“ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက်မဟုတ်”- တရားဝင်မှုရှိသည့်အမျိုးသားမြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်ပုံဖော်ခြင်း

အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။

လမ်းပြမြေပုံအား မြန်မြန်ဆန်ဆန်နှင့် အပေါ်ယံဆန်သည့်ပုံစံပုံဖော်ကာ စီးပွားရေးရလဒ်အသားပေးသည့် ပြဌာန်းချက်များဖြင့် အမျိုးသားမြေဥပဒေအသစ်အဖြစ်အဆုံးသတ်မည်လော? သို့မဟုတ်သေချာ အချိန်ယူကာကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်သည့်ဖြစ်စဉ်ဖော်ဆောင်ပြီး အချို့သောအခြေအနေများနှင့် ပေါင်းစပ်ကာ လူမှုတရား မျှတမှုရှိသည့်ရလဒ်ဖြစ်ပေါ်နိုင်ခြေသို့ဉီးတည်မည်လော? ကောင်းမွန်သည့် ရလဒ် လိုလားလျင် ကောင်းမွန်သည့် ဖြစ်စဉ် တစ်ခုလိုအပ်ပါသည်။ မြန်မာနိုင်ငံအနေအထား နှင့်ဆိုရလျင် ကောင်းမွန်သည့် အမျိုးသားမြေဥပဒေပြုလုပ်သည့် ဖြစ်စဉ်တစ်ခုတည်း မလုံလောက်ပါ။ အခြားပြောင်းလဲမှုများနှင့် အတူယှဉ်တွဲဆောင်ရွက်ရန် လိုအပ်ပါသည်။ တရားမျှတမှုကင်းမဲ့ခြင်း၊ ယုံကြည်မှုမရှိခြင်း စသည်တို့အားကျော်လွှားလိုသည့် မျှော်လင့် ချက်ရှိပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် တရားမျှတမှုရရှိစေနိုင်မည့် ပို၍ရှည်လျားသော မြေယာပြုပြင်ပြောင်းလဲမှုလမ်းကြောင်း ပေါ်သို့ရောက်နိုင်ရန် လမ်းသစ်တစ်ခုစတင်ဖောက်ရန်အတွက် ထိုပြောင်းလဲမှုများ လိုအပ်နေပါ သည်။

နိဒန်း

ခုနှစ် ၂၀၁၉ ကုန်ခါနီးအချိန်တွင် မြန်မာနိုင်ငံ၏ မြေယာဆိုင်ရာ အခွင့်အရေးလှုပ်ရှားမှု နှင့်ဆိုင်သော အရေးပါသော အပြောင်းအလဲအသစ်တစ်ခုဖြစ်ပေါ်လာပါသည်။ ၂၀၁၉၊ ဒီဇင်ဘာလ ၁၈-၁၉ တွင် ပြည်ထောင်စုအစိုးရမှ အမျိုးသားမြေဥပဒေသစ်ရေးဆွဲပြုစုနိုင်ရန် တရားဝင်လုပ်ငန်းစဉ် သို့မဟုတ် လမ်းပြမြေပုံရေးဆွဲရန်အတွက် နေပြည်တော်တွင်ဆွေးနွေးပွဲ တစ်ခု ကျင်းပမည်ဟု သိရပါသည်။

ဥပဒေသစ်တည်ဆောက်ပုံနှင့် ပါဝင်မည့်အချက်များသည် မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံကို ပြည်ထောင်စုအစိုးရမှမြေယာအခွင့်အရေးနှင့်ပတ်သက်၍ မည်သည့် လမ်းကြောင်းသို့ ခေါ်ဆောင်သွား မည်ကို အဆုံးသတ်တွင်တော့ ရှင်းလင်းလာမည်ဖြစ်သည်။ ထိုမျှမက မြေဥပဒေသစ်သည် “ဖွံဖြိုးရေး” နှင့် ပတ်သက်ပြီး အဓိပ္ပယ်ဖွင့်ဆိုချက်ကိုရှင်းလင်း ပေးမည်ဖြစ်ကာ မည်သည့်ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းမည်၊ ထိုကဲ့သို့ ပြုလုပ် ရာတွင် မည်သူတွေက ထိုရွေးချယ်မှုအတွက် ပေးဆပ်ရလိမ့်မည်ဟု ရှင်းလင်းလာပါမည်။

ထို့ကြောင့် ယခုဆွေးနွေးပွဲသည် အလွန်အရေးပါသောအပြောင်းအလဲတစ်ခု၏အစကို အမှတ် အသားပြုပေးပါလိမ့်မည်။

လမ်းပြမြေပုံအား မြန်မြန်ဆန်ဆန်နှင့်အပေါ်ယံဆန်သည့်ပုံစံပုံဖော်ကာ စီးပွားရေးရလဒ် အသားပေးသည့် ပြဌာန်းချက်များဖြင့် အမျိုးသားမြေဥပဒေအသစ် အဖြစ်အဆုံးသတ်မည် လော? သို့မဟုတ်သေချာ အချိန်ယူကာကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်သည့် ဖြစ်စဉ် ဖော်ဆောင်ပြီး အချို့သောအခြေအနေများနှင့် ပေါင်းစပ်ကာလူမှုတရားမျှတမှုရှိသည့် ရလဒ် ဖြစ်ပေါ်နိုင်ခြေသို့ ဉီးတည်မည်လော?

အမျိုးသားမြေဥပဒေအသစ်ကြောင့် အကျိုးသက်ရောက်မှုအရှိနိုင်ဆုံးသူများ၏ အမြင်တွင် တရားဝင်မှုရှိနိုင်ရန်အတွက် အမျိုးသားမြေဥပဒေလမ်းပြမြေပုံတွင် “ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက် မဟုတ်” ဟူသည့် မူအားထွေးပိုက်ကာ လက်တွေ့ကျင့်သုံးရန် အလေးအနက်ထား ကြိုးပမ်းရမည် ဖြစ်သည်။

ဖြစ်နိုင်သောအခြေအနေနှစ်ခု

ယခုအခြေအနေသည် ၂၀၁၆ အစောပိုင်းကာလ အမျိုးသားမြေအသုံးချမှုမူဝါဒ (NLUP) ပြဌာန်းစဉ် ကပင် မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း အစီအစဉ်ထားရှိပြီးဖြစ်သည်။ ထို့အပြင် ယခုအခြေအနေကို အစိုးရမှနိင်ငံရေးအကူးအပြောင်းအတွက် အဓိကကျသောအဆင့်တစ်ခု အနေဖြင့် မျှော်မှန်းခဲ့သည်လည်း အချိန်ကာလကြာခဲ့ပြီဖြစ်သည်။ သို့သော် မည်သည့် အချိန်ကာလမှစတင် အစီအစဉ်ဆွဲခဲ့ကြသလဲဆိုသည်မှာ မရှင်းလင်းပါ။ အဘယ်ကြောင့် ဆိုသော် မြေနှင့်ပတ်သက်၍ မည်သူက မည်မျှအခွင့်အရေးရှိမည်ဆိုသည်နှင့် ပတ်သက်ပြီး အဓိကကျသည့် ဆုံးဖြတ်ချက်များကို အပေါ်ပိုင်းမှ လူအနည်းငယ်ကသာ တင်းကြပ်စွာ ထိန်းချုပ်ထားတတ်သောကြောင့်ဖြစ်သည်။

လက်ရှိအခြေအနေအတွက် အဓိကမေးခွန်းမှာ အမျိုးသားမြေဥပဒေရေးဆွဲသည့်ဖြစ်စဉ်အား (အချိန်ကာလအပါအဝင်) မည်ကဲ့သို့ပုံဖော်သွားမည်နည်း? ယခုကျင်းပမည့် လမ်းပြမြေပုံ ဆိုင်ရာ ဆွေးနွေးပွဲ တွင် ထိုမေးခွန်းအတွက် အတိုင်းအတာတစ်ခုအထိ အဖြေပေးသွား နိုင်မည်ဟု ထင်ရပါသည်။

ယခုမေးခွန်းသည် နည်းပညာနှင့်လုပ်ငန်းစဉ်ပိုင်းဆိုင်ရာမေးခွန်းသာမဟုတ်ပါ။ အလွန်ပင် နိုင်ငံရေး အဓိပ္ပယ်ဆောင်ပါသည်။ ထိုကြောင့် နောက်ဆုံးရလဒ်အတွက် တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်နေသည့် အခြေအနေနှစ်ခုကို စဉ်းစားကြည့်နိုင်သည်။

အခြေအနေတစ်ခုမှာ ဝင်လာမည့်ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေကြောင်းအရ “အရှုပ်အရှင်းမရှိ လွတ်လွတ်လပ်လပ်” လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား မြေဥပဒေသစ်ကို မြန်နိုင်သမျှ မြန်မြန်ရေးဆွဲပြီးပြဌာန်းနိုင်မည်။ ထိုကဲ့သို့ပြုလုပ်ရာတွင် လက်ရှိများပြားလှသော ဥပဒေများအား “သဟဇာတဖြစ်မြောက်အောင်ဆောင်ရွက်ခြင်း”နှင့် ဝန်ကြီးဌာနများကြား မြေယာအငြင်းပွားမှုများကို ကြားဖျန်ဖြေခြင်းတို့ပါဝင်နိုင်သည်။

ပထမအခြေအနေတွင် မြေပြသာနာသည် ရင်းနှီးမြှုပ်နှံမှုပြသာနာသာရှုမြင်ကာ မြေဥပဒေသစ် အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးလုပ်ငန်းများကို မြန်နိုင်သမျှ အရှိန်ဖြင့် လမ်းကြောင်းဖောက်ကာ လမ်းဖွင့်ပေးရန်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေကို စစ်တပ်၊ NLD၊ နိုင်ငံခြား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအဖွဲ့များ၊ အခြားအကြီးစား ငွေကြေးရင်းနှီးမြှုပ်နှံသူများထံမှ ထောက်ခံမှုအများဆုံးရနိုင်ပါသည်။ ၎င်းတို့အနေဖြင့် လက်ရှိမြေအခြေအနေအား စီးပွားရေးရှုထောင့်မှ ကြည့်ကာ ရှုပ်ထွေးသည်ဟုမြင်နိုင်ပြီး နိုင်ငံဥပဒေ၏ အဓိကအခန်းကဏ္ဍမှာ အကြီးစားပုဂ္ဂလိက လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လိုအပ်သောမြေရရှိရေးအတွက် ကြားခံဆောင်ရွက်ပေးရန်ဟုမြင်ကြသည်။

အခြားဖြစ်နိုင်သောအခြေအနေတစ်ခုမှာ မတူညီသောလမ်းကြောင်းအခြားတစ်ဘက်သို့ တွန်းပို့ခြင်း ဖြစ်သည် – ပြည်သူလူထုနှင့် အဓိပ္ပယ်ပြည့်ဝသည့် ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ကာ ၎င်းတို့ပါဝင်မှုမြင့်တင်နိုင်ရန်အတွက် အချိန်ကာလပိုဆွဲဆန့်ကာ သေချာ စနစ်တကျအချိန်ယူကာ ဆောင်ရွက်သောလုပ်ငန်းစဉ်ဖြစ်ပေါ်လာနိုင်ရန် ထောက်ပံ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ဖြစ်စဉ်ပုံစံမျိုးဆောင်ရွက်မှသာ ဥပဒေသစ်အနေဖြင့် အောက်ခြေလူထု အတွက် တရားဝင်မှုရှိနိုင်ပြီး မြန်မာပြည် တစ်ဝန်းရှိ ပြည်သူအမြောက်အများ၏ ထောက်ပံ့ မှုရရှိနိုင်မည့် အခွင့်အလမ်းပိုများစေပါသည်။ အမျိုးသား မြေဥပဒေလမ်းပြမြေပုံအနေဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် အထောက်အကူပြုလိုလျင် ယခုကဲ့သို့ တရားဝင်မှုရရှိရန်နှင့် ထောက်ပံ့မှုရရန် လိုအပ်ပါသည်။

မတူညီသော လူအမျိုးမျိုး နှင့် အဖွဲ့အစည်းအမျိုးမျိုးတို့ကလည်း ဒုတိယအခြေအနေကို ထောက်ခံနိုင်ပါသည်။ အချို့မှာ အခြေခံအားဖြင့် အကျိုးစီးပွားဆိုင်ရာစိတ်ဝင်စားမှု ရှိနိုင်သော်လည်း တစ်ချိန်တည်း တွင် ၎င်းတို့ကုမ္ပဏီ၏ ဂုဏ်သိက္ခာထိခိုက်နိုင်ဖွယ်အခြေအနေ နှင့်/သို့မဟုတ် သေချာစီမံခန့်ခွဲမှု မရှိသော မြေရင်းနှီးမြှုပ်နှံမှုများကြောင့် ဆိုးကျိုးသက်ရောက် မှုများရှိလျင် အခြားသူများ၏အမြင်တွင် ၎င်းတို့ကိုထိခိုက်နှစ်နာမှုများပြုလုပ်နေသည်ဟု မြင်လာနိုင်ခြင်းကို ကြိုတင်ရှောင်ချင်သောကြောင့် လည်းဖြစ်သည်။ ယခုအခြေအနေကို ထောက်ခံသူအားလုံးမဟုတ်လျင်ပင် အများစုမှာ အားလုံးပါဝင်နိုင်ကာ ကျယ်ပြန့်သည့် လုပ်ငန်းစဉ်တစ်ခု ဆောင်ရွက်ခြင်းဖြင့် လက်ရှိကြုံတွေ့နေရသော လူမှုတရားမျှတမှုဆိုင်ရာ အကြောင်းအရာများ၊ ပြသာနာများ နှင့် စိုးရိမ်မှုများကို လက်လှမ်းဖြေရှင်းနိုင်ရန် မျှော်မှန်းကြပါလိမ့်မည်။ ထိုမျှော်မှန်းချက် အသက်ဝင်လာဖို့ ကြိုးပမ်းသည့်အခါတွင် အလွန်ခက်ခဲသော အတားအဆီးများကြုံတွေ့နိုင်ပါသည်။ အချို့သော အတားအဆီးများမှာ အမျိုးသား မြေဥပဒေလမ်းပြမြေပုံတည်ဆောက်မှုဖြစ်စဉ်အတွင်းပိုင်းတွင် ကြုံတွေ့နိုင်သော် လည်း အခြားများပြားလှသော အတားအဆီးများမှာမူ ယခုဖြစ်စဉ်မှ ထိန်းချုပ်မှုမရှိနိုင်သည့် ပြင်ပအခြေအနေများကြောင့် ဖြစ်ကာ ပိုဖြေရှင်းရခက်ပါမည်။

လက်တွေ့တွင် အမျိုးသားမြေဥပဒေလမ်းပြမြေပုံလုပ်ငန်းစဉ်ရေးဆွဲသည့်ဖြစ်စဉ်သည် ၂၀၁၄-၂၀၁၆ အတွင်းလုပ်ဆောင်ခဲ့သော အမျိုးသားမြေအသုံးချမှုမူဝါဒရေးဆွဲရန် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးသည့် ဖြစ်စဉ်နှင့်ဆက်စပ်၍ ကြုံတွေ့ခဲ့ရသောပြသာနာပုံစံတူများကို ပြန်လည် အသက်သွင်းနေပါသည်။ ထိုသို့စဉ်းစားလျင် ယခုတစ်ကြိမ်သည် အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲရာမှ စတင်ခဲ့သော မြေအခွင့်အရေးရရှိရန် ကြိုးပမ်းရသည့် အလျော်အစား ကြီးမားသည့် နိုင်ငံရေးတိုက်ပွဲ ဒုတိယတစ်ကျော့ဟုပင်သတ်မှတ်နိုင်ကာ ကျေးလက်ဒေသ တွင်နေထိုင်၍ အသက်မွေးဝမ်းကြောင်းပြုနေသည့် သန်းချီသောဘဝများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်နိုင်သည့် ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်တွင်ပါဝင်ကြရဉီးမည်ဖြစ် သည်။

သို့သော် လက်ရှိအချိန်တွင် အခြေအနေအားလုံးသည် အလွန်ပြောင်းလဲခဲ့ပြီဖြစ်သည်။

လက်ရှိအခြေအနေ

အမျိုးသားမြေအသုံးချမှုမူဝါဒပြဌာန်းခဲ့သည်မှာ ယခုအချိန်ထိဆိုလျင် ၃နှစ်နှင့် ၁၀လခန့် ကြာခဲ့ပြီဖြစ်သည်။ အမျိုးသားမြေအသုံးချမှုမူဝါဒသည် ပေါ်လစီအနေဖြင့်သာရှိခဲ့ပြီး ဥပဒေ အပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိပါ။ လက်ရှိအစိုးရအနေဖြင့် မူဝါဒအား လေးနက်စွာ အသုံးချမှုရှိမနေခြင်းကို ကြည့်ခြင်းအားဖြင့် အမျိုးသားမြေဥပဒေရေးဆွဲခြင်း ဖြစ်စဉ်အပေါ်တွင် ၎င်းအနေဖြင့် နိုင်ငံရေးအရ လွှမ်းမိုးမှုရှိမည်မှာ သက်သေမထူနိုင်သ၍ အလွန်သံသယဖြစ်ဖွယ်ရှိပါသည်။ သို့သော်လည်း ယခုအချိန်ထိ ၂၀၁၄-၂၀၁၅ အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်အား (နှိုင်းယဉ်ပြောရလျင်) ဆွေးနွေးတိုင်ပင်မှု အရှိဆုံးဖြစ်စဉ်အဖြစ် အသိအမှတ်ပြုကြပါသည်။ ထိုဖြစ်စဉ်တွင် အစိုးရမှ တရားဝင် သတ်မှတ်ထားသည့် လမ်းကြောင်းအတွင်းမှသော်လည်းကောင်း၊ လမ်းကြောင်း ပြင်ပမှသော်လည်းကောင်း အရပ်ဘက်အဖွဲ့အစည်း နှင့် ဒေသခံပြည်သူ အများအပြားပါဝင် ခဲ့သောကြောင့် အကျိုးဖြစ်စေခဲ့ပါသည်။ သတိချပ်ရန်မှာ NLUP ဖြစ်စဉ်မှာ အလွန်ကန့်သတ်မှုရှိခဲ့ကာ မူကြမ်းသည်မှာလည်း နိုင်ငံအတွင်းရှိ အလွန်အရေးပါသည့် မြေနှင့်သက်ဆိုင်သော သူအများစု၏ အခက်အခဲများ၊ စိုးရိမ်မှုများ၊ မျှော်မှန်းချက်များကို ထင်ဟပ်ခြင်းလုံးဝမရှိခဲ့ပါ (TNI’s Pro-business or Pro-poor? – Making sense of the recently unveiled draft national land use policy ဖတ်ရန်)။ ပို၍များလာသော မြေသိမ်းမှုများနှင့် အတင်းအကြပ်ရွှေ့ပြောင်းခံရမှုများကြောင့် ပြည်သူများ၏ စိုးရိမ်စိတ်အလွန်မြင့်တက်လာကာ နောက်ဆုံးတွင် လူထုပါဝင်ရန်နှင့် အကြံပြုချက်ပေးရန် အတိုင်းအတာအနည်းငယ်သာဖြစ်သော်လည်း အရေးပါသည့်အခွင့်အလမ်းတံခါးပေါက် ပွင့်ခဲ့ ပါသည်။ ထို့ကြောင့် အလုံးစုံပြည့်စုံမှုမရှိသော်လည်း ပို၍ ကောင်းမွန်သည့် ရလဒ်ထွက်ပေါ် ခဲ့ပါသည်။ ယခင်သတ်မှတ်ထားသည့် အချိန် ၃ပတ်မှ ၈ပတ်အထိ အချိန်တိုးပေး ခဲ့သောကြောင့် ပြည်သူလူထုနှင့် တိုင်ပင်ဆွေးနွေးရန် အချိန်ရခဲ့ပါသည်။ ထိုကာလအတွင်း အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများမှ တနိုင်ငံလုံး ခြုံငုံကာ တိုင်ပင်ဆွေးနွေးသည့်ပွဲပေါင်း ၇၄ ပွဲကို လူပေါင်း ၅၀၀၀ ကျော်ပါဝင်ကာ ဆောင်ရွက်နိုင် ခဲ့ပါသည်။ စစ်တပ်အုပ်ချုပ်ရေးစနစ်မှ လွတ်မြောက်ခါစ နိုင်ငံတစ်ခုအနေနှင့် ဆိုရလျင် ထိုခြေလှမ်းသည် သေးငယ်သည်ဟုမဆိုနိုင်ပါ။

ယခုတပတ်အတွင်းပြုလုပ်သွားမည့် အမျိုးသားမြေဥပဒေရေးဆွဲရန် လမ်းပြမြေပုံဆွေးနွေးမည့် အစည်းအဝေးသည် အလွန်ပြောင်းလဲခဲ့ပြီဖြစ်သည့် လက်ရှိအခြေအနေတွင် ဆောင်ရွက်ရမည် ဖြစ်သည်။ သုံးနှစ်တာကာလအတွင်း ပြည်သူများအနေဖြင့် ယခုအချိန်ကို စောင့်နေခဲ့သော် လည်း အခြေအနေအရပ်ရပ်မှာ အလွန်ပြောင်းလဲခဲ့ပြီဖြစ်သည်။

NLUP ပြဌာန်းပြီး ၂နှစ်ကြာတွင် ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ၂၀၁၂ မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေ(VFV)တို့ကို ပြင်ဆင်သည့်ဥပဒေသစ်ကို ကျေးလက်နှင့် တိုင်းရင်းသားဒေသများမှ ပြည်သူများ အပြင်းအထန်ကန့်ကွက်ခဲ့သည့်တိုင် ပြဌာန်းခဲ့ပါသည်။ ယခင်ကပင် အလွန်မုန်းတီးခဲ့ကြသည့် VFV ဥပဒေအား ပြင်ဆင်ပြီးပိုအားကောင်းစေသော ကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အလွန်အမင်းထိခိုက်ခဲ့ပါသည် (TNI သုံးသပ်ချက်များ “”ကျုပ်တို့အပေါ်စစ်ကြေညာခြင်း” – ၂၀၁၈ခုနှစ် VFV ဥပဒေပြင်ဆင်ချက်နှင့် သုံးသပ်ချက်များ တိုင်းရင်းသားလူမျိုးများ အပေါ် ရိုက်ခတ်မှုများ” နှင့် “မြန်မာနိုင်ငံ၏ မြေလွတ်၊မြေလပ်၊မြေရိုင်း စီမံခန့်ခွဲရေးဥပဒေအကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှုအလားအလာ”ဖတ်ရန်)။ အရပ်ဘက်အဖွဲ့အစည်းကွန်ယက်များအနေဖြင့် – ဥပမာ ဒို့မြေကွန်ရက် – ထိုဥပဒေများကို နာရီပေါင်းများစွာ အချိန်ပေးကာ စနစ်တကျလေ့လာ၍ ၎င်းတို့၏ အမြင်နှင့် ပြုပြင်လိုသောအချက်များကို အစိုးရထံသို့ အဆိုပြုခဲ့ပါသည် (လက်ရှိမြေနှင့် သက်ဆိုင်သော ဥပဒေများ၊ ၎င်းတို့ကိုပြင်ဆင်ရေးဆွဲမှုများအပေါ် ဒို့မြေကွန်ရက်၏ သဘောထားကြေညာချက် ဖတ်ရန်)။ သို့သော် ၎င်းတို့၏ အကြံပြုချက်များအား လျစ်လျူရှုကာ ကျေးလက်ဒေသနေ အသက်မွေးဝမ်းကြောင်းပြုနေသူများအတွက် ယခင်ဥပဒေထက်ပင် ပိုဆိုးရွားသော VFV ပြင်ဆင် သည့်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ လက်ရှိအချိန်တွင် မြေဧက ၄၇သန်းအား မြေလွတ်၊ မြေရိုင်းအဖြစ် ကြေညာထားကာ ထိုမြေများ၏ ၇၅ရာခိုင်နှုန်းသည် တိုင်းရင်းသားဒေသ တွင်ရှိပြီး စီးပွားရေးအကျိုးအမြတ်အတွက် လက်ကမ်းပေးရန် အဆင်သင့်အခြေအနေ ဖြစ်နေပါသည်။ တောင်သူ အမြောက်အမြားသည်လည်း ယခုဥပဒေအောက်တွင် ရာဇဝတ် သားများအဖြစ် သတ်မှတ်ခံထားရပါသည်။ ထိုကဲ့သို့အကြောင်းအရာများကြောင့် နိုင်ငံတဝန်းရှိ ကျေးလက်ဒေသရှိ အသက်မွေးဝမ်းကြောင်းပြုနေသူများအနေဖြင့် အစိုးရမှ ၎င်းတို့၏ တရားဝင်မှုရှိသည့် မြေအခွင့်အရေးကို အာမခံပေးနိုင်ရန် ဆောင်ရွက်မည်ဟု ယုံကြည်မှု ပျောက်ဆုံးခဲ့ပြီဖြစ်သည်။

တချိန်တည်းတွင် မြေယာကဏ္ဍပြုပြင်ပြောင်းလဲရန် အခြားလမ်းကြောင်းတစ်ခုဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းစဉ်သည်မှာ လည်း ရပ်တန့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တိုင်းရင်းသား ဓလေ့ထုံးတမ်းမြေယာစနစ်ကို အသိအမှတ်ပြုရန်၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများ နှင့် စစ်ဘေးဒုက္ခသည်များ၏ မြေယာဆိုင်ရာရပိုင်ခွင့်အခွင့်အရေးများကိုပြန်လည်ပေးအပ်ရန် စသည့် တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့် လက်ရှိပြဌာန်းဥပဒေများ နှင့် ကိုက်ညီမှုမရှိဟုဆိုကာ စစ်တပ်မှ အကြိမ်ကြိမ်ငြင်းပယ်ခြင်းခံရကာ ဖယ်ဒရယ် ဒီမိုကရေစီစနစ်နှင့် ပို၍ပင်ဝေးလာခဲ့ပါသည် (ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ၏ “ရှေဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး – မြေယာကဏ္ဍ ဆွေးနွေးမှုမှချဉ်းကပ်လေ့လာခြင်း” ဖတ်ရန်)။ ၂၀၁၆ မှ ၂၀၁၈ နှစ်နှစ်တာကာလ အတွင်း တွင် လက်နက်ကိုင်ပဋိပက္ခပေါင်း ၇၀၀ကျော် ဖြစ်ပေါ်ခဲ့ကာ တိုင်းပြည်နေရာအနှံအပြားတွင် လူပေါင်း ၁၂၀၀၀၀ ကျော် အသစ်ရွှေ့ပြောင်းခဲ့ကြရသည်။

၂၀၁၆ ခုနှစ်အစပိုင်းကာလတွင် မြန်မာနိုင်ငံအနေဖြင့် “သမိုင်းတွင်သည့် ရွေးကောက်ပွဲမှ သောင်ပြို ကမ်းပြိုအနိုင်ရခဲ့သော အစိုးရသစ်ကို ရွေးကောက်တင်မြောက်ကာ အပြုသဘော ဆောင်သည့် လမ်းကြောင်းပြောင်းလျှောက်လှမ်းနိုင်မည့် တကြိမ်တခါမှမရှိခဲ့သော အခွင့်အရေးရရှိခဲ့ပါသည်” (TNI သုံးသပ်ချက် “လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း” ဖတ်ရန်)။ သို့သော်ထိုအခွင့် အရေးအား အများစုဖြုန်းတီးခြင်းခံလိုက်ရကာ ထိုအစားပို၍နက်ရှိုင်းသော သံသယများနှင့် ပျက်သုန်းသွားသော ယုံကြည်မှုများနှင့် တွဲဘက်ကာ ပိုအကျည်းတန်သော မြေပြသာနာများ ရင်ဆိုင် လာရပါသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းခြင်း၊ အဆက်မပြတ်ဖြစ်ပွားနေသည့် မြေယာသိမ်းယူခြင်း၊ ရပ်တန့်မသွားသည့် လက်နက်ကိုင် ပဋိပက္ခများ နှင့် ချောင်ပိတ်မိ နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အားလုံးသည် “ယုံကြည်မှု တည်ဆောက်ရန်နှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် မတရားခံစားနေရမှုများ၏ အခြေခံ အကြောင်းတရားများကို ဖြေရှင်းရန်အခွင့်အလှမ်းများကို ယုတ်လျော့စေခဲ့ပြီဖြစ်သည်” (Analysis of the Vacant, Fallow, and Virgin Land Management Law by Saw Alex Htoo and Frank Scott ဖတ်ရန်)။ မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ချဉ်းကပ်မည့်ပုံစံကို လွန်စွာမှမပြောင်းလဲနိုင်လျင် ခေတ်အဆက်ဆက် ဖယ်ကျဉ်ခံထားရသူများ နှင့် ထိခိုက်ရှလွယ်သည့် လူအုပ်စုများအနေဖြင့် ပါဝင်နိုင်ဖို့ရန် အလွန်ခဲယဉ်းသွားမည် ဖြစ်သည်။ လူမှုရေးတရားမျှတမှုနှင့် တိုင်းရင်းသားဒေသငြိမ်းချမ်းရေးအပေါ် ခိုင်မြဲစွာ တည်ဆောက်ထားသည့် အမျိုးသားမြေဥပဒေတစ်ရပ် ထွက်လာနိုင်ရန်အတွက် ထိုအခြေအနေ လိုအပ်ပါသည်။

လိုအပ်သည့်အခြေအနေများ

အမျိုးသားမြေဥပဒေရေးဆွဲသည့်ဖြစ်စဉ်အနေဖြင့် အခြေခံလိုအပ်ချက်များဖြစ်သော ပွင့်လင်း မြင်သာမှုရှိခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ ထည့်သွင်းပါဝင်စေခြင်း၊ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ဝေမျှခြင်း၊ ဒေသစကားအသုံးပြုခြင်း စသည်တို့ကို တိကျစွာလိုက်နာ ရမည်ဖြစ်သည် (အမျိုးသားမြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက် နှင့် ရှမ်းပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ၏ “ကျွန်ုပ်တို့ဓလေ့ ကျွန်ုပ်တို့ဘဝ” ဖတ်ရန်)။ သို့သော် ယခု အချိန်တွင်မူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိကထားသည့် ၎င်း၏မြေယာကဏ္ဌပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်သည့် အယူအမြင်ကိုပါ ရှင်းလင်းစွာမေးခွန်း ထုတ်ရမည် ဖြစ်သည်။

တိကျစွာထောက်ပြရလျင် မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးသည် “မြေသည် ဒေသခံ ပြည်သူများ အတွက်ဖြစ်သည်” (ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမြေယာမူဝါဒ ဖတ်ရန်) သို့မဟုတ် “သက်ဆိုင်ရာ ပြည်နယ်နှင့် ပြည်နယ်အောက်အဆင့်ဒေသများမှ ပြည်သူများသည် မြေအောက်အပါအဝင် မြေပေါ်သဘာဝသယံဇာတများအားလုံး ပိုင်ဆိုင်ခြင်း”စသည့် အခြေခံမူနှင့် စတင်ရမည် ဖြစ်သည် (မြန်မာ့သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ (BEWG)၏ သဘာဝအရင်းအမြစ်နှင့် ဖယ်ဒရယ်စနစ် ဗဟိုချုပ်ကိုင်မှုလျှော့ချသော သဘာဝရင်းမြစ်အမွေအနှစ် ခွဲဝေစီမံအုပ်ချုပ်မှုလမ်းပြ မြေပုံ ဖတ်ရန်)။

ပြည်သူများ၏ မြေယာပိုင်ဆိုင်မှုအခွင့်အရေးပေးခြင်းသည် မြေကို အကျိုးအမြတ် ထုတ်ပေးသည့် စက်ပစ္စည်းသဖွယ်ပြောင်းလဲအသုံးချဖို့အတွက်မဟုတ်ပါ။ ထိုအစား ကျေးလက်နေအသက်မွေးဝမ်းကြောင်းပြုနေသူများ၏ နေ့စဉ်လူမှုဘဝဖြစ်တည်မှု ပုံစံအား ကာကွယ်ပေးကာ ၎င်းတို့၏ ကိုယ်ပိုင်ဓလေ့နှင့် ရိုးရာတို့အား ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ပေးရန်ဖြစ်သည်။ ထိုအတွက် ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေများ နှင့် ဓလေ့ထုံးတမ်းဆိုင်ရာမြေယာပိုင်ဆိုင်ခွင့်စနစ်များသည် အားလုံးပါဝင်နိုင်သည့် လူမှုအသိုက် အဝန်းတစ်ရပ်ဖြစ်ပေါ်လာရန် မျိုးစေ့ချခြင်းသာဖြစ်သည်ဟု အဓိပ္ပယ်ရှိစွာ အသိအမှတ် ပြုနိုင်ရန် အရေးပါလှသည်။ ထို့နောက် ဓလေ့ထုံးတမ်းစနစ်ဖြင့် စီမံခန့်ခွဲနေသော မြေများသည် အပိုင်းပိုင်းဖြတ်၍ စိတ်ပိုင်းခံရကာ VFV ဥပဒေနှင့် ပုံစံ (၇) ကို အသုံးချပြီး စီးပွားရေးအကျိုးအမြတ်ရှာနေသူများထံ ထိုးအပ်ခံနေရသည့်အခြေအနေကိုလည်း ဝန်ခံရ မည်ဖြစ်သည်။ ထို့အပြင် ဓလေ့ ထုံးတမ်းစနစ်များသည် ရည်ရွယ်ချက်ရှိစွာဖြင့် စီးပွားရေးနှင့် စစ်တပ်ဖိအားပေးမှုအောက် ထိုးထည့်ခံရကာ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု အခွင့်အရေး ရှိသူများအား မြေပေါ်မှမောင်းထုတ်ကာ ထို့နောက်မှ အစိုးရသတ်မှတ်သော လုပ်ထုံးလုပ်နည်း ယန္တယားမှတဆင့် ၎င်းတို့မြေအား ပြန်ရယူရန် ကြိုးပမ်းနေရသည်ကို တာဝန်ယူရ မည်ဖြစ်ပါသည်။ ထို့အပြင် မြေကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုမရှိသည့် မြေကွက်များအဖြစ် စက်မှုတော်လှန်ရေး ၄.၀ သို့မဟုတ် မြန်မာ ၄.၀ အတွက် အသုံးချရန်အတွက် မမြင်ရပါ။ ဓလေ့ထုံးတမ်းစနစ်များမှ အစဉ်တစိုက်ထိန်းသိမ်းထားကာ တဖန် လူမှုအဖွဲ့အစည်းကို ဆက်လက်ရှင်သန်စေသည့် မြစ်ချောင်း၊ အင်းအိုင်၊ တောင်ကုန်းတောင်တန်း၊ သစ်တောစသည်တို့ ပါဝင်သည့် လူမှု-သဘာဝပတ်ဝန်းကျင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် လက်ရှိမြေယာပြုပြင်ပြောင်းလဲရေးသည် မြေသိမ်းခြင်းကြောင့်ဖြစ်ပစေ၊ လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်ပစေ ၎င်းတို့၏ မြေမှအတင်းအကျပ်ရွှေ့ပြောင်းခံရသူများ အတွက် အဓိပ္ပယ်ပြည့်ဝကာ စုံလင်မှုရှိသည့် မြေပြန်လည်အစားထိုးပေးအပ်ခြင်းကို ဉီးစားပေး ဆောင်ရွက်ရမည်ဖြစ်သည် (ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမြေယာမူဝါဒ ဖတ်ရန်)။ နိုင်ငံတဝန်းတွင် ပြုလုပ်ခဲ့သည့် သုတေသနအရ မြေယာသိမ်းယူခံရသည့် ၄၃ရာခိုင်နှုန်းသော ပြည်သူများသည် အစိုးရမှ ထုတ်ပေးသော တရားဝင် အထောက်အထား ရှိသည်ကိုတွေ့ရှိရသည်။ မြေယာပိုင်ဆိုင်မှု အခွင့်အရေးအား ဥပဒေကြောင်းအရ တရားဝင်မှုပြုလုပ်ရန် အလွန်အလေးပေးနေသော်လည်း လက်တွေ့တွင် ထိုအထောက် အထားများသည် အကာအကွယ်မပေးနေသည်ကို တွေ့ရသည် (ဒို့မြေကွန်ရက်၏ မြေယာလုယက်သိမ်းယူမှုများအားဖြင့် ပြည်သူ့ဘဝများကို ဖျက်ဆီးကြခြင်း – မြန်မာပြည် တစ်ဝှမ်း မြေယာသိမ်းယူမှု အကျိုးဆက် လေ့လာဆန်းစစ်ချက်များ ဖတ်ရန်)။ ယခုအချိန်တွင် မြေနှင့် သဘာဝသယံဇာတ အမြောက်အများလိုအပ်မည့် တရုတ်-မြန်မာစီးပွားရေး စြင်္ကံ နှင့် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်း အလုံးအရင်းလိုက်ဝင်လာနေသောကြောင့်လည်း ပြည်သူများ ၏ စိုးရိမ်ကြောင့်ကျမှုသည် အထွတ်အထိတ်ရောက်နေရပါသည်။ ထို့အပြင် ၁.၅သန်းသော ပြည်တွင်း နေရပ်စွန့်ခွာနေရသူများ နှင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် အိန္ဒိယတွင် ရှိနေသေးသော ၁.၅ သန်းသော ဒုက္ခသည်များ အတွက် မြေယာပြန်လည်အစားထိုးပေးအပ်ရန် IDP-Refugee မြေယာရပိုင်ခွင့် အခွင့်အရေးဆိုင်ရာသဘောထားကြေညာစာတမ်း (ဩဂုတ် ၂၀၁၉) အတိုင်း ဆောင်ရွက်သင့်သည်။ “ကျွန်ုပ်တို့အား အဓိပ္ပာယ်ပြည့်ဝစွာ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ပြု၍ ကောင်းစွာကြိုတင်အသိ ပေးထားသည့် ကျွန်ုပ်တို့၏ လွတ်လပ်သော သဘောတူခွင့်ပြုချက်နှင့် အညီ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်စေရန် အပြည့်အဝပံ့ပိုးကူညီပေးပြီးတည်ဆဲ နိုင်ငံတကာ လူ့အခွင့်အရေးအခြေခံမူများနှင့် စံချိန်စံနှုန်းများနှင့်အညီ မူလနေရင်းရပ်ရွာဒေသများ၌ ယခင်က ရရှိခဲ့သည့် အခွင့်အရေးများကို ပြန်လည်ရယူခံစားနိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ပြဋ္ဌာန်းချက်များ အတိအလင်း ဖော်ပြပါရှိသည့် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ရန်” ဟု ကြေညာ စာတမ်းမှ တဆင့်တောင်းဆိုထားသည်။

စစ်မှန်စွာ အသိအမှတ်ပြုခြင်း သို့မဟုတ် မြေပြန်လည်အစားထိုးပေးအပ်ခြင်းသည် မြေပြန်လည်ခွဲဝေ ပေးခြင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့် အတူယှဉ်တွဲဆောင်ရွက်မှုမရှိလျင် အလုပ်မဖြစ်နိုင်ပါ။ အားလုံးအတွက် တပြေးညီသတ်မှတ်ထားသည့် မြေပိုင်ဆိုင်မှု ပမာဏ အမြင့်ဆုံးအဆင့် နှင့် အခြေခံ အာမခံပေးနိုင်သည့် မြေပိုင်ဆိုင်မှုအနိမ့်ဆုံးပမာဏအဆင့် သတ်မှတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိမြေပိုင်ဆိုင်မှု မညီမျှခြင်းနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် မညီမျှခြင်းတို့အား ကုစားပေးပါလိမ့်မည်။

လူမှုတရားမျှတမှုအခြေခံသည့် မြေယာပြုပြင်ပြောင်းလဲရေးမှ အကျိုးခံစားရသူများအတွက် ၎င်းတို့၏ မြေပေါ်တွင် ဆက်လက်နေထိုင်နိုင်ရန်၊ ၎င်းတို့နှင့် ၎င်းတို့၏ သားစဉ်မြေးဆက် အတွက် ဂုဏ်သိက္ခာရှိစွာနှင့် နေသာထိုင်သာရှိသောဘဝတည်ဆောက်နိုင်ရန်အတွက် ထိုကဲ့သို့ ဆောင်ရွက်ချက် သုံးမျိုးအပြင် ပို၍ကျယ်ပြန့်သော အပြုသဘောဆောင်သည့် မူဝါဒများဖြင့် ထောက်ပံ့ရပါမည်။ ထို့အပြင် ယခင်မြေသိမ်းမှုများကြောင့် ယိုယွင်းပျက်စီး သွားသော လူသားများ မှီခိုနေရသည့် သဘာဝပတ်ဝန်းကျင်နေရာများကို ပြန်လည်ရှင်သန် လာရန် ဆောင်ရွက်ရမည်ဖြစ်သည်။

မြေယာကဏ္ဍနက်ရှိုင်းစွာပြုပြင်ပြောင်းလဲရန် အဆိုပြုမှုများသည် ရှေးကျပြီး အဆက်အစပ် မရှိသည့် စဉ်းစားမှုများမဟုတ်ပါ။ အမှန်တော့ ၎င်းတို့သည် ဒေသခံပြည်သူများမှ ၎င်းတို့ကိုယ်တိုင်ကြုံတွေ့ရသော မြေသိမ်းဆည်းခြင်း၊ အတင်းအကျပ်နေရပ်ရွှေ့ပြောင်းရခြင်း နှင့် ဖယ်ကျဉ်ခံရခြင်းစသည့် အတွေ့အကြုံများမှ အခြေခံကာမြေယာမူဝါဒဆိုင်ရာ တောင်းဆိုမှုများ အဖြစ်ထွက်ပေါ်လာခြင်း ဖြစ်ပါသည် (ဖယ်ဒရယ်တိုင်းရင်းသား တောင်သူ လယ်သမားများကွန်ရက်၏ သဘောထားကြေညာချက် ဖတ်ရန်)။ ထိုကဲ့သို့ မူဝါဒများကို တိုင်းရင်းသားဒေသများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများအပြား ဆောင်ရွက်နေသည့် မြေယာမူဝါဒ ဆိုင်ရာ ဆွေးနွေးတိုင်ပင်သည့် တွေ့ဆုံပွဲများ၊ “အောက်ခြေမှ ဆောင်ရွက်သည့်” မြေယာမူဝါဒ ရေးဆွဲသည့် လုပ်ငန်းစဉ်များတွင် မြင်တွေ့နိုင်ပါသည်။

မူလနေရာတွင်ဝင်ရောက်ဖတ်ရှုရန်။

PDF ဖြင့်ဖတ်ရန်။

Related Posts:

Send this to a friend