မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကမ္ဘာ့ဘဏ်၏ ဒေါ်လာသန်း ၂၅၀ စီမံကိန်း စီစဉ်မှုသည် ပဋိပက္ခများကို ပိုမိုဆိုးရွားစေလိမ့်မည်

ကမ္ဘာ့ဘဏ်မှ မြန်မာပြည်အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စီစဉ်သည့် ဒေါ်လာ သန်း၂၅၀ “ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေး လူထု စီမံကိန်း” အား လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့အားလုံးက ကန့်ကွက်လိုက်သည်။

ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးလူထုစီမံကိန်း (PPCP) ၏ ရည်ရွယ်ချက်မှာ “ရှည်လျားလှသည့် ပဋိပက္ခများ၏ဒဏ်ကို ခံစားနေရသည့် မြန်မာပြည်တွင်း ဒေသများ၌ ပြည်သူ့ရေးရာအခြေခံအဆောက်အအုံများနှင့် ၀န်ဆောင်မှုများအပေါ် သမိုင်းချီပြီး ရင်းနှီးမြှုပ်နှံမှုနိမ့်ပါးခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဈေးကွက်အသားပေးလုပ်ငန်းများအား ကူညီထောက်ပံ့ပေးရန် ဖြစ်သည်။”

လက်ရှိ အချိန်နှင့် စီမံကိန်း၏ အသွင်သဏ္ဍာန်အရ၊ ၄င်းသည် ကျွန်ုပ်တို့ ကရင် လူမှုအသိုင်းအ၀ိုင်းများ၏ အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးစေနိုင်ပြီး ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအား ကာကွယ်နိုင်ရေးအတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက်များအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်။ ထို့ပြင် ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး ပဋိပက္ခအတွက် နိုင်ငံရေး အဖြေရှာမှုကို နှောင့်နှေးစေမည့် အန္တရာယ်ပင် ရှိနိုင်ပေသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြရသည့် ကျွန်ုပ်တို့ထက် ပိုမိုလိုလားသူ ရှိလိမ့်မည်မဟုတ်ပါ။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုသည် မှန်ကန်သော ပုံစံနှင့် အချိန်ဖြစ်ရန်လိုအပ်သည်။ အချိန်အခါမသင့်ပဲ အကောင်အထည်ဖော်မိပါက ဖွံ့ဖြိုးရေးစီမံကိန်း များသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ ဖြစ်လာစေလေ့ရှိသည်။

ပဋိပက္ခအားဖြေရှင်းရန်မှာ ဖက်ဒရယ်အာဏာခွဲဝေရေးစနစ်တစ်ရပ်ရှိရမည်ဖြစ်ပြီး ထိုနည်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များတွင် ဦးဆောင်ရန်အတွက် ရွေးချယ်နိုင်ပြီး ဒေသခံများအတွက် တာဝန်ယူဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။

သို့ရာတွင် နေပြည်တော် ဗဟိုအစိုးရနှင့် ကမ္ဘာ့ဘဏ်အကြား၌သာ ညှိုနှိုင်းခဲ့သော ဤစီမံကိန်းသည် ဗဟိုအစိုးရ၏ ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်အတူ ဗဟိုအစိုးရ၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများကသာ လုပ်ဆောင်သွား လိမ့်မည်ဖြစ်သည်။

“ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေး လူထု စီမံကိန်း” တွင် အသုံးပြုမည့် ဒေါ်လာ ၂၂၅ သန်းသည် ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် ချေးငွေဖြစ်သည် ။ ယင်းကို ၂၀၁၈ ခုနှစ် နေပြည်တော်၏ “မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” မူဘောင်အတွင်းတွင် အစပျိုး ရေးဆွဲခဲ့သည်။ မြန်မာနိုင်ငံ ပဋိပက္ခ၏ အဓိက အကြောင်းရင်းများမှ တစ်ခုမှာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်း ဖြစ်သည်ဟု အဆိုပါမူဘောင်က ဖော်ပြထားသည်။ ထိုအဆိုမှာ မှားယွင်းပြီး မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်နယ်များရှိ အခြေအနေအပေါ် ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ပုံဖော်ထားခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် အလားတူ စီမံကိန်း တစ်ခုကို ရခိုင်ပြည်နယ်တွင် ဗဟို အစိုးရနှင့် တွဲဖက်လုပ်ဆောင်နေပြီး ထိုကိစ္စတွင်လည်း အလေးအနက်ထားရမည့် စိုးရိမ်ဖွယ်ရာများ ရှိနေသည်ကို သတိပြုရမည် ဖြစ်သည်။

ဤကမ္ဘာ့ဘဏ် စီမံကိန်းကို ပဋိပက္ခ၏ ဘက်တစ်ဘက်ဖြစ်သော နေပြည်တော်အစိုးရကသာ ဒီဇိုင်းရေးဆွဲ ထိန်းချုပ်ထားခြင်းဖြင့် ၄င်းတို့၏တစ်ပြည်ထောင်စနစ်ကို တိုင်းရင်းသားများ အုပ်ချုပ်သည့် နယ်မြေများသို့ တိုးချဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်များစွာ ရှည်ကြာပြီဖြစ်သော ပြည်တွင်းစစ်၏ အဓိကအကြောင်းရင်းသည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းကြောင့် မဟုတ်ပဲ တန်းတူညီမျှမှုနှင့် အာဏာခွဲဝေကျင့်သုံးမှု မရှိသောကြောင့် ဖြစ်သည်။ ၄င်းအချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဗဟိုချုပ်ကိုင်မှုစနစ်က ပိုမိုဆိုးရွားစွာဆက်လက်တည်တံ့နေစေသည်။

ဤစီမံကိန်းသည် ဘက်လိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှု စီမံကိန်း မဟုတ်ပေ။ ကမ္ဘာ့ဘဏ်သည် ကရင်တိုင်းရင်းသားနှင့် အခြား တိုင်းရင်းသား ပြည်သူများက ၄င်းတို့ကိုဆန့်ကျင်၍ ဗဟို အစိုးရ ဘက်ကို ရပ်တည်လိုက်သည်ဟု ထင်မြင်နိုင်စေသည့် ဘေးအန္တရာယ်ကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဤသို့သော သဘာဝရှိသည့် မည်သည့် စီမံကိန်းကို မဆို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနောက်ပိုင်းမှသာ လုပ်ဆောင်ရမည် ဖြစ်ပြီး ထိုအချိန်တွင် ဒေသခံ လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ဒေသအစိုးရတို့နှင့် အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ဆွေးနွေးမှုများ ပါဝင်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာတွင် ဌာနေတိုင်းရင်းသား အခွင့်အရေးများကို မဖြစ်မနေ လေးစားရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုရှောင်လွှဲရန် အစားထိုးနိုင်သည့်အရာ မဟုတ်ပေ။ ဒေသခံတို့၏ ကိုယ်ပိုင်ထိန်းချုပ်စီမံမှုကို မြှင့်တင်ပေးနိုင်သည့် အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ဆွေးနွေးမှုမျာနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ မှတစ်ဆင့်သာ ရရှိနိုင်သော လူထု၏သဘောဆန္ဒမပါဝင်ပဲ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအား အင်အားသုံးအကောင်အထည် ဖော်ခြင်းသည် နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်အား လောင်စာဖြည့်ပေးခြင်း သာဖြစ်ပေလိမ့်မည်။

ဆက်သွယ်ရန် ပုဂ္ဂိုလ်များ-

၁. နော်ဝါးခူရှီး – + ၆၆ ၈၆၁၁၈၂၂၆၁ (ထိုင်းမြန်မာနယ်စပ်)
၂. နန်းကြည်အေး – +၄၁၄၁၈၄၇၉၅၃၃ (နော်ဝေ)
၃.စောဂရယ်မူး – + ၁ ၂၅၂၅၇၁၇၆၃၄ ( အမေရိကန်)
၎. စောသာဘိုး – + ၉၅ ၉၇၅၀၁၁၅၉၉၂ (ကရင်ပြည်နယ်)
၅. ဘန်းရ – + ၉၅ ၂၅၄၁၅၀၄၃၆ (ကယားပြည်နယ်)
၆. စလုံးဖန်း – + ၁၂၀၄၂၂၉၆၆၁၃ (ကနေဒါ)

Download statement in English.

Download statement in Burmese.

Related Posts:

Send this to a friend