Report 568 Views

ကျုပ်တို့အပေါ် စစ်ကြေညာခြင်း – ၂၀၁၈ ခုနှစ် VFV ဥပ ဒေပြင်ဆင်ချက်နှင့် တိုင်းရင်းသားလူမျိုးများအပေါ် ရိုက် ခတ်မှုများ

January 31st, 2019  •  Author:   Transnational Institute  •  1 minute read
Featured image

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေယာဆိုင်ရာ ရပိုင်ခွင့် လူ့အခွင့်အရေး

လတ်တလော လွှတ်တော်မှ ပြင်ဆင်အတည်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေသည် မြန်မာနိုင်ငံအနှံ့ရှိ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများရှိ သန်း ပေါင်းများစွာသော ကျေးလက်နေလက်လုပ်လက်စားလူတန်းစားများအပေါ် ကျယ်ပြန့်နက်ရှိုင်းစွာ အထိနာစေသည့် လက်ငင်းထိခိုက်မှုများကို သက်ရောက်လာစေခဲ့သည်။ ထို့အပြင် အဆုံးစွန်အနေ ဖြင့် ဤဥပဒေသစ်သည် မြန်မာနိုင်ငံအတွက် အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအလားအ လာများကိုသာမက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ်တွင်လည်း ဆိုးဆိုးရွားရွား သက်ရောက်ထိခိုက်လာနိုင်သည့် အလားအလာရှိနေသည်။

အထူးသဖြင့် နယ်စပ်တိုင်းရင်းသားဒေသများနှင့် မြန်မာပြည်အနှံ့၌ လယ်ယာဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်လျက်ရှိကြသည့် လူထုလူတန်းစားများ၏ ဘဝသာယာဝပြောရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို အစဉ်အလာအတိုင်း ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာနှင့် သယံဇာတအရင်းအ မြစ် စီမံခန့်ခွဲရေးစနစ်များအားဖြင့် ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့နေအောင် ကျားကန်ပေး ထားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စနစ်ပေါင်းများစွာ ဆက်လက်ရှင်သန်အသက်ဝင်နေဆဲဖြစ်သလို ကျေးရွာအဆင့်၌ ရွာသူရွာသားအချင်းချင်းနှင့် မြေယာနှင့် သယံဇာတအရင်းအမြစ်များအကြား အပြန် အလှန်အကျိုးပြုရာ၌ လူမှုရေးအရ တရားမျှတမှုရှိစေရန် စည်းကြပ်ထိန်းကျောင်းပေးနေဆဲပင်ဖြစ် သည်။ ဤစနစ်များ၌ ရပ်ရွာတွင်းရှိ မြေယာနှင့် သယံဇာတအရင်းအမြစ်များအပေါ် ရပ်ရွာလူထု၏ ထိန်းချုပ်စီမံပိုင်ခွင့်အာဏာနှင့် ယင်းတို့၏ အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုပုံစံများအပေါ် စည်းကြပ်ထိန်း ကျောင်းမှုစနစ်များ ပါဝင်လျက်ရှိသည်။ အများအားဖြင့် ဤစနစ်များကို စာထက်အက္ခရာတင်ထားခြင်း မရှိသော်လည်း မည်သူက မည်သည့်မြေကို မည်သည့်ရည်ရွယ်ချက်အတွက် မည်မျှကြာအောင် အသုံး ပြုနိုင်သည်ကို ကျေးရွာအတွင်းနှင့် ကျေးရွာအချင်းချင်းကြား အစဉ်အဆက် ရှင်းလင်းပြတ်သားစွာ လက်ခံအသိအမှတ်ပြုထားကြပြီးဖြစ်သည်။

လက်ရှိအချိန်၌ ဤစနစ်များသည် ဘက်ပေါင်းစုံမှ ဖိအားပေးခြိမ်းခြောက်ခံနေရပြီဖြစ်သည်။ ၂၀၁၂ ခု နှစ်အတွင်း၌ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသည် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေဟူသည့် ဥပဒေသစ်နှစ်ရပ်ကို ပြဋ္ဌာန်းကျင့်သုံးလာခဲ့သည်။ ဤဥပဒေသစ်များက အကြီး စားမြေယာလုယူ သိမ်းဆည်းမှုများကို တရားဝင်ဥပဒေဘောင်အတွင်းမှ ဖော်ဆောင်နိုင်စေရန် ခွင့်ပြု ပေးခဲ့သည်။ လယ်ယာမြေဥပဒေအရ မြေခွန်ပြေစာ(LUCs)ဖြင့် ဈေးကွက်၌ ရောင်းနိုင် ဝယ်နိုင် အ ပေါင်ခံနိုင်၍ လွှဲပြောင်းနိုင်သည့် ရောင်းကုန်ဖြစ်လာခဲ့သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေအရ အစိုးရအနေဖြင့် လက်တွေ့၌ ရပ်သူရွာသားများပိုင်ဆိုင်လျက်ရှိသည့် စိုက်ပျိုးမြေများနှင့် သစ်တောမြေများကို ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် တရားဝင်လုပ်ပိုင်ခွင့် လွှဲပြောင်းချထားနိုင် ရန် ခွင့်ပြုပေးလိုက်သည်။ ယင်းနယ်မြေများ၌ ကုန်းမြင့်တောင်တန်းဒေသများရှိ အထူးသဖြင့် အနား ပေးစိုက်ကွက်များအပါအဝင် ရွှေ့ပြောင်းတောင်ယာမြေများနှင့် တရားဝင်အမည်ပေါက်မှတ်ပုံတင်ထား ခြင်းမရှိသည့် မြေနိမ့်ဒေသမြေယာများပါ အကျုံးဝင်လျက်ရှိသည်။

စိုးရိမ်ဖွယ်ရာအကောင်းဆုံး ကိစ္စရပ်မှာ တရားဝင်အမည်ပေါက်မြေခွန်ပြေစာများ သို့မဟုတ် နိုင်ငံသား စိစစ်ရေးကတ်လက်ဝယ်ပိုင်ဆိုင်သူများပင် အနည်းအကျဉ်းမျှသာရှိသည့် ကုန်းမြင့်ဒေသများ၌ အစဉ် အလာတစ်ရပ်လို ကျင့်သုံးလာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုး ရေး အလေ့အထများနှင့် ပတ်သက်သည့် လက်ရှိမြေယာလုပ်ပိုင်ခွင့်စနစ်များကို ဤဥပဒေသစ်များ၌ ထည့်သွင်းအသိအမှတ်ပြုထားမှု မရှိခြင်းပင်ဖြစ်သည်။ အမှန်တကယ်တမ်း၌လည်း ဥပဒေသစ်များ သည် ဓလေ့ထုံးတမ်းဆိုင်ရာနှင့် အများပိုင်ဘုံမြေယာအခွင့်အရေးများကို အသိအမှတ်ပြုထား ခြင်းအလျဉ်းမရှိပေ။ ထို့ထက်ပို၍ဆိုရသော် ယင်းဥပဒေများသည် စီးပွားရေးအခွင့်အလမ်း နည်းပါးလွန်းခြင်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေဒေသများမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ကြရသည့် သိန်းနှင့်ချီသည့် တိုင်းရင်းသားလူ ထုလူတန်းစားများ၏ နေရပ်ပြန်ပိုင်ခွင့် အခွင့်အရေးကိုပင် မျက်ကွယ်ပြုလျက်ရှိသည်။ ရလဒ်အနေဖြင့် ဥပဒေသစ်များသည် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းရှင်များကိုသာ သီးခြားကွက်၍ အကျိုးခံစားခွင့် ပြုထားသည်ဟု သုံးသပ်ရသည်။ အထူးသဖြင့် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံမျှသော လူထုလူတန်းစားများ၏ ဘဝပေါင်းများစွာကို စတေးခံချနှင်း၍ အကြီးစားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွား များကိုသာလျှင် ရှေ့တန်းတင်သည့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဤဥပဒေများအောက်ရှိ ရပ်ရွာလူထုများမှ စီမံခန့်ခွဲလျက်ရှိသည့် ကျေးရွာပိုင်သစ်တောများ၊ ရေဝေရေ လဲနယ်မြေများ၊ ငါးကန်များနှင့် စားကျက်မြေကဲ့သို့သော သယံဇာတအရင်းအမြစ်များသည် ရပ်ရွာ တွင်း အထူးသဖြင့် အထိခိုက်လွယ်သည့် အိမ်ထောင်မိသားစုများ၏ ညအသက်မွေးဝမ်းကျောင်းလုပ် ငန်းများနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မရှိမဖြစ်အရေးပါနေလင့်ကစား လုယူသိမ်းဆည်းခံရနိုင်ခြေ အမြင့်ဆုံး အခြေအနေမျိုး ကြုံတွေ့ရလျက်ရှိသည်။ အသေးစားလက်လုပ်လက်စား တောင်သူငယ်များ သည် ဤဥပဒေအောက်၌ “ကျူးကျော်များ”အဖြစ် ခေါင်းစဉ်တပ်သမုတ်ခံနေရလျက်ရှိသည်။ ဥပဒေအ ရ စီးပွားဖြစ်စက်မှုသီးနှံစိုက်ခင်းများအတွက် အမြင့်ဆုံးမြေဧက ၅၀၀၀၀ ခန့်ကို နှစ် ၃၀ အငှားစာချုပ် ဖြင့် လုပ်ပိုင်ခွင့်ပြုထားသည့်အပြင် လိုအပ်ပါက ဆက်လက်သက်တမ်းတိုး လျှောက်ထားနိုင်ရန်လည်း ခွင့်ပြုပေးလျက်ရှိသည်။ ဤဥပဒေသစ်များနှင့် နဖူးတွေ့ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင်နေကြရသည့် နိုင်ငံ တစ်လွှားရှိ တိုင်းရင်းသားလူထုလူတန်းစား ကိုယ်စားလှယ်များက “ကျနော်တို့ဆီမှာ မြေလွတ်၊ မြေ လပ်နဲ့ မြေရိုင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”ဟု TNI အား အကြိမ်ကြိမ်ပြောဆိုလာခဲ့သည်။ ဤ ကဲ့သို့သော အသုံးအနှုန်းမျိုးသည် တိုင်းရင်းသားဘာသာစကားအတော်များများ၌ လုံးဝမရှိခဲ့ဖူးသည့် စကားရပ်ပင်ဖြစ်နေသည်။

ဤကဲ့သို့ ဆိုးရွားလျက်ရှိသည့် ပြဿနာအချို့ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၁၆ ခုနှစ် အစောပိုင်း အာဏာမလွှဲမီစပ်ကြား ဦးသိန်းစိန်အစိုးရမှ အမျိုးသားမြေအသုံးချမှုမူဝါဒ(NLUP)တစ်ရပ် ကို ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ NLUP ၌ တိုင်းရင်းသားမျိုးနွယ်စုများ၏ လုပ်ထုံးလုပ်နည်းများ၊ ဓလေ့ထုံး တမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့် အခွင့်အရေးများ၊ စစ်ဘေးဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများ(IDPs)၏ နေရပ်ပြန်ခွင့်နှင့် မူလရပိုင်ခွင့်အခွင့်အရေးများကို ပြန်လည်ရ ယူခံစားပိုင်ခွင့်တို့ကို အသိအမှတ်ပြု အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်များပါဝင်လျက်ရှိသည်။ ၂၀၁၆ ခုနှစ် NLUP နှင့် လူထုဆွေးနွေးတိုင်ပင်ပွဲ လုပ်ငန်းစဉ်၏ စံချိန်စံနှုန်းအရ အသစ်ပြဋ္ဌာန်းမည့် အနာဂတ်မြေယာဥပဒေသစ်များအားလုံးသည် NLUP ၏ စံအတိုင်းဖြစ်ရမည်ဟူသည့် စည်းတစ်ခုကို ချမှတ်ပေးခဲ့သည်။ သို့သော်လည်း လက်ရှိလူထုလူတန်းစားများ လက်ခံရရှိနေသည့်အရာမှာ ပို၍စံ လျှောလာသည့် မြေယာဥပဒေအပျက်အစီးတစ်ခုသာဖြစ်နေသည်။ ပြင်ဆင်အတည်ပြုခဲ့သည့် VFV ဥ ပဒေသည် NLUP ကို ဥပေက္ခာပြုရုံမျှမက ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကွဲလွဲနေသည်။

ဦးသိန်းစိန်အစိုးရ ဆင်းသွားပြီးနောက် အစောပိုင်းအခြေအနေ၌ ဒီမိုကရေစီ ထုံးနည်းစံကျရွေးကောက် တင်မြှောက်ခံခဲ့ရသည့် NLD အစိုးရသည် နိုင်ငံတစ်နံတစ်လျားရှိ ကျေးလက်နေလက်လုပ်လက်စား ပြည်သူများ၏ အရေးကိစ္စများကို အထူးအလေးပေးစဉ်းစားပေးလိမ့်မည်ဟု မျှော်လင့်တကြီးရှိခဲ့ကြ သည်။ ၎င်းတို့၌ ပါတီနှင့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခဲနက်မဲပေးခဲ့ကြသည့် တိုင်းရင်းသားနယ်မြေဒေသများလည်း ပါဝင်ခဲ့ကြသည်။ ထင်သာမြင်သာရှိသည့် အရွေ့တစ်ခုအနေ ဖြင့် NLD အစိုးရသည် ယမန်နှစ် ဦးသိန်းစိန်အစိုးရလက်ထက်က မြေယာဥပဒေဟောင်းများကိုသာ ပြင်ဆင်အတည်ပြုနိုင်ရန် ကြိုးပမ်းအားထုတ်လာခဲ့သည်။

မည်သို့ဆိုစေ နောက်ပိုင်း၌ အစိုးရသစ် ပြင်ဆင်အတည်ပြုလိုက်သည့် ဥပဒေသစ်များသည် နဂိုရှိရင်းစွဲ ဥပဒေပြဋ္ဌာန်းချက်များထက်ပင် ပိုမိုဆိုးရွားလာခဲ့ကြောင်း လူထုမှ တဖြည်းဖြည်းသိမြင်နားလည်လာခဲ့ သည်။ ၂၀၁၇ ခုနှစ် မှစ၍ မြေသိမ်းအက်ဥပဒေသစ်တစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဒုတိယပြင်ဆင်ချက်မူကို ထပ်မံတင်သွင်းခဲ့သည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဤမြေသိမ်းဥပဒေမူကြမ်းသည် ကုလသမဂ္ဂဌာနေတိုင်းရင်းသားများဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းကဲ့သို့သော နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ဆက်စပ်လူ့အခွင့်အရေး ဥပဒေကျင့်ထုံးများကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်လျက်ရှိသည်ဟု သုံးသပ်ရှုမြင်လျက်ရှိသည်။ လူထုလူတန်းစားများ ၏ ဓလေ့ထုံးတမ်းဆိုင်ရာမြေယာအခွင့်အရေး၊ IDPs နှင့် စစ်ဘေးဒုက္ခသည်များ၏ မူလရပိုင်ခွင့်အခွင့် အရေးများကို အသိအမှတ်ပြု၍ ဘေးဆီးရန်ကာပေးထားခြင်းမရှိသည့် အခင်းအကျင်းမျိုး၌ နောက် ဆက်တွဲဆိုးကျိုးသက်ရောက်ထိခိုက်မှုများ အလွန်ပြင်းထန်လာနိုင်သည်။ ပြောရမည်ဆိုလျှင် လက်ရှိ အစိုးရအနေဖြင့် အဆိုပါဥပဒေများအပေါ် အများပြည်သူလက်ခံသဘောတူလာစေရန်နှင့် လူမှုရေး ကျင့်ဝတ်များနှင့် လျော်ညီလာအောင် မည်သို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နားလည်ရအလွန်ခဲ ယဉ်းလျက်ရှိသည်။

၂၀၁၈ ခုနှစ် VFV ဥပဒေ၌လည်း လူမုန်းများလှသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းသဘောတရားကို အားဖြည့်ထောက်ခံထားသည်။ ဥပဒေအရ မှတ်ပုံမတင်ရသေးသူများနှင့် မိမိတို့၏ မြေတစ်စိတ်တစ် ပိုင်းကို မှတ်ပုံတင်လိုသူများအား ခြောက်လအတွင်းမှတ်ပုံတင်ရန် ရာဇသံပေးလာခဲ့ပြန်သည်။ ဤနည်းအားဖြင့် ဤဥပဒေသည် မြေယာမှတ်ပုံတင်စီမံကိန်းများနှင့် ပတ်သက်၍ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ပြဿနာများကို လုံးဝဥပေက္ခာပြုလျက်ရှိသည်။ အလားတူပင် မှတ်ပုံတင်ရန် ကြိုးပမ်းလာသူများအားလည်း အနောက်တိုင်းဟန်စွက်လွန်းသည့် ပုဂ္ဂလိကပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို အသားပေးလွန်းသည့် မြေယာဈေးကွက်အခင်းအကျင်းမျိုးနှင့် ပတ်သက်သည့် ပြဿနာများ၌ ပိတ်မိသွားစေလျက်ရှိသည်။ ထိုနည်းတူပင် VFV ဥပဒေသစ်၌ မိမိတို့၏ မြေယာကို မှတ်ပုံတင်ခြင်းမရှိသူများနှင့် မှတ်ပုံတင် ရန်ပျက်ကွက်သူများကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ချမှတ်နိုင်ရန် စိုင်းပြင်းလာခဲ့ခြင်းကလည်း တိုင်းရင်းသားနယ်မြေဒေသများရှိ မြေယာများအပေါ် မှီခိုအသက်ရှင်လျက်ရှိသည့် လူထုလူတန်းစား များကို ရာဇဝတ်သားများအနေဖြင့် ကြီးလေးပြင်းထန်သည့် ပြစ်ဒဏ်များချမှတ်ရန် လုပ်ပိုင်ခွင့်အပ်နှင်း ပေးလျက်ရှိသည်။

သို့ဖြစ်၍ ဤဥပဒေသစ်သည် လက်တွေ့မြေပြင်၌ အတင်းဖိအားပေးမှုမပါရှိဘဲ သို့မဟုတ် အင်အားသုံး ခြင်းမရှိဘဲ အာဏာသက်ဝင်လာနိုင်ခြေရှိမရှိ စိတ်ကူးပုံဖော်ရန် ခဲယဉ်းလျက်ရှိသဖြင့် ဥပဒေပြဋ္ဌာန်းသူ များက နောက်ဆုံးလျှောက်ထားရမည့်ရက်ကန့်သတ်ချက်နှင့် ပြစ်ဒဏ်များကိုချမှတ်ဖော်ဆောင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။ တစ်နေ့တစ်ရက်တည်းဖြင့် ဤပြင်ဆင်အတည်ပြုချက်သည် မိမိတို့၏ ဘိုးဘွားပိုင်မြေများအပေါ် မျိုးဆက်ပေါင်းများစွာ နေထိုင်လုပ်ကိုင်စားသောက်လာခဲ့ကြသည့် သန်း ပေါင်းများစွာသော လူထုလူတန်းစားများကို “ကျူးကျော်များ”အဖြစ် စာရင်းသွင်းလိုက်ရုံမျှမက ပြစ် မှုကြောင်းအရ အရေးယူ၍ ထောင်ဒဏ်များချမှတ်သွားရန် ခြိမ်းခြောက်လာခဲ့သည်။  တိုင်းရင်းသားလူ လူထုလူတန်းစား ခေါင်းဆောင်တစ်ဦးက “ဒီဥပဒေက ကျနော်တို့အပေါ် စစ်ကြေညာလိုက်တာပါပဲ”ဟု ပြောဆိုသွားခဲ့သည်။

ဤကဲ့သို့သော ဖိအားပေးမှုကို တုန့်ပြန်သည့်အနေဖြင့် ဒို့မြေကွန်ရက်(LIOH)နှင့် မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုရှိရေးနှင့် တာဝန်ယူတာဝန်ခံမှုရှိရေး မဟာမိတ်အဖွဲ့(MATA)ဟူသည့် ပြည်တွင်း ကွန်ရက်နှစ် ခုက သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူထုလူတန်းစားများနှင့် ထဲထဲဝင်ဝင်ဆွေးနွေးတိုင် ပင်၍ VFV ဥပဒေပယ်ဖျက်ပေးရေးနှင့် ဖက်ဒရယ်မြေယာဥပဒေသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းပေးရန် အစိုးရအား တိုက်တွန်းတောင်းဆိုသည့် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။ ဒို့မြေကွန်ရက် သည် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းပေါင်း(၆၀)ကျော်ဖြင့် အသေးစားတစ်ပိုင်တစ်နိုင် လက်လုပ်လက်စားတောင်သူများ၏ လူ့အခွင့်အရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။ MATA သည် တွင်းထွက်သယံဇာတတူး ဖော်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူတာဝန်ခံမှုရှိစေမည့် စံချိန်စံနှုန်းများ ရေးဆွဲကျင့် သုံးရန် တွန်းအားပေးလျက်ရှိသည့် နိုင်ငံတစ်နံတစ်လျားမှ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားစင်္ကြန်တစ်ရပ်ဖြစ်သည်။

ဒို့မြေကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူက “ဒီဥပဒေဟာ တိုင်းရင်းသားနယ်မြေဒေသတွေမှာ အကြီးအ ကျယ် ပဋိပက္ခဖြစ်လာစေတဲ့” အလားအလာကို မြင့်တက်လာစေတယ်ဟု ပြောဆိုထားသည်။ “ဒါက နည်းပညာဆိုင်ရာ ကိစ္စထက် နိုင်ငံရေးနည်းအရ ဖြေရှင်းသင့်တဲ့ ကိစ္စရပ်တစ်ခုပါ။” လူထုလှုပ်ရှားမှု သည် Facebook တစ်ခွင်၌ ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်မှုရရှိခဲ့သည့်အပြင် မီဒီယာများ၏ အလေး ထားအာရုံစိုက်မှုကိုပါရရှိခဲ့သည်။ ထို့အပြင် လူထုလှုပ်ရှားမှု၏ တောင်းဆိုချက်များနှင့် သဘောထား များကို ပဲ့တင်ထပ်၍ အဖွဲ့အစည်းပေါင်းများစွာကလည်း သဘောထားကြေညာချက်များ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ ယင်းတို့၌ စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA တိုင်းရင်းသားနိုင်ငံရေးပါတီများမဟာမိတ်အဖွဲ့)၊ ကရင်အမျိုးသားအစည်းအရုံး (KNU – တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့)၊ ကချင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသူ များ၊ လတ်တလောလွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် ကရင်နီမြေယာညီလာခံထုတ်ပြန်ချက်နှင့် ကယန်း အဖွဲ့အစည်းပေါင်းများစွာ၏ ဘုံသဘောထား ထုတ်ပြန်ကြေညာချက်များ ပါဝင်လာခဲ့သည်။ ၎င်းတို့ အားလုံးလိုလိုသည် VFV ဥပဒေနှင့် ပတ်သက်၍ အထူးတလည်စိုးရိမ်ပူပန်လျက်ရှိပြီး ဖျက်သိမ်းပေး ရန် လိုလားနေကြသည်။

KNU သည် ၁၉၇၄ ခုနှစ်များကတည်းက ကိုယ်ပိုင်မြေယာမူဝါဒကို ချမှတ်ကျင့်သုံးလာခဲ့သည့် အဖွဲ့အ စည်းတစ်ရပ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ ပြန်လည်ပြင်ဆင်အတည်ပြုခဲ့သည်။ KNU ၏ မူဝါဒအတွင်း၌ တိုင်း ရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာနှင့် အများဆိုင်ဘုံမြေယာအခွင့်အရေးများသာမက စစ်ဘေးဒုက္ခ သည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများ၏ မြေယာဆိုင်ရာ လူ့အခွင့်အရေး များကို အတိအလင်းထည့်သွင်းဖော်ပြထားသည်။ သောင်တင်ရေမကျဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွင်း ဤအခြေခံမူများကို ထည့်သွင်းဆွေးနွေးရန် KNU ဖက်မှ ကြိုးပမ်းအားထုတ်ခဲ့သော် လည်း မြန်မာစစ်တပ်(တပ်မတော်) ကိုယ်စားလှယ်များ၏ ဆန့်ကျင်ကန့်ကွက်မှုနှင့် NLD ကိုယ်စား လှယ်များ၏ အားတက်သရော ထောက်ခံပြောဆိုမှုမရှိခဲ့သဖြင့် အောင်မြင်မှုမရရှိခဲ့ပေ။ ဆွေးနွေးညှိနှိုင်း ရာ၌ မည်သည့်တိုးတက်မှုမျှ မရှိခဲ့သဖြင့် လက်ရှိအချိန်၌ KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တရားဝင်အစည်းအဝေးများအားလုံးမှ နှုတ်ထွက်သွားခဲ့ပြီးဖြစ်သည်။

ဆိုးသည်ထက် ပိုမိုဆိုးရွားလာခဲ့သည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းလိုပါက အစိုးရအနေဖြင့် နယ်ခံလူထုလူတန်းစားများ၏ မြေယာများ လုပ်ယူသိမ်းဆည်းခံရခြင်းမရှိစေရန် အကာအကွယ်ပေးရ မည်ဖြစ်သည်။ မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးအတွက် အသေးစားတစ်ပိုင်တစ်နိုင် တောင်သူငယ်လေးများ၏ လူ့အခွင့်အရေးနှင့် လိုအပ်ချက်များကို လေးစား အသိအမှတ်ပြု၍ အားပေးအားမြှောက်ပြုရန် လိုအပ်ပါလိမ့်မည်။ မြေယာ၊ ရေ၊ သားငါးနှင့် သစ်တော များနှင့် ပတ်သက်သည့် ဓလေ့ထုံးတမ်းစနစ်များနှင့် ဘုံမြေယာလုပ်ပိုင်ခွင့်စနစ်များကို အသိအမှတ်ပြု ပေးခြင်းသည် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံတွင်းအဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးကို တည်ဆောက်ရာ၌ အလွန်အရေးပါသည့် တာထွက်ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့၏ သဘောဆန္ဒအတိုင်း သက်ဆိုင်ရာဘိုးဘွားပိုင်နယ်မြေများသို့ နေရပ်ပြန်လိုကြသည့် ဆယ်စု နှစ်ပေါင်းများစွာ စစ်ပွဲစစ်ဒဏ်များကို ခါးစည်းခံခဲ့ကြရသော်လည်း ဘေးဖယ်ခံထားကြရသည့် IDPs နှင့် စစ်ဘေးဒုက္ခသည်များအတွက် ရှေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကျောင်းအထောက်အပံ့ များ ကူညီဖြည့်ဆည်းပေးရန် အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး၏ မြေ ယာဆိုင်ရာ ရပိုင်ခွင့်လူ့အခွင့်အရေးကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်မှုမရှိခဲ့လျှင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ ဆက်လက်မှေးမှိန်နေဦးမည်ဖြစ်သည်။


Original post.