20 June 2019
စစ်ရှောင်စခန်းများကို စွန့်ခွာပြီး နေရပ်ပြန်ချင်သော်လည်း ကျေးရွာများအနီး မြေမြုတ်မိုင်းများရှိနေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ ရွာအနီးအနားတွင်ရှိနေခြင်း၊ စားသောက်ရေးအတွက် စိုက်ပျိုးမြေများမရှိတော့ခြင်း စသည့် စားဝတ်နေရေးအခက်အခဲများ၊ လုံခြုံရေးအရ စိုးရိမ်ရမှုများ ရှိနေသည်။
ထိုင်းနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ထောင်ပေါင်းများစွာမှာ နေရပ်ပြန်ရန်အတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့မှ ဦးဆောင်ပြီး အဖွဲ့အစည်း ၁၅ ဖွဲ့က အစီအရင်ခံစာတစ်စောင်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
‘ အိမ်မလွမ်းသူ ဘယ်သူရှိမလဲ ’ ဆိုသည့် ခေါင်းစဉ်ဖြင့်ထုတ်ပြန်သည့် ယင်းအစီအရင်ခံစာကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက် မေးမြန်းခဲ့သည့် အချက်အလက်များပေါ် အခြေခံပြီး ထုတ်ပြန်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
စစ်ရှောင်များအနေဖြင့် စစ်ရှောင်စခန်းများကို စွန့်ခွာပြီး နေရပ်ပြန်ချင်သော်လည်း ၎င်းတို့နေထိုင်ရာ ကျေးရွာများအနီး မြေမြုတ်မိုင်းများရှိနေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ ရွာအနီးအနားတွင်ရှိနေခြင်း၊ စားသောက်ရေးအတွက် စိုက်ပျိုးမြေများမရှိတော့ခြင်း စသည့် စားဝတ်နေရေးအခက်အခဲများ၊ လုံခြုံရေးအရ စိုးရိမ်ရမှုများ ရှိနေသည်ဟု အစီအရင်ခံစာတွင် ဖေါ်ပြထားသည်။
စစ်ရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် အခက်အခဲများရှိနေသလို အစိုးရဘက်မှလည်း နေရပ်ပြန်ရေးအတွက် တစ်စုံတစ်ရာ ပြောဆိုတာမျိုးမရှိသေးကြောင်း၊ စစ်ရှောင်များအတွက် ထောက်ပံ့မှုများလည်း လျော့နည်းနေကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC) ၏ပြောခွင့်ရ Naw Blooming Night Zan က Myanmar Now ကို ပြောသည်။
“ တကယ်လို့ ပြန်လို့မရသေးတဲ့ အခြေအနေမှာပဲ ဆက်ရှိနေမယ်ဆိုရင်လည်း အထောက်ပံ့တွေကတော့ ဆက်ရှိနေသင့်တယ် ” ဟု ၎င်းက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီမှ ကူညီဆောင်ရွက်ပေးနေသည့် ထိုင်း၊မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည် ကိုးသောင်းဝန်းကျင်ခန့်ရှိကြောင်း၊ ထို့အပြင် တပ်မတော်၏ အပစ်ရပ်ကာလ ၆ လအတွင်းမှာပင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်များ၏ အရေအတွက်မှာလည်း ဆက်လက် တိုးမြင့်လျှက်ရှိကြောင်း ၎င်းထံမှ သိရသည်။
ကျန်ခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်အခြေစိုက် တပ်မတော်တပ်ရင်းအချို့က စစ်ရှောင်စခန်းအချို့ကို နေရပ်ပြန်ရန် တွန်းအားပေးသော်လည်း စစ်ရှောင်များက ငြင်းဆန်ခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပိုးကေမဲ့ခြိူဝ်းက ပြောသည်။
“ သူတို့မှာက ပြဿနာက တစ်ခုတည်းမဟုတ်ဘူး၊ စိုးရိမ်စိတ်တွေ တအားများနေတုန်းပဲ မလုံခြုံဘူးလို့ ခံစားနေရတုန်းပဲ ” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊နမ့်ခမ်း စသည့် မြို့များရှိ စစ်ဘေးရှောင်စခန်းများတွင် တိမ်းရှောင်နေရသူ သုံးထောင်ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားစဉ်ကာလ ယာယီတိမ်းရှောင်သူပေါင်း တစ်သောင်း ဝန်းကျင်ခန့်ရှိသည်ဟု TWO ၏ စာရင်းများအရ သိရသည်။
ကျန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀ ခန့် တိမ်းရှောင်ကြရသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့၌ ထုတ်ဝေသော အဆိုပါအစီခံစာတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ကတော့ ပါဝင်ခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူမှာ ငါးသောင်း နီးပါးအထိ ရှိလာနေပြီဖြစ်သည်။
ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနိုင်ရေးရုံး(UNOCHA)၏ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.