မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်အတိုင်းမလုပ်ဟု အရပ်ဖက်အဖွဲ့များ ဝေဖန်

October 9th, 2018  •  Author:   M-Media  •  1 minute read

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်MNHRC ဟာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်စွမ်း မရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင်လိုက်ပြီး ကော်မရှင်သက်တမ်း ၇ နှစ်ရှိလာပေမယ့် အလုပ်နဲ့ သက်သေမပြနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

Progressive Voice အဖွဲ့အစည်းက ဦးဆောင်ကာ အရက်ဖက်အဖွဲ့အစည်း တစ်ဒါဇင်လောက် စုပေါင်းပြီး ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး MNHRC ဟာ စစ်တပ်ကို ကာကွယ်တဲ့ ကာဗာတစ်ခုအဖြစ် အသုံးချခံနေရကာ လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Progressive Voice အဖွဲ့ရဲ့ သုတေသနဒါရိုက်တာ အဲလက် မူဒီက ကော်မရှင်အနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူသိရှင်ကြား ရှုတ်ချဖို့အတွက် တောင်းဆိုခဲ့ပါတယ်

“ကော်မရှင်ဟာ အခွင့်အရေး ချိုးဖောက်ခံရသူတွေဖက်က ရပ်တည်သင့်ပြီး၊ ဒီလိုချိုးဖောက်မှုတွေကိုလည်း စုံစမ်းစစ်ဆေးရပါမယ်”

အစီရင်ခံစာမှာတော့ MNHRC ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေအရ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်ပိုင်ခွင့်အများအပြား ရှိပေမယ့် တာဝန်မကျေပွန်ဘူးလို့လည်း ဖော်ပြထားပါတယ်။

Genuine People’s Servants အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးသွင်လင်းအောင်က လူ့အခွင့်အရေးဆိုင်ရာ အရေးပါတဲ့ ကိစ္စရပ်တွေအားလုံးမှာ MNHRC က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ၊ လူထုရဲ့ယုံကြည်မှုကို ဆုံးရှုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အခုအချိန်မှာ အစိုးရနဲ့ စစ်တပ်တို့ရဲ့ လွှမ်းမိုးမှုကနေ လွတ်ကင်းပြီး ခိုင်မာတိကျ၊ စည်းကမ်းပြည့်ဝတဲ့ လူအခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခု အရင်ကထက် ပိုပြီး
လိုအပ်လာပါပြီ”

Return to Sender:’ MNHRC Enabling Law Must Be Returned to Parliament for Structural Reform လို့ အမည်ပေးထားတဲ့ ကြေငြာချက်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ခံရသူတွေကို ပြည့်ပြည့်၀၀ ကာကွယ်ပေးဖို့အတွက် MNHRC စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ မလွတ်ကင်းသလို လွတ်ကင်းလိုစိတ်လည်း မရှိဘူးလို့ ထောက်ပြထားပါတယ်။

အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို စစ်သားတွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကချင်တိုင်းရင်းသား Brang Shawng က ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် ကော်မရှင်က စုံစမ်းစစ်ဆေးမှုမရှိတာ၊ တိုင်ကြားသူကို စစ်တပ်က ရာဇ၀တ်မှုနဲ့ အမှုပြန်ဖွင့်တာကို မကာကွယ်ပေးနိုင်တာကို ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုသတင်းကို ရယူရင်း စစ်တပ်ရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ သတင်းထောက် ကိုပါကြီးအမှုမှာ MNHRC က စုံးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကျူးလွန်သူ စစ်သားတွေကို အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုဖို့ အကြံပြုခဲ့ပေမယ့် စစ်တပ်က တံခါးပိတ်စစ်ခုံရုံးမှာ စစ်ဆေးပြီး ကျူးလွန်သူ စစ်သားနှစ်ဦးကို လွှတ်ပေးလိုက်တဲ့ကိစ္စဟာလည်း စစ်တပ်ရဲ့ ကျူးလွန်မှု ခံခဲ့ရသူတွေကို HNHRC က အပြည့်အ၀ မကာကွယ်ပေးနိုင်မှုကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က နာမည်ကြီး အပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင် ၄ ဦး နှုတ်ထွက်မှုဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်သိစိတ် အားနည်းတာကို ပြသနေပြီး၊ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

MHHRC ဥက္ကဌ ဦးဝင်းမြက ကြေငြာချက်ပါ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မသိရှိသေးဘဲ၊ မိမိတို့အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့အတွက် လုပ်ဆောင်နေတယ်လို့ Frontier သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်သူ့ကိုမှ မကာကွယ်ပေးပါဘူး”

ဒါ့အပြင် ကော်မရှင်ရဲ့ ဝေဖန်တောင်းဆိုမှုကြောင့် အစိုးရဟာ အကျဉ်းထောင်တွေနဲ့ အချုပ်စခန်းတွေမှာရှိနေတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ လတ်တလော တိုးတက်မှုအကြောင်းကိုလည်း ဦးဝင်းမြက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကော်မရှင်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက စစ်တက္ကသိုလ်တွေနဲ့ လေ့ကျင့်ရေးကျောင်းတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပတ်သက်လို့ သင်ကြားပို့ချပေးနေပြီး ဒါဟာ ကြီးမားတဲ့ အောင်မြင်တစ်ခုဖြစ်တယ်လို့လည်း ဥက္ကဌက ဆိုပါတယ်။

Ref: Frontier Myanmar

(Frontier Myanmar မှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်)

မူရင်းသတင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။