ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်၏ ရာဇဝတ်မှုများအပေါ် အမှန်တရား ဖော်ဆောင်ခြင်းမရှိ

ရက်စွဲ။ ။ ၇ ဇန်နဝါရီလ ၂၀၂၀

ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ တရားရေး စနစ်ကို သူက ရှင်းလင်းပြတ်သားစွာ ကာကွယ်ခဲ့ပြီး “မြန်မာနိုင်ငံ ကာကွယ်ရေး တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပါက သူတို့ဟာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ ကျွန်မတို့ရဲ့ စစ်ဘက်ဆိုင်ရာ တရားရေး စနစ်မှ တဆင့် အရေးယူခြင်းခံရမည်” ပြောခဲ့သည်။

မိမိတို့နှင့် အမြင်ချင်းမတူညီပါ။

ဤရှင်းလင်းချက်စာတမ်းတွင် မကြာသေးမီအချိန်ဖြစ်သော ယခုနှစ်အတွင်း မတ်လနှင့် သြဂုတ်လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး တရားမျှတမှု ရရှိခြင်း မရှိသေးသော မြန်မာ့တပ်မတော်၏ နှိပ်စက်ညှင်းပမ်းမှု၊ သတ်ဖြတ်မှုနှင့် အရပ်ဘက်ပစ်မှတ်များကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကို စုစည်းတင်ပြထားသည်။

သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော နှိပ်စက်ညှင်းပမ်းမှု ဖြစ်ရပ်တွင် အသက် ၅၈ နှစ်အရွယ် ဆွံ့အ နားမကြား လယ်သမားတစ်ဦးသည် သူ၏ ရွာတွင် ဖမ်းဆီးခံခဲ့ရပြီး မြန်မာ့တပ်မတော် အမှတ် (၈၈) ခြေမြန်တပ်မ မှ တပ်ဖွဲ့ဝင်များက မေးမြန်းစစ်ဆေးခဲ့သောအခါ သူ့အနေဖြင့် ဖြေဆိုနိုင်ခြင်း မရှိသောကြောင့် ရိုက်နှက်ခံခဲ့ရသည်။ သူ့ကို တင့်ကားထဲတွင် ကြိုးဖြင့် ချည်ထားခဲ့ပြီး နှစ်ရက်ကြာအောင် လျောက်ပတ်မောင်းနှင်ခဲ့သည်။ ထို့နောက်တွင် ကွတ်ခိုင်ရှိ ခြေလျင်တပ်ရင်း အမှတ် (၄၅) တွင် ခြောက်ရက်ကြာအောင် ထိန်းသိမ်းထားခဲ့သည်။

လူသိများသော ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် အမျိုးသမီး နှစ်ဦးနှင့် ကလေးသုံးဦး သေဆုံးခဲ့သည့် ကွတ်ခိုင်မြို့ မော်ဟစ် ရပ်ကွက် လက်နက်ကြီး ပစ်ခတ်မှုတွင် မျက်မြင်သက်သေများ အားလုံးက သူတို့၏ ရပ်ကွက်တွင် မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးများကို မြန်မာ့တပ်မတော် တပ်ရင်း ၄၅ စခန်းမှ ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ရွာသားများမှာ တိုင်ကြားရန် သို့မဟုတ် တရားစွဲဆိုရန်အတွက် စစ်တပ်အား အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြသည်။ မြန်မာ့တပ်မတော်က အရေးယူဆောင်ရွက်ခဲ့သော တစ်ခုတည်းသော ဖြစ်ရပ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက် ညတွင် ဖြစ်ပွားခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဒေါ်နန်ထန်အား သတ်ဖြတ်ခဲ့မှုဖြစ်သည်။ ယင်းဖြစ်ရပ်တွင် အထောက်အထားအားလုံးက သူမ၏ ရွာကို ထိုနေ့က ရောက်ရှိလာသော ခြေလျင်တပ်ရင်း ၂၆၁ မှ စစ်သားများအား ညွန်ပြလျက်ရှိခဲ့သည်။ သို့ရာတွင် စစ်တပ်က ရဲများ၏ ပါဝင်မှုကို ပိတ်ပင်ထားပြီး သူတို့၏ စစ်သားအား ကာကွယ်ရန် ကြိုးပမ်းခဲ့သည်။

ယင်းသည် ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ၁၉ ရက် ည ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကချင်ဆရာမနှစ်ဦးအား သတ်ဖြတ်မှုနှင့် အလွန်ပင် ဆင်တူသည်။ ယင်းအဖြစ်အပျက်တွင် အထောက်အထားများက သူတို့၏ ရွာသို့ မကြာမီက ရောက်ရှိလာသော ခြေမြန်တပ်ရင်း ၅၀၃ ကို ရှင်းလင်းစွာ ညွန်ပြလျက်ရှိသော်လည်း ယနေ့တိုင် အမှန်တရားမှာ တိမ်မြုပ်နေဆဲ ဖြစ်သည့်။ ဆေးဝန်ထမ်းများအား ရင်ခွဲ စစ်ဆေးမှု အထောက်အထားများကို ထုတ်ဖော်ခြင်းမပြုရန်အတွက် စစ်တပ်က ခြိမ်းခြောက်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် စစ်တပ်၏ ပါဝင်ပတ်သက်မှုကို ပြောဆိုသောမည်သူကိုမဆို တရားစွဲဆိုမည်ဟု လူသိထင်ရှား ခြိမ်းခြောက်ခဲ့သည်။ ယနေ့ထက်တိုင် မုဒိန်းကျင့် သတ်ဖြတ်မှုကိုသာမက အပြင်းအထန် နှိပ်စက်ညှင်းပမ်းပြီး ခန္ဒာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရသည့် ဆရာမနှစ်ဦးအပေါ် ဆိုးရွား ထိတ်လန့်ဖွယ် ရာဇဝတ်မှုကို ကျူူးလွန်သူများသည် အရေးယူခံရခြင်းမှ လုံး၀ ဥဿုံပင် ကင်းလွတ်လျက်ရှိနေသည်။

မြန်မာ စစ်တပ်၏ တရားရေး စနစ်အောက်တွင် အမှန်တရားကို ဖော်ဆောင်ခြင်းမရှိသည်ကို ရှင်းလင်းစွာ မြင်ရသည်။ တချိန်တည်းမှာပင် စစ်တပ်အား ကြောက်ရွံ့နေမှုသည် အရပ်ဘက် တရားရေး စနစ်ကို အလုပ်မဖြစ်အောင် တားဆီးလျက်ရှိသည်။ စစ်တပ်အပေါ် စွပ်စွဲထားသော အမှုများကို ရှေ့နေများက လက်ခံရန် ကြောက်ရွံ့ကြပြီး ရှားရှားပါးပါး လက်ခံခဲ့သည့်အခါများတွင်ပင် အမှုများမှာ ပယ်ဖျက်ခံရသည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် မြန်မာတပ်မတော်၏ ဖမ်းဆီးခြင်း၊ လိင်ဆိုင်ရာ ကျူးလွန်စော်ကားခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံရသည့် အသက် ၂၈ နှစ်အရွယ် ဆွမ်လွတ်ရွယ်ဂျာ၏ အမှုတွင် တရားလွှတ်တော်က “အထောက်အထားခိုင်လုံမှုမရှိ” ဟုဆိုကာ ပယ်ချခဲ့သည်။ 

တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်၏ ဆက်လက် ကျူးကျော်တိုးချဲ့မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်တွင် ရရှိထားသော သူတို့၏ လုပ်ပိုင်ခွင့်အာဏာတို့သည် မြန်မာနိုင်ငံတွင် တရားမျှတမှုအပေါ် အဓိက စိမ်ခေါ်ချက်များ ဖြစ်သည်။

သို့ဖြစ်ရာ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံသည် အရပ်သားများ၏ အသက်နှင့်ဘဝများ လုံခြုံမှု ရှိစေရန်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူအားလုံးအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အာမခံသော ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပေါ်ပေါက်လာစေရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေး စေ့စပ်ညှိုနှိုင်းမှုများ စတင်နိုင်စေရန် နိုင်ငံတဝှမ်းတွင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများရပ်တန့်ပြီး တိုင်းရင်းသားဒေသများမှ တပ်ဖွဲ့များအားလုံး ပြန်လည် ရုတ်သိမ်းရန် မြန်မာ့တပ်မတော်အား အရေးတကြီး တောင်းဆိုလိုက်သည်။

 

ပိုမိုသိရှိလိုပါက

  • မွန်းနေလီ +၆၆ (ဝ) ၈၅၅–၂၃၃–၇၉၁
  • ဆန်ထွယ် +၉၅ (ဝ) ၉၄၂ ၃၀၇၆၆၂၅

Press release in English.

Related Posts:

Send this to a friend