ပိုးလမ်းမစိတ်ဓာတ်ကို ဈေးကွက်တင်ခြင်း – မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ခါးပတ်လမ်းစီမံကိန်း

ဤသုံးသပ်ချက်အစီရင်ခံစာအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ခါးပတ်လမ်း (BRI) ဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင် ရာတွင် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပါသည်။ ရံဖန်ရံခါတွင် BRI ကို သမ္မတရှီကျင်ဖျင်၏ ခမ်းနားကြီး ကျယ်သည့် ဗျူဟာတခု- ဗဟိုမှသေချာအစီအစဉ်ရေးဆွဲကာ ထို့နောက် လိုက်နာပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှလုပ်ဆောင်ကြသည့် ပုံစံဖြင့် ပြောဆိုကြသည်။ နိုင်ငံပေါင်း ၁၃၆ နိုင်ငံ မှ တရုတ်တို့၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံ လက်ခံရရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ထရီလီယံ ရှိသည်။ ထိုကြောင့် BRI သည် အင်အားကြီးမားစွာ ပေါင်းစပ်စုစည်းသွားမည့် တားဆီးရှောင်လွှဲ၍မရနိုင်သော စီမံကိန်းကြီး အသွင်ဆောင်နေပေသည်။ သို့သော် ယခုအစီရင်ခံစာအနေဖြင့် နိုင်ငံရေးဘောဂဗေဒအခြေခံသုံးသပ်ချက်များအသုံးပြုကာ BRI သည် ခမ်းနား ကြီးကျယ်လှသည့် မဟာဗျူဟာမဟုတ်ပဲ အမှန်တကယ်တွင် တရုတ်နိုင်ငံ၏ အရင်းရှင် စနစ်အကြပ် အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားသည့် လျော့ရဲကျယ်ပြန့်လှသည့် လုပ်ငန်းများနှင့် တည်ဆောက်ထားသည့် မူဘောင်တစ်ခု သာဖြစ်သည်ဟု သုံးသပ်ထားပါသည်။ မြန်မာနိုင်ငံတွင်းရှိ BRI စီမံကိန်း ၄ခုကို တရုတ်ဘာသာစကားအသုံးပြုထားသည့် သတင်းအရင်းအမြစ်များကိုသုံးကာ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့် ယူနန်ပြည်နယ်အစိုးရတို့အနေဖြင့် တရုတ်ဗဟိုအစိုးရ၏ အထောက်အပံ့ဖြင့် ထိုစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ စည်းရုံးသိမ်းသွင်းမှုများ ဆောင်ရွက်သည်ကို လေ့လာမှုပြုထားပါသည်။

အဓိကအချက်များ

• ခမ်းနားကြီးကျယ်သည့် ဗျူဟာတစ်ခုဟုထင်ရသည့် BRI သည် လက်တွေ့တွင် တရုတ်နိုင်ငံ၏ အရင်းရှင်စနစ်အကြပ် အတည်းကိုဖြေရှင်းရန်ရည်ရွယ်သော ကျယ်ပြန့်လျော့ရဲသည့် စီမံမှုပုံစံဖြင့် လုပ်ငန်းစဉ်များဖြစ်နေသည်။ မည်သည့်လုပ်ငန်းကို မည်သူက ဘယ်နေရာတွင် လုပ်သည်ဖြစ်ပစေ BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ “BRI စီမံကိန်း” ဟု သတ်မှတ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှု နှင့် အကျိုးအမြတ်ပိုရယူရန်အတွက် ၎င်းတို့၏ စီမံကိန်းများကို BRI ခေါင်းစဉ်ဖြင့် မြင့်တင်ရန် ကြိုးပမ်းခဲ့ကြသည်။ တဖက်တွင်လည်း ဗဟိုအစိုးရနေဖြင့် လိုအပ်သလို နိုင်ငံရေးအရထောက်ပံ့ပေးသည့်အ ခန်းကဏ္ဍ ပေးကာ လုပ်ဆောင်မှုအပေါ် ဦးဆောင်မှုနှင့်ထိန်းချုပ်မှု ပေးသည့်ပုံသဏ္ဌာန် ဆက်ထိန်းထားသည်။ သို့သော် ထိုကဲ့သို့ကျယ်ပြန့်သောမူဘောင်နှင့်များပြားလှသော ဇာတ်ကောင် များပါဝင်နေသောကြောင့် တရုတ်နိုင်ငံအစိုးရအနေဖြင့် BRI လုပ်ငန်းစဉ်များအပေါ် ထိရောက်စွာအုပ်ချုပ်နိုင်ရန် စိန်ခေါ်မှုရှိနေသည်။

• ၎င်းသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးအခွင့်အလမ်းမြှင့်တင်ရန်အတွက် ဖော်ထုတ်ထား သည့် နောက်ဆုံးမူဘောင်တစ်ခုလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်များအစပိုင်း အရပ်သားတစ်ပိုင်းအစိုးရလက်ထက် မြန်မာ နိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေးစနစ်အသစ်သို့ကူးပြောင်းခဲ့ကာ မြစ်ဆုံရေကာတာစီမံကိန်းကြီးကိုလည်း ရပ်ဆိုင်းခဲ့ပြီးနောက် ကာလတွင် တရုတ်ကုမ္ပဏီများအနေဖြင့် စီမံကိန်းများအကောင်အထည်ဖော်ခွင့်ရရန် ယှဉ်ပြိုင်မှုပြင်းထန်လာကာ တရုတ်အစိုးရအား စိတ်အနှောက် အယှက် ဖြစ်စေခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးအခင်းကြောင့် မြန်မာနိုင်ငံနှင့်နိုင်ငံတကာအသိုင်းအဝန်းကြားဆက်ဆံရေး အက်ကြောင်းဖြစ်လာသောအခါ တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အနေဖြင့် ပိုနီးကပ်သော ဆက်ဆံရေးတည်ဆောက်ရန်အခွင့်အရေးပေါ်လာသည်။ထို့နောက် တရုတ်အစိုးရမှ မြန်မာနိုင်ငံ အတွင်းရှိ ပဋိပက္ခများကို စီးပွားရေးလမ်းကြောင်းဖြင့်ဖြေရှင်းရန် BRIကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှတဆင့် ဖော်ဆောင်ရန်လုပ်ဆောင်လာပါသည်။ တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ယူနန်ပြည်နယ်အတွက်လည်း CMEC မူဘောင်အောက်တွင် ဆန္ဒရှိသော စီမံကိန်းများကို ပြန်လည်စတင်နိုင်သည့် အနေအထားဖြစ်လာသည်။ သို့သော် ထိုစီမံကိန်း များသည် ယခင်တရုတ်ရင်းနှီးမြှုပ်နှံမှုများနည်းတူ စိန်ခေါ်မှုနှင့် ဝေဖန်မှုများကြုံတွေ့ရကာ ရှေ့ဆက်ရန်နှေးကွေးနေသည်။

• CMEC တွင် မည်ကဲ့သို့ လုပ်ငန်းများပါဝင်မည် ရှင်းလင်းမှုမရှိသော်လည်း BRI တံဆိပ်တပ်ကာ မြောက်မြားလှသော လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေပြီဖြစ်သည်။ စီမံကိန်း ၄ခုကို တရုတ်သတင်းအရင်းအမြစ်များသုံး၍ သေချာစွာဆန်းစစ်ကြည့်သောအခါ တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ပြည်နယ်အစိုးရများအနေဖြင့် စီမံကိန်းများ လုပ်ခွင့်ရရန် ချည်းကပ်စည်းရုံးမှုအတော်များများလုပ်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ၁) မြန်မာ-တရုတ်နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းစီမံကိန်း၊ ၂) တရုတ်-မြန်မာမြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း၊ ၃) တရုတ်-မြန်မာ ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်ရေး လမ်းကြောင်းစီမံကိန်း၊ ၄) အထူးစီးပွားရေးဇုန်စီမံကိန်းများနှင့် သက်ဆိုင်၍ ဖြစ်သည်။ ထိုစည်းရုံးမှုများအတွက် ဗဟိုအစိုးရကလည်း ပံ့ပိုးသည့်နေရာမှ ပါဝင်ခဲ့သည်။ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အဓိပ္ပယ်ပြည့်ဝသော ဆွေးနွေးတိုင်ပင်မှုမရှိခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှု မသေချာခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများရှိနိုင်ခြင်းစသည်တို့ကိုလည်း အဆိုပါစီမံကိန်းများက မီးမှောင်းထိုးပြနေခဲ့သည်။ ထိုစီမံကိန်းအားလုံးတွင် တန်ဖိုးမြင့်ရင်းနှီးမြှုပ်နှံမှုတို့အတွက် လုံခြုံရေးတည်ဆောက်ရသော လိုအပ်ချက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုရိုက်ခတ်နေသည်သာမက၊ ပဋိပက္ခများကလည်း ရင်းနှီးမြှုပ်နှံမှုပုံသဏ္ဌာန်များ အပေါ်သက်ရောက် နေပါလိမ့်မည်။

• ကြိုတင်စီစဉ်ရေးဆွဲထားသည့် စီမံကိန်းသဘောထက် ကျယ်ပြန့်သော လုပ်ငန်းအမျိုးမျိုးတို့ ခြုံငုံထားသည့် မူဘောင်များဖြစ်နေသောကြောင့် မြန်မာအစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်းရှိ BRI စီမံကိန်း များအပေါ်တွင် လွှမ်းမိုးနိုင်ပါသည်။ မြန်မာအစိုးရအနေဖြင့် ထိုကဲ့သို့သော အခြေအနေသည် ဖြစ်နိုင်သည်ကို မူဆယ်-မန္တလေးမီးရထားလမ်းစီမံကိန်းအတွက် တင်ဒါခေါ်ရန် တောင်းဆိုခဲ့သည်ကိုကြည့်နိုင်သည်။ အခြားနိုင်ငံမှ အရပ်ဘက်အဖွဲ့ အစည်းများအနေဖြင့်လည်း ၎င်းတို့နိုင်ငံတွင်း ဆိုးကျိုးသက်ရောက်နိုင်သည့် စီမံကိန်းများကို ရေရှည်အကျိုးမရှိခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှုမရှိခြင်းစသည့် အကြောင်းပြချက်များဖြင့် တရုတ်ဘဏ်များနှင့် သက်ဆိုင်ရာအစိုးရဌာန များအား မီးမှောင်းထိုးပြကာ ရပ်တန့်ရန်ဆောင်ရွက်နိုင်ခဲ့သည်။

• မြန်မာနိုင်ငံ၏ လက်ရှိအချိန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံများကို ထိန်းကြောင်းနေသည့် ဥပဒေနှင့် ပေါ်လစီမူဘောင်များသည် အားနည်းနေသေးကာ ဒေသခံများထက် စီးပွားရေးလုပ်ငန်းများကို ပိုအကျိုးပြုနေပါသည်။ ဥပမာအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်နေသော သဘာဝသယံဇာတများသည် တိုင်းရင်းသားဒေသများတွင် ရှိသော်လည်း လက်ရှိမြေနှင့်ဆိုင်သောဥပဒေများသည် တိုင်းရင်းသားဓလေ့ထုံးတမ်းမြေယာအသုံးပြုမှုစနစ်များကို အသိအမှတ်ပြုခြင်းမရှိနေပါ။ ဒေသခံများနှင့် စနစ်တကျတိုင်ပင်ဆွေးနွေးရန်အစိုးရ၏ လမ်းညွှန်ချက်များ၊ ပတ်ဝန်းကျင် ဆိုင်ရာစံနှုန်းများ၊ လျော်ကြေးပေးခြင်းဆိုင်ရာဖြစ်စဉ်များ စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သော အစိုးရ၏ စီမံအုပ်ချုပ်သည် လုံလောက်မှု လုံး၀ မရှိပါ။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအနေဖြင့် ဒေသခံများ၏ ဆန့်ကျင်မှု မကြာခဏကြုံတွေ့ရပါသည်။

• BRI စီမံကိန်းအများစုသည် ပဋိပက္ခဒဏ်ခံရသည့်ဒေသတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ ထိုဒေသများသည် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံ သို့မဟုတ် လူ့အသိုင်းအဝန်းကြားပဋိပက္ခဒဏ်ခံဒေသများဖြစ်နေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လက်ရှိပဋိပက္ခများအပေါ်ဆိုးကျိုးသက်ရောက်မှုမရှိရန်အတွက် အလွန်အရေးကြီး ပါသည်။ စီမံကိန်းများအား ကာကွယ်ရန်အတွက် စစ်အင်အားတိုးချဲ့ခြင်း မပြုလုပ်သင့်သကဲ့သို့ လက်ရှိဖြစ်နေသော ပဋိပက္ခများအား ပိုဆိုးရွားစေခြင်း သို့မဟုတ် အသစ်သော ပဋိပက္ခများဖန်တီးခြင်း မပြုလုပ်သင့်ပါ။

သုံးသပ်ချက်အပြည့်အစုံကို PDF ဖြင့်ရယူပါ။

View this in English.

Related Posts:

Send this to a friend