လူ့အခွင့်အရေးကော်မရှင်ကို သွေးသစ်လောင်းရန် အချိန်ကောင်းဖြစ်ပြီဟုဆို

October 10th, 2018  •  Author:   The Standard Time  •  1 minute read

ယခုအချိန်အခါသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို သွေးသစ်လောင်းရန် အချိန်ကောင်းဖြစ်သည်ဟု ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောဆိုသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က “သက်ဆိုင်သူထံ ပြန်ပို့ရန်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်ထံသို့ ပြန်လည်တင်သွင်း ရမည်″ဟု ခေါင်းစဉ်ပေးထားသော အစီရင်ခံစာ ထုတ်ပြန်ခြင်းကို အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဂရင်းဟေးလ်ဟိုတယ်၌ ကျင်းပခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက် တမ်းက ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဒီအချိန်က ကော် မရှင်ကို လူ့အခွင့်အရေး အတွေ့အကြုံကြွယ်ဝပြီး သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ သွေးသစ်လောင်းဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်″ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောဆိုသည်။

ယခုအစီရင်ခံစာမှာ အာရှဒေသ အမျိုးသား လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကွန်ရက်၏ အာရှဒေသအမျိုးသား လူ့အခွင့်အရေးဌာနများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်များအ ပေါ် သုံးသပ်တင်ပြထားသည့် ၂၀၁၈ ခုနှစ် အစီရင်ခံစာမှမြန်မာနိုင်ငံနှင့် သက်ဆိုင်သော အခန်းများဖြစ်သည်ဟု သိရသည်။

အစီရင်ခံစာတွင် ပါဝင်သောမြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အခန်းများကို ရှေ့ပြေးအသံအဖွဲ့၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၊ မြန်မာ့အရေးလေ့လာသူများအဖွဲ့၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ မျိုးဆက်လှိုင်း၊ စစ်မှန် သောပြည်သူ့ကျေးကျွန်အဖွဲ့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ၊ လောကအလင်း၊စမိုင်းလ်ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် Synergy အဖွဲ့တို့က ရေးသားထုတ်ဝေခြင်းဖြစ်သည်။

ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပါရီအခြေခံမူများ၊ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်အာဏာနှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ ဥပဒေပြဋ္ဌာန်းချက်သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်လွတ်လပ်မှုနှင့် အစိုးရထံမှ အမှီအခို ကင်းမှုကို အာမခံခြင်း၊ အလွှာစုံစနစ် အရင်းအမြစ်များ လုံလောက်ရေး၊ လုံလောက်သော စုံစမ်းစစ်ဆေးရေး အခွင့်အာဏာများနှင့် အကြံပြု တိုက်တွန်းချက်များ ပါဝင်သည်။

မူရင်းသတင်းကို ဤနေရာတွင် ဖတ်နိုင်ပါသည်။