဲ့သို့ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေချိန်တွင် ရှိနှင့်ပြီးသော ထိခိုက်လွယ် အခြေအနေများ ပိုမိုမြင့်တက်လာခြင်းနှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့်ပဋိပက္ခက သယ်ဆောင်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် MNHRC က နှုတ်ဆိတ်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

‘ယင်းကဲ့သို့ MNHRC ၏ လုပ်ဆောင်မှု ကင်းမဲ့နေခြင်းက ၎င်းတွင် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် နိုင်ငံရေးစိတ်ဆန္ဒနှင့် လုံလောက် သော လွတ်လပ်အမှီအခိုကင်းမှု ရှိမနေခြင်းကို  ရှင်းလင်းစွာဖော်ပြနေသည်’ ဟု ၎င်းတို့က ဆက်ဆိုသည်။

တစ်နိုင်ငံလုံးက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရချိန်တွင် မြန်မာစစ်တပ်မှ ပြင်းထန်သောထိုးစစ်ဆင်မှုများကို တိုးမြင့်လုပ်ဆောင်နေခြင်းကြောင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများနှင့် ချိုးဖောက်မှုများမှာ မြန်မာနိုင်ငံအနှံ့တွင် ဆက်လက် မြင့်တက်နေသည်။ အရပ်သား ပြည်သူများ ထိခိုက်သေကြေမှု ထိုးတက်လာခဲ့ပြီး ရပ်ရွာအသိုင်းအဝိုင်းများ အထူးသဖြင့် ပဋိပက္ခသက်‌ရောက်မှု ရှိသော ဒေသများမှ ပြည်သူများမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမှီနိုင်ဘဲ ဖြတ်တောက်ခြင်းခံနေရသည်။

ပြီးခဲ့သည့် ဧပြီလတွင် ကရင်ပြည်နယ်၌ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) က တည်ဆောက်ထားသည့် COVID-19 စစ်ဆေးရေးဂိတ်များကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။[3]  ရှမ်းပြည်နယ်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council for Shan State – RCSS) မှ စီစဉ်လုပ်ဆောင်သော COVID-19 အသိပညာပေးရေးနှင့် စောင့်ကြည့်ရေး လှုပ်ရှားမှုများကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့သည်။[4] ထိုနှစ်ဖွဲ့စလုံးသည် မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့များဖြစ်သည်။ ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ၏ ယာဉ် တိုက်ခိုက်ခံခဲ့ရပြီး ယာဉ်မောင်းတစ်ဦးသေဆုံးကာ နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထိုယာဉ်မှာ COVID-19 စမ်းသပ်နမူနာများ သယ်ဆောင်လာသော ယာဉ်ဖြစ်သည်ဟု ဆိုသည်။[5]

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (Arakan Army – AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (Ta’ang National Liberation Army – TNLA) နှင့်  မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army – MNDAA) တို့မှ မေလ ၃ ရက်နေ့တွင် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း မြန်မာစစ်တပ်မှ ထိုးစစ် ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် ၈ မြို့နယ်၌ အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားမှု ဆက်လက်ရှိနေခြင်းနှင့်အတူ မြန်မာစစ်တပ်နှင့် AA တို့အကြား ပဋိပက္ခမှာလည်း ပိုမိုပြင်းထန်လာနေသည်။[6] ရခိုင်ပြည်နယ်တွင် မတရားဖမ်းဆီးချုပ်နှောင်ထားသည့် အရပ်သားပြည်သူများကို ရိုက်နှက်နေသည့် ခြောက်ခြားဖွယ်ဗီဒီယိုတစ်ခု မကြာသေးမီက ပေါ်ထွက်လာခဲ့ပြီး ယင်းအဖြစ်အပျက်က မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုး ဖော်ပြနေသည်။[7] 

‘မြန်မာနိုင်ငံအနှံ့တွင် မြင့်တက်လာနေသည့် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးမြင့်လာခြင်းအပေါ် MNHRC မှ ကြားဝင်ဆောင်ရွက်မှု ပျက်ကွက်ခြင်းကို မိမိတို့မှ တုန်လှုပ်မိပါသည်’ ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။ ‘MNHRC အနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး (UN High Commissioner for Human Rights) မှ ဖြန့်ဝေသော NHRI များ၊ လူ့အခွင့်အ‌ရေး နှင့် COVID-19 ဆိုင်ရာ Aide Memoire တွင် NHRI များ၏ အရေးပါသည့်အခန်းကဏ္ဍကို အလေးပေးဖော်ပြထားပြီး ချန်လှပ်ခံရ နိုင်သည့် အစုအဖွဲ့များ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးရေး သေချာစေရန် လုပ်ဆောင်ရမည် ဟု ပါရှိသည်။’

ထိုအစုအဖွဲ့များထဲတွင် တနစ်တကျနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အကြမ်းဖက်မှုများကို ရင်ဆိုင် ခံစားကြရပြီး အကာအကွယ်ပေးရေးယန္တရားများကို လက်လှမ်းမမှီနေသည့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူများ (Internally Displaced Persons – IDPs)၊ ပဋိပကသက်ရောက်မှုဒဏ် ခံရသော တိုင်းရင်းသား လူမျိုးများနှင့် ဘာသာရေးလူနည်းစုများ  ပါဝင်သည်။

ဧပြီလတွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား ၂၄,၈၉၆ ဦး လွှတ်မြောက်လာခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အကြီးမားဆုံးသော လွတ်ငြိမ်းသက်သာခွင့်ဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာ ပါဝင်ခဲ့ခြင်းကြောင့် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြ ကြသည်။[8]

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅၀ ဦးမှာ ထောင်ဒဏ် ဆက်လက်ကျခံနေရပြီး အကျဉ်းထောင် အတွင်းမှနေ၍ အမှုရင်ဆိုင်နေရသည့် ထိန်းသိမ်းခံ တက်ကြွလှုပ်ရှားသူ ၁၃၇ ဦး ရှိနေသည်။ ဧပြီလတွင် အကျဉ်းထောင်အတွင်းနှင့် ပြင်ပမှ တရားရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဥ်းသားဦးရေ ၅၈၇ ဦး ရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများမှ မှတ်တမ်းတင်ထားပြီး ထိုအရေအတွက်မှာ ဆက်လက် တိုးမြင့်လာနေသည်။[9]

COVID-19 ကပ်ရောဂါကာလအတွင်း လွတ်လပ်မှု ဆုံးရှုံးနေသူများ ရင်ဆိုင်ရသည့် အန္တရာယ် အခက်အခဲများကို ဖော်ထုတ်ရာတွင်လည်းကောင်း၊ လျော့ပါးသက်သာရေး အစီအမံများအတွက် စည်းရုံး လှုံ့ဆော်ရာတွင်လည်းကောင်း NHRI များသည် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေသည်ဖြစ်ရာ MNHRC အနေဖြင့် အကျဉ်းသားအများအပြား လွှတ်ပေးမှုကို ကြိုဆိုသည့်တစ်ချိန်တည်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးကိုလည်း တောင်းဆိုသင့်သည်။

MNHRC သည် အဘက်ဘက်မှ ပြင်းထန်သောဝေဖန်မှုများ ခံနေရပြီး အထူးသဖြင့် ၎င်း၏ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု ချို့တဲ့နေခြင်းအပေါ် ‌‌‌‌‌ဝေဖန်ခံနေရသည်။ သို့ဖြစ်ရာ ယခုအချိန်သည် MNHRC အနေဖြင့် ၎င်း၏ စွမ်းဆောင်ရည်နှင့် အထူးသဖြင့် ချိုးဖောက်မှုများနှင့် ဖောက်ဖျက်မှုများ ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ဖြစ်ပေါ်စေမည့် သက်ရောက်မှု သို့မဟုတ် စွမ်းဆောင်နိုင်မှုကို ဖော်ပြခြင်းမှတစ်ဆင့် ၎င်း၏ တရားဝင်မှုကို သက်သေပြရမည့်အချိန်ဖြစ်သည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –

  • အောင်မျိုးမင်း၊ ညီမျှခြင်း-မြန်မာ၊ +၉၅ (၀) ၉၄ ၄၈၀ ၁၅၃၀၆, [email protected]
  • အောင်ဇော်ဦး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ +၉၅ (၀) ၉၄ ၂၁၀ ၃၉၄၉၃၊ [email protected]
  • လွေးပိုးကေမဲ့ခြိူဝ်း၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ +၉၅ (၀) ၉၂ ၅၆၁ ၂၈၅၈၂၊ [email protected]
  • Rin Fujimatsu, Progressive Voice, +66 (0) 83 551 1446, [email protected]
  • Shanna Priangka Ramadhanti, ANNI Secretariat, [email protected]

ဤပူးတွဲထုတ်ပြန်‌ကြေညာချက်ကို ပူးတွဲထုတ်ပြန်သည့်အဖွဲ့များမှာ –

၁။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)

၂။ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)

၃။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)

၄။ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)

၅။ ညီမျှခြင်း-မြန်မာ (EQMM)

၆။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၇။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)

၈။‌ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း (AAPP)

၉။ မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM)

၁၀။ မျိုးဆက်လှိုင်း (GW)

၁၁။ မြန်မာအရေးလေ့လာသူများအဖွဲ့ (BM)

၁၂။ ရှေ့ပြေးအသံအဖွဲ့ (PV)

၁၃။ လောကအလင်း (Loka Ahlinn)

၁၄။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)

၁၅။ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)

၁၆။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၁၇။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၁၈။ Asian NGOs Network on National Human Rights Institutions (ANNI)

၁၉။ Metta Campaign – Mandalay

၂၀။ Myanmar People Alliance (Shan State)

၂၁။ Synergy (Social Harmony Organization)

၂၂။ The Seagull: Human Rights, Peace & Development

ပူးတွဲထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာ ဖြင့်ရယူရန်

ပူးတွဲထုတ်ပြန်ချက်ကို မြန်မာဘာသာ ဖြင့်ရယူရန်။

အာရှ‌‌ဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်အကြောင်း

ANNI ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် တည်ထောင်ခဲ့ပါသည်။ ၎င်းသည် အမျိုးသားလူ့အခွင့်အရေး ဌာနများဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေသော အာရှဒေသ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် မြှင့်တင်နေသည့်အဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုဖြစ်သည်။ ANNI တွင် အာရှဒေသတစ်ဝှမ်းရှိ နိုင်ငံများမှ အဖွဲ့အစည်းများ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ယခုလက်ရှိ နိုင်ငံ သို့မဟုတ် ဒေသပေါင်း ၂၁ ခုမှ အဖွဲ့ဝင်အဖွဲ့အစည်း ၃၀ ကျော် ရှိပါသည်။ ANNI သည် အာရှဒေသ အမျိုးသား လူ့အခွင့်အရေးဌာနများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းတို့ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုနှင့် လည်ပတ်မှုတို့ အားကောင်းလာစေရန် အားပေးမြှင့်တင်ခြင်းနှင့် လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါရီအခြေခံမူများနှင့် ကမ္ဘာလုံး ဆိုင်ရာ အမျိုးသားလူ့အခွင့်အရေး ဌာနများ မဟာမိတ်အဖွဲ့ – အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (Global Alliance of National Human Rights Institution Sub – Committee on Accreditation – GANHRI-SCA) ၏ အထွေထွေသုံးသပ်လေ့လာချက်များအပါအဝင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိရှိ လိုက်နာ ဆောင်ရွက်လာ စေရန် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ခြင်းတို့ကို အဓိကထား လုပ်ဆောင်သည်။ https://www.forum-asia.org/?page_id=19132&nhri=1

[1] The Paris Principles (“Principles Relating to the Status of National Human Rights Institutions”) set out the minimum standards required by national human rights institutions to be considered credible and to operate effectively.

[2] https://www.asiapacificforum.net/resources/kyiv-declaration/

[3]http://karennews.org/2020/05/burma-army-burns-knu-covid-19-screening-posts-pandemic-causes-peace-process-further-fractures/?fbclid=IwAR3fLbnViqVN8G_6wHzhsxfF3yWIpdFaaOQx_WaPfRqTzLxDApvC4SxFUzA

[4] https://www.bnionline.net/en/news/burma-army-attacks-rcss-while-shan-medics-perform-covid-19-wellness-checks

[5] https://www.aljazeera.com/news/2020/04/attack-vehicle-killed-myanmar-driver-condemned-200422011858564.html

[6] https://www.forum-asia.org/?p=3137

[7] https://www.rfa.org/english/news/myanmar/unlawful-interrogation-05122020184850.html

[8] https://www.irrawaddy.com/news/burma/myanmar-presidential-pardon-condemned-exclusion-political-prisoners.html

[9] https://aappb.org/2020/05/aapps-monthly-chronology-of-april-2020-and-current-political-prisoners-list/