25 July 2019
CSO Working Group on MNHRC Reform
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့
မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) အနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များကို ကောင်းစွာကိုင်တွယ်နိုင်မည့် ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အတွေးအမြင်ရှိပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အခွင့်အရေးကို လေးစားလိုက်နာသည့် တက်ကြွလှုပ်ရှားသူများဘက်မှ ရပ်တည်မည့်သူများဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် (Myanmar National Human Rights Commission – MNHRC) အား ပြန်လည်သွေးသစ်လောင်းရန် အချိန်ကျရောက်ပြီးဟု ယုံကြည်ပါသည်။ သို့ဖြစ်၍ လက်ရှိ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် နောက်သက်တမ်းအတွက် ရွေးချယ်ခန့်အပ်မည့် အဖွဲ့ဝင်များကို စိစစ်ရွေးချယ်ရာတွင် လူသိရှင်ကြား ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်မှုရှိသော ရွေးချယ်ရေးလုပ်ငန်းစဉ်ဖြင့် လုပ်ဆောင်သွားရန် ရွေးချယ်ရေး ဘုတ်အဖွဲ့အား မိမိတို့မှ တောင်းဆိုလိုက်ပါသည်။ MNHRC ၏ လက်ရှိဖွဲ့စည်းထားပုံမှာ ပစ်ပယ်မှု အများဆုံး ခံရသူများ၏ အခွင့်အရေးများအတွက် အထူးသဖြင့် ပဋိပက္ခဒဏ် သက်ရောက်မှုရှိသော တိုင်းရင်းသား နယ်မြေများတွင် ကာကွယ်စောင့်ရှောက်မှု အလုံအလောက်မပေးနိုင်ကြောင်းကို ကိုပါကြီးအမှု၊ ဘရန်ရှောင်အမှု၊ နောက်ဆုံးအားဖြင့် ရခိုင်ပြည်နယ် ကျောက်တန်း ဥပဒေမဲ့သတ်ဖြတ်မှုများက သက်သေပြနေပြီး ကျောက်တန်း ဥပဒေမဲ့သတ်ဖြတ်မှုတွင် မျက်မြင်သက်သေများနှင့် မသေဘဲကျန်ရစ်သူများ၏ ထွက်ဆိုချက်များ ရှိနေသော်လည်း ထိန်းသိမ်းခံထားရသူ ရှစ်ဦး အသတ်ခံရမှုတွင် မြန်မာစစ်တပ်၏ ဖြေရှင်းချက်များအတိုင်း ရပ်တည်ခဲ့ကြပါသည်။[1]
လက်ရှိကော်မရှင်အဖွဲ့ဝင် ဆယ်ဦးအနက် ခုနစ်ဦးအား ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်ဥပဒေအရ ရွေးချယ်ရေးဘုတ်အဖွဲ့က သမ္မတထံသို့ ကော်မရှင်အဖွဲ့ဝင်လောင်း ၃၀ ဦး အမည်စာရင်းတင်သွင်းရပြီး သမ္မတက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌများနှင့် ညှိနှိုင်းတိုင်ပင်၍ အဖွဲ့ဝင် ခုနစ်ဦးမှ ဆယ့်ငါးဦးအထိ ရွေးချယ်ကာ ဥက္ကဌနှင့် ဒုဥက္ကဌ ရာထူးများကို တာဝန်ပေးခန့်အပ်ခြင်း ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး အများဆုံးသက်တမ်း နှစ်ကြိမ် ထမ်းဆောင်နိုင်သောကြောင့် တစ်နည်းအားဖြင့် လက်ရှိကော်မရှင်အဖွဲ့ဝင်များသည် ဒုတိယသက်တမ်း ထမ်းဆောင်ခွင့်ရှိနေပါသေးသည်။
သို့သော် ယခင်စစ်အာဏာရှင်စနစ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိအဖွဲ့ဝင်များ၏ နောက်ခံသမိုင်းများက အရပ်ဘက်လူထုအသိုင်းအဝိုင်းများနှင့် MNHRC အကြားတွင် ယုံကြည်မှုများ ပျက်ယွင်းနိမ့်ကျ နေရခြင်း၏ အဓိက အကြောင်းတရား ဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီး ခံယူချက်ခိုင်မာသည့် အဖွဲ့ဝင်များနှင့် ကော်မရှင်ကို အားသစ်လောင်းရန် အချိန်တန်ပြီဟု မိမိတို့ ယူဆပါသည်။
ဤသို့ MNHRC ကို ပြည်သူ့ဘက်တော်သားအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ရန်မှာ အဖွဲ့ဝင်သစ်များ ရွေးချယ်ခန့်အပ်ခြင်းကို ကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ တွဲဖက်လုပ်ဆောင်မှသာ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို တိုးတက်စေမည်ဖြစ်သည်။ လက်ရှိရွေးချယ်ရေးဘုတ်အဖွဲ့ကို က) ပြည်ထောင်စု တရားသူကြီးချုပ်၊ ခ) ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဂ) ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဃ) ပြည်ထောင်စု ရှေ့နေချုပ်၊ င) မြန်မာနိုင်ငံ တရားလွှတ်တော် ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်တစ်ဦး၊ စ) ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်နှစ်ဦး၊ ဆ) မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး၊ ဇ) ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦး တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ရွေးချယ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းထားပုံမှာ အစိုးရ သို့မဟုတ် စစ်တပ်တို့၏ လွှမ်းမိုးမှုမရှိကြောင်း အာမခံချက်ပေးထားသည်ဟု ထင်ရသော်လည်း အရပ်ဘက်လူထုအသိုင်းအဝိုင်းကို ကိုယ်စားပြုမှု အလုံအလောက် ပါဝင်ခြင်း မရှိသေးကြောင်း မိမိတို့ ယုံကြည်ပါသည်။ စစ်တပ်သည် အဓိက လူ့အခွင့်အရေးချိုးဖောက်နေသူ ဖြစ်နေသောကြောင့် ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအသွင်ဖြင့် လက်ရှိစစ်မှုထမ်းနေသူများ ပါရှိနေခြင်းက အထူးပင် ပြဿနာရှိနေပါသည်၊ နောက်ထပ်အဓိကပြဿနာတစ်ခုမှာ ကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦး ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သော အခွင့်အရေးအခြေပြု အဖွဲ့အစည်းများကို ကန့်သတ်ချုပ်ချယ် ထားသည့် ဥပဒေများကြောင့် အခွင့်အရေးအခြေပြုအဖွဲ့အစည်း အများအပြားမှာ မှတ်ပုံတင် မထားကြသဖြင့် ကွဲပြားစုံလင်သော အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ပါဝင်မှုကို ကန့်သတ်နေပါသည်။
ရွေးချယ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၏ ချို့ယွင်းချက်များကို အသိအမှတ်ပြုပြီး တစ်ချိန်တည်းတွင် အများပြည်သူ ပါဝင်ဆောင်ရွက်နိုင်ပြီး ရွေးချယ်မှုကို ဝေဖန်ထောက်ပြနိုင်သည့် ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့ဝင်လောင်းများ စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာစေရန် ဖော်ဆောင် နိုင်ပါသေးသည်။ နိုင်ငံတကာ စံနှုန်းများအရ နိုင်ငံအဆင့်လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ရွေးချယ်ရေး လုပ်ငန်းစဉ်များအတွက် “ရှင်းလင်းမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အရည်အချင်းပေါ် အခြေခံသော၊ အားလုံးပါဝင်မှုရှိသော ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း လုပ်ငန်းစဉ်” ဖြစ်ရန်လိုအပ်ပါသည်။[2] ဤသို့လုပ်နိုင်ရန်အတွက် လစ်လပ်နေရာများကို အများပြည်သူသိစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများသည် လူမှုအဝန်းအဝိုင်းအလွှာပေါင်းစုံမှ အလုပ်လျှောက်ထားနိုင်ခြင်း၊ စိစစ်ခြင်း၊ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း လုပ်ငန်းစဉ်များသည် အများပြည်သူနှင့် လည်းကောင်း၊ အရပ်ဘက် လူထုအသိုင်းအဝိုင်းများနှင့်လည်းကောင်း ဆွေးနွေးတိုင်ပင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ လျှောက်ထားသူများကို စိစစ်ရာတွင် “ကြိုတင်ချမှတ်ထားပြီးသား ရည်ရွယ်ချက်များနှင့် အများပြည်သူကို ချပြထားသည့် သတ်မှတ်ချက်များအား အခြေခံ၍” စိစစ်ခြင်းဖြင့် လျှောက်ထားသူများ ကိုယ်စားပြုသည့် အဖွဲ့အစည်း သို့မဟုတ် ဌာနကိုကြည့်၍ ရွေးချယ်ခြင်းထက် တစ်ဦးချင်းအစွမ်းအစကို အခြေခံ၍ ရွေးချယ်ရမည် ဖြစ်သည်။ MNHRC အဖွဲ့ဝင်အသစ်များ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အထက်ပါနည်းလမ်းများဖြင့် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သည်ဟု မိမိတို့ ယုံကြည်ထားပြီး ယခုလိုအခွင့်အခါကောင်းကို အသုံးချ၍ ကော်မရှင်ကို သွေးသစ်လောင်းနိုင်ရန် ရွေးချယ်ရေးဘုတ် အဖွဲ့ကို မိမိတို့မှ အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။ ထိုမှသာ MNHRC အနေဖြင့် လူ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသော အရည်အချင်းပြည့်ဝသည့် တက်ကြွသော အဖွဲ့ဝင်များအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူလူထုနှင့် ယုံကြည်မှုကို စတင်တည်ဆောက်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ –
၁။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)
၁။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
၂။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)
၃။ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)
၄။ စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile)
၅။ ညီမျှခြင်းမြန်မာ (EQMM)
၆။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၇။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)
၈။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
၉။ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)
၁၀။ မျိုးဆက်လှိုင်း (GW)
၁၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
၁၃။ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)
၁၄။ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yagon Watch)
၁၅။ ရှေ့ပြေးအသံအဖွဲ့ (PV)
၁၆။ လောကအလင်း (Loka Ahlinn)
၁၇။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
၁၈။ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)
၁၉။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)
၂၀။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့
၂၁။ Metta Campaign – Mandalay
၂၂။ Myanmar People Alliance (Shan State)
၂၃။ The Seagull
၂၄။ Synergy (Social Harmony Organization)
ဆက်သွယ်ရန်
မှတ်ချက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တစ်ကယ် ကာကွယ် မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ် ဖြစ်လာစေရေးအတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းပါသည်။
[1] See ‘Burma: All Shook Up.’ Burma/Myanmar Chapter of the 2018 ANNI Report. Burma Partnership, Equality Myanmar, and Smile Education and Development Foundation. 18 September 2015. http://www.burmapartnership.org/wp-content/uploads/2015/09/1-Burma-FINAL-04-August-2015.pdf and Wai Mar Tun, Ye Tike, and Tin Aung Khine. ‘Myanmar Human Rights Commission backs Army’s Story of Kyauktan Massacre.’ Radio Free Asia. 13 June 2019. https://www.rfa.org/english/news/myanmar/story-06132019170639.html
[2] See the ‘General Observations of the Sub-Committee on Accreditation.’ Global Alliance of National Human Rights Institutions. 2018. https://nhri.ohchr.org/EN/AboutUs/GANHRIAccreditation/General%20Observations%201/Forms/Default%20View.aspx
ဤထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။
Download this statement in English HERE.
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.