လူ့အခွင့်အရေးကော်မရှင် အသစ်ဖွဲ့စည်းမှု အရပ်ဘက်အဖွဲ့တွေ အားမရ

14 January 2020

လူ့အခွင့်အရေးကော်မရှင် အသစ်ဖွဲ့စည်းမှု အရပ်ဘက်အဖွဲ့တွေ အားမရ

အရင်ကရှိထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး၊ တိုးချဲ့ထားတဲ့ အဖွဲ့ဝင် သစ်တွေနဲ့ ထပ်မံဖွဲ့စည်းခဲ့ကြောင်း အစိုးရက ဇန်နဝါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အရင်ကော်မရှင်ထဲမှာ ၁ဝ ဦးပါရှိပြီး၊ အခု အသစ်ဖွဲ့လိုက်တဲ့ ကော်မရှင်ထဲမှာ ၁၁ ဦးပါဝင်တာ တွေ့ရပါတယ်။ ဒီအထဲမှာ ကိုးဦးက တာဝန်ကနေ အငြိမ်းစားယူထားသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေးကော်မရှင်အသစ်အပေါ် ဝေဖန်မှုတွေ မြင့်တက် လာနေတာပါ။

ကော်မရှင်အသစ်နဲ့ ပတ်သက်ပြီး အားရမှုမရှိဘူးလို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ထောက်ပြဝေဖန်နေ ကြပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက …“ကော်မရှင်အဟောင်းနေရာမှာ ကော်မရှင်အသစ် ၁၁ ဦးသာ ပြောင်းသွားပေမယ့် တော်တော်များများက ကျနော်တို့ စိုးရိမ် ပူပန်တဲ့ အစိုးရဝန်ကြီးဌာနက ဝန်ထမ်းဟောင်းတွေသာ ဖြစ်နေတယ်။ ကော်မရှင်အသစ်ဖွဲ့တာလား။ ဒါမှမဟုတ်လို့ရှိရင် အစိုးရပင်စင်စားများ ပြန်လည်စုစည်းသော ကော်မရှင်ဖြစ်နေ သလား။ ဒါကို ကျနော်တို့ သိပ်ပြီး အားမရဘူးခင်ဗျ” လို့
ပြောပါတယ်။

အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကလည်း “အထူးသဖြင့် လူ့အခွင့်အရေးကော်မရှင်ကို စဉ်းစားတဲ့နေရာမှာ အရင်တုန်းက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သမိုင်းကောင်း ကြောင်းရှိခဲ့တဲ့သူတွေဖြစ်ဖို့ လိုအပ်တယ်။ နောက်တခုက လူ့အခွင့်အရေးကို အမှန်တကယ် နားလည် ယုံကြည်ကျင့်သုံးနေ တဲ့သူတွေ ဖြစ်ဖို့လိုအပ်တယ်။ ဒါပေမဲ့ အခုလက်ရှိ ထွက်လာတဲ့ စာရင်းက ကျတော့ အဲ့လိုလူမျိုးတွေမဟုတ်ဘဲနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တလုံးမှ ဖွင့်ဟပြောဆိုခဲ့တာမျိုး မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ရပ်တည်ဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့သူတွေ ဒီလူ့အခွင့်အရေးကော်မရှင်မှာ ပါလာတာ တွေ့ရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အသံကို ကိုယ်စားပြုနိုင်မယ့်သူ တဦးတယောက်ကိုမှလည်း ထည့်သွင်းထားတာ မတွေ့ရဘူး။ အဲဒီအတွက် ကျနော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်အသစ်အပေါ်မှာ စိတ်ပျက်မိတယ်”လို့ ပြောပါတယ်။

အရင်လူ့အခွင့်အရေးကော်မရှင်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေအပေါ် ကာကွယ်ပေးဖို့ ပျက်ကွက်နေတာကြောင့် လွတ်လပ်ပြီး ထိရောက်တဲ့ အဖွဲ့တဖွဲ့ ဖြစ်လာအောင် ပြင်ဆင်ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့ပေါင်း ၂ဝ က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ တောင်းဆိုခဲ့ကြတာပါ။ သမ္မတအနေနဲ့လည်း ကော်မရှင်အဖွဲ့ဝင်တွေကို ခန့်အပ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အများသိအောင် ကြေညာပေးရမယ်လို့ ဒီအဖွဲ့တွေက အကြံပြုထားပါတယ်။

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြတာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်တယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးယုလွင်အောင် က … “မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အားလုံး တိုးတက်အောင်တော့ ဒီကော်မရှင်ကြီး တခုတည်းနဲ့တော့ မရဘူးခင်ဗျ။ ဒီကော်မရှင်က အကြံပြုတဲ့ဟာကို ဒီကော်မရှင်ကို ကျန်တဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေ၊ ကျန်တဲ့အစိုးရ အဖွဲ့တွေကနေပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်ခင်ဗျာ။ အကုန်လုံး ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင် တိုင်းပြည်တပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှာပါ” လို့ ဆိုပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ဥပဒေပိုင်းဆိုင်ရာနဲ့ အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေက မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ရာမှာ အတားအဆီးတွေ ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

“ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်လို့ ပြောချင်ပါတယ်။ အဲဒီ ဥပဒေထဲမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို အားနည်းအောင်ဖန်တီး ထားတဲ့ တချို့သောအချက်တွေရှိတယ်။ အထူးသဖြင့် အကျဉ်း ထောင်တွေ၊ အချုပ်တွေကို သွားပြီး စုံစမ်းမယ်ဆိုရင် တခါတလေ အကျဉ်းထောင်ထဲမှာ ဖြစ်နေသော အကျဉ်းသား ခံစားနေရတာကို အမှန်အတိုင်းတွေ့ဖို့အတွက် အခက်အခဲ အကန့်အသတ်တခု ဖြစ်တယ်။ နောက်ထပ်တခုက ဝန်ကြီးဌာန အစိုးရဌာနတွေနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ တောင်းခံတဲ့အခါမှာ ဝန်ကြီးဌာနက ထိပ်တန်း လျှို့ဝှက်ချက်လို့ သတ်မှတ်လို့ရှိရင် ဒီအချက်တွေ တောင်းပိုင်ခွင့်မရှိဘူး။ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ ကော်မရှင်ကနေ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ချိုးဖောက်မှုဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပါလို့ ပြောရင် အစိုးရ ဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုရမှပဲ လုပ်နိုင်တယ်။ မဖြစ်မနေတောင်းရမယ်ဆိုတဲ့အချက်မရှိဘူး။ ဒီဟာတွေက အဓိကအားနည်းချက်ဖြစ်နေတယ်”

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်း ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ဆက်ပြီး ဖြစ်နေဆဲပဲလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေတာ ဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော် ပြောဆိုသူတွေကို တပ်မတော်အပါအဝင် အာဏာပိုင်အဖွဲ့တွေက တရားစွဲဆိုနေတာတွေကိုလည်း ပြည်တွင်း-ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။


View the original post by RFA

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia