Press Release 101 Views

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သောကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှစ် (၇၀) ပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် ( ၁၁ / ၂၀၁၈)

December 10th, 2018  •  Author:   Myanmar National Human Rights Commission  •  1 minute read
Featured image

၁။      ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဤ သမိုင်းဝင် နေ့ထူးနေ့မြတ်ကို ဂုဏ်ပြု ဆင်နွှဲအပ်ပါသည်။

၂။      ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်သည်သာမက ကုလသမဂ္ဂ အထွေထွေညီလာခံကထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ နှစ် (၇၀) ပြည့်မြောက်သည့် နေ့ရက် အခါသမယလည်း ဖြစ်ပါသည်။ ဤကဲ့သို့သောနေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာကာလအတွင်းလူ့အခွင့်အရေးမြှင့်တင်ရေး၊ကာကွယ်ရေးတို့နှင့် စပ်လျဉ်းသည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အများ ပြည်သူသို့ အစီရင်ခံတင်ပြရန် အသင့်လျော် ဆုံးအချိန်အခါဖြစ်ပါသည်။

၃။      ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြပါရှိသည့် လူ့အခွင့်အရေးများနှင့် ၎င်းအခွင့်အရေးများသည် နေ့စဉ် လူမှုဘဝတွင် မည်သို့သက်ရောက်မှုရှိသည်ကို ပြည်သူများ သိရှိနားလည် စေရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင် ရေးနှင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်အတွက် မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ (၁၂) မျိုးဖြင့် ဘာသာပြန်ဆိုဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။ ပြည်သူများလူ့အခွင့်အရေးအသိပညာနှင့် လူ့အခွင့်အရေး ဗဟုသုတများကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်စေရန်အတွက် ကော်မရှင်သည် ၂၀၁၈ ခုနှစ်အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း (၂၃)မြို့နယ်သို့ သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေးဟောပြောပွဲများကို ကျင်းပခဲ့ပါသည်။ ထို့ပြင် မြို့ပြရှိပြည်သူလူထုသာမကကျေးလက်နေပြည်သူလူထုပါ လူ့အခွင့်အရေး အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ကော်မရှင်သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးရွာပေါင်း (၁၂) ရွာတို့သို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေးစကားဝိုင်းများကိုကျင်းပခဲ့ပါသည်။ အစိုးရဝန်ထမ်းများ လူ့အခွင့်အရေးအသိပညာ ရရှိပြီးမိမိတို့ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် လူ့အခွင့်အရေးစံများနှင့် အညီဆောင်ရွက်နိုင်ရန် အတွက်ကော်မရှင်သည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ တောင်ငူခရိုင်၊ မိတ္ထီလာခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ပခုက္ကူခရိုင်များရှိအစိုးရအရာထမ်းများအတွက် ခရိုင်အဆင့် အလုပ်ရုံသင်တန်း၊ မြို့နယ်အဆင့် ကလေးသူငယ်ကော်မတီဝင်များအတွက် သင်တန်းနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများအတွက် သင်တန်းစသည်ဖြင့် လူ့အခွင့်အရေးအသိပညာပေး သင်တန်း(၃) မျိုးစီကိုအရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ အလားတူပင် ကော်မရှင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများရှိတပ်မတော် အရာရှိသင်တန်းများနှင့် မန္တလေးမြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအရာရှိများသင်တန်းတို့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည် /အထက်မြန်မာပြည်) တို့၌ ဖွင့်လှစ်သောအရာရှိသင်တန်းများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ၏ ကျောင်းစီမံခန့်ခွဲအုပ်ချုပ်မှုသင်တန်းတို့တွင် လူ့အခွင့်အရေးဘာသာရပ်များကိုပို့ချခဲ့ပါသည်။

၄။      ကော်မရှင်သည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက် မှုနှင့် စပ်လျဉ်းသည့် တိုင်တန်းချက်များကိုကော်မရှင်လုပ်ထုံးလုပ်နည်း များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်လျက်ရှိ ပါသည်။ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိလက်ခံရရှိသောတိုင်တန်းချက်ပေါင်း (၂၈၁၈) စောင်အနက်   (၉၆၆) စောင်ကို စိစစ်ဆောင်ရွက်ခဲ့ပြီးတိုင်တန်းချက်အချို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုပေါင်း (၁၁)ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိအကျဉ်းထောင် (၂၅) ခု၊ ကျောက်ထုတ်စခန်း (၁၀) ခု ၊စိုက်ပျိုးမွေးမြူရေးအတတ်သင်စခန်း(၁၂)ခု၊ ရဲစခန်းအချုပ်ခန်း (၃၂) ခု၊ တရားရုံးအချုပ်ခန်း (၃၂) ခု၊ ဆေးရုံအချုပ်ခန်း (၁၅) ခုနှင့်  ဘိုးဘွားရိပ်သာ (၅) ခုတို့သို့ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက် များကိုသက်ဆိုင်ရာဌာနသို့ လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် ပေးပို့ခဲ့သည့်အပြင် အများပြည်သူသိရှိနိုင်ရန်အတွက်  ထုတ်ပြန်ချက်များလည်းထုတ်ပြန်ခဲ့ပါသည်။ ကော်မရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ လူ့အခွင့်အရေး အခြေအနေများကိုလေ့လာခြင်း၊ ကချင်ပြည်နယ်၊ ပူတာအို၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့များရှိ နေရပ်စွန့်ခွာဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာ၍တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။

၅။      ကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပသောကြားဖြတ် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်များအနက် မဲဆန္ဒနယ် ၆ ခုသို့ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်၍ သွားရောက်စောင့်ကြည့်လေ့လာပြီး တွေ့ရှိချက်များကို သတင်းထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အသေးစိတ်တွေ့ရှိချက်နှင့် အကြံပြုချက်များကိုနိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့သို့ ပေးပို့ တင်ပြခဲ့ပါသည်။

၆။      ဥပဒေရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကော်မရှင်သည် တည်ဆဲဥပဒေများနှင့် ဥပဒေကြမ်းများကို လူ့အခွင့်အရေး ရှုထောင့်မှ လေ့လာသုံးသပ်၍ အကြံပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်အတွင်း၌ ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မရှင်၏အကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ပါသည်။

၇။      ကော်မရှင်သည် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် လူ့အခွင့်အရေးဆိုင်ရာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်(South East Asia National Human Rights Institutions Forum – SEANF) နှင့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) တို့သို့လည်းကောင်း၊ ကုလသမဂ္ဂ ကကမကထပြုဖွဲ့စည်းထားသည့်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာကမ္ဘာ့အဖွဲ့ကြီး(Global Alliance of National Human Rights Institutions – GANHRI) သို့ လည်းကောင်းပါဝင်တက်ရောက်ကာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၈။      မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အရဒုတိယအကျော့ သုံးသပ်မှုခံယူစဉ်တွင် လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရဌာနများကအချိန်မီဆောင်ရွက် နိုင်ရန်အတွက် အကြံပြုတိုက်တွန်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်းကျင်းပခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ပူးပေါင်း၍ “စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ” ကိုကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲများမှ ရရှိသည့် အကြံပြုချက်များကိုနိုင်ငံတော်သမ္မတရုံးသို့ ပေးပို့တင်ပြခဲ့ပါသည်။

၉။      မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာအပြည်ပြည် ဆိုင်ရာသဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights – ICESCR) ကိုအတည်ပြုချုပ်ဆိုပြီး၍ စာချုပ်ဝင်နိုင်ငံဖြစ်ရာအဆိုပါ သဘောတူစာချုပ် အရမြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတင်သွင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဖိုရမ်တစ်ရပ် ကျင်းပရေးအတွက် International Commission of Jurists (ICJ) နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

၁၀။    ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကော်မရှင်၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)နှင့် အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF)တို့နှင့် ပူးပေါင်း ကာကော်မရှင်၏ စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုကိုဆောင်ရွက်ခဲ့ပါသည်။

၁၁။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသန္နိဋ္ဌာန်ပြုပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  ၁၀  ရက်