အရပ်သားအများစု ပါဝင်သော အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းခဲ့သော်လည်း လူ့အခွင့်အရေး အခြေအနေများ ထူးထူးခြားခြား တိုးတက် ကောင်းမွန်လာခဲ့ခြင်း မရှိပေ။ ဖိနှိပ်ခံနေရသော လူနည်းစု ရိုဟင်ဂျာများမှာ ပို၍အကြမ်းဖက်မှု၊ ခွြဲခားဆက်ဆံမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘာသာရေးအရ သည်းခံစိတ်မရှိမှုနှင့် မွတ်စလင်များအပေါ်ဆန့်ကျင်မုန်းတီးမှုများ ပို၍တိုးလာခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများလည်း တိုးမြင့်ဖြစ်ပေါ်ခဲ့သည်။ ရပ်ရွာကို စွန့်ခွာထွက်ပြေးနေရသော လူများထံသို့ ကုလသမဂ္ဂနှင့် အခြားအဖွဲ့များ သွားရောက်ခွင့်ကိုလည်း အစိုးရက ပို၍ ကန့်သတ်ခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော သူများ အများအပြား ပြန်လွတ်လာသော်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်များအပေါ် ကန့်သတ်မှုများ ဆက်ရှိနေခဲ့သည်။ ယခင်နှင့် ယခုလောလောဆယ် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အရေးယူ အပြစ်ပေးမှုများလည်း မရှိသေးပေ။
နောက်ခံအကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ၂၀၁၆ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပါလီမန်ကို ပထမဆုံး စတင်ကျင်းပခဲ့သည်။ မတ်လတွင် ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး ယင်းလတွင်ပင် တရားဝင်အာဏာလွှဲပြောင်းရေး စတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်လာရေး အခြေခံဥပဒေအတားအဆီး ရှိနေသော်လည်း ဧပြီလတွင် သူ့အတွက် သက်သက်ဖန်တီးခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးရယူခဲ့ပြီး အရပ်သားအစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာသည်။ ယင်းအပြောင်းအလဲ ဖြစ်လာသော်လည်း စစ်တပ်က အခြေခံဥပဒေအပြောင်းအလဲများကို ဗီတိုအာဏာဖြင့်ပိတ်ဆို့ဟန့်တားနိုင်စွမ်းရှိသည့် ပါလီမန်အတွင်း နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားပြီး အဓိက ဝန်ကြီးဌာနများကို ထိန်းချုပ်ထားခွင့်များနှင့် နိုင်ငံရေးအာဏာ ကြီးကြီးမားမား ဆက်ရယူထားခဲ့သည်။ စစ်တပ်သည် အရပ်ဖက်ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေဆဲ ဖြစ်သည်။
အစီရင်ခံစာ အပြည့်အစုံ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။