နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအကြောင်း အစီရင်ခံစာထုတ်ပြန်

June 20th, 2019  •  Author:   Radio Free Asia  •  1 minute read
Featured image

လက်နက်ကိုင်ပဋိပက္ခနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည်အရေးနဲ့ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို တိုင်းရင်းသားအဖွဲ့အစည်း ၁၅ ခု က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာကို ဒီကနေ့ကျရောက်တဲ့ ကမ္ဘာဒုက္ခသည်နေ့မှာ ရန်ကုန်မြို့ ဂရင်းဟေးလ်ဟိုတယ်မှာ အခမ်းအနားနဲ့ ကျင်းပပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“အိမ်မလွမ်းသူ ဘယ်သူရှိမလဲ – မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်နေသော ကာလရှည်ကြာနေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို Progressive Voice ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ တအောင်း၊ ပအိုင်ဝ်း၊ ကချင်နဲ့ ရှမ်းဒုက္ခသည်အသိုင်းအဝိုင်းတွေနဲ့ အတူလုပ်ကိုင်နေတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်း ၁၅ ဖွဲ့က ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရခြင်းဟာ လက်နက်ကိုင် ပဋိပက္ခမီးနဲ့ ဆက်နွယ်နေတဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် အခွင့်အရေးချိုးဖောက်မှု၊ ဘေးဖယ်ပစ်ပယ်မှုနဲ့ ခွဲခြားဆက်ဆံခြင်းတို့ရဲ့ရလဒ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရွာတွေမီးရှို့ခံရတာ ဒါမှမဟုတ် အဓမ္မလုပ်အားပေးခိုင်စေခံရတာတွေကနေ လွတ်မြောက်ဖို့အရေး ထွက်ပြေး လာခဲ့ရတာကြောင့် နေရပ်ပြန်ဖို့အတွက် ဒုက္ခသည်တွေနဲ့ IDP တွေရဲ့ တရားဝင် အထောက်အထား၊ နိုင်ငံသားဖြစ်မှု၊ မြေယာပိုင်ဆိုင်မှုနဲ့ အခြားပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အထောက်အထားတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေရှိလာမှသာ ဒုက္ခသည်တွေအတွက် နေအိမ်ပြန်ဖို့ အခွင့်အလမ်းရရှိလာမှာဖြစ်ပြီး နောင် ၁ နှစ် ၂ အတွင်းမှာတော့ ပြန်ဖို့ လုံခြုံမှုမရှိသေးတဲ့အကြောင်း ဒီပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ရှေ့ပြေးအသံအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အဲလက်စ် မူဒီက RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက်နဲ့ ကိုထက်အာကာ တို့ ပေးပို့တာပါ။


Original post.