Report 169 Views

ငြိမ်းချမ်းရေးသို့မလှမ်းနိုင်သေးသည့် မြန်မာ့အပစ်အခတ်ရပ်စဲရေးများ

October 19th, 2016  •  Author:   Transnational Institute  •  1 minute read
Featured image

လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုသဘောတူစာချုပ်သာရှိမယ်ဆိုရင် လက်နက်ကိုင်ပြီး တိုက်ခိုက်နေစရာမလိုဘဲနဲ့ ပြည်ထောင်စုအသစ်ကို တည်ထောင်တဲ့နေရာမှာ ကြုံနေရတဲ့ နက်နဲတဲ့နိုင်ငံရေး၊ တိုင်းရင်းသား အရေးတွေကို ဖြေရှင်းနိုင်မယ်လို့ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကစလို့ ယနေ့ထိအောင် ပဋိပက္ခတွေ မပြတ်တမ်းဖြစ်နေတာကိုသာ မြင်နေရပါတယ်။ ဒါကိုကြည့်ရင် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ ကျွန်မတို့ဘိုးဘေးတွေမှာ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေ တစ်ရပ်ကို ရိုးရိုးသားသားအကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိခဲ့ပါရဲ့လားလို့ မေးစရာဖြစ်လာပါ တယ်။ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကို ပြန်လည်နိုးကြားလာစေတဲ့ လက်ရှိပြည်သူ့ အစိုးရလက်ထက်မှာလည်း စစ်ရေးတွေ ပြန်လည်ပြင်းထန်လာနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့တွေဟာ အတိတ်ကအတွေ့အကြုံကနေ သင်ယူစရာ ဘယ်လိုသင်ခန်းစာများ ရှိနေပါ သလဲ။

ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ဖို့ဆိုရင် ကချင်တွေရဲ့ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ အတွေ့အကြုံကို နားလည်ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ကချင်ခေါင်းဆောင်များဟာ အမြဲပဲ ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ ဗြိတိသျှတွေ ကမ်းလှမ်းခဲ့တဲ့ ဟုမ်းရူး(Home Rule)ကို ငြင်းပယ်ပြီး၊ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုနောက်ကို ထောက်ခံ လိုက်ပါဖို့ ကျန်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တာဟာ ကချင်ကိုယ်စားလှယ် တွေပါ။ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်တာ ဘယ်တုံးကမှမရှိခဲ့ဘဲ၊ လွတ်လပ်ရေးရဖို့ အလောတကြီးလုပ်ဆောင်ရင်း လက်နက်ကိုင်လှုပ်ရှား မှုများ နိုင်ငံတစ်ဝှမ်း အလျင်အမြန် ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီအချိန်တွေကတည်းကစလို့ ကချင်တွေဟာ ငြိမ်းချမ်းရေးရှာပုံတော်ကို ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် အစိုးရအဆက်ဆက် အပြောင်းအလဲဖြစ်တိုင်း လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနဲ့ သာမန်ကချင်ပြည်သူတွေဟာ ရေရှည် တည်မြဲမဲ့ နိုင်ငံရေးအဖြေတစ်ရပ်တော့ ရမှာဘဲလို့ ယုံကြည်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းကို အားတက်သရော ထောက်ခံခဲ့ကြပါတယ်။ စစ်အစိုးရ၊ အရပ်သားတစ်ပိုင်းအစိုးရ၊ ရွေးကောက်ခံ ပြည်သူ့အစိုးရ စသဖြင့် နိုင်ငံရေးခေတ်ကာလတိုင်းမှာ ငြိမ်းချမ်ရေးရချင်တဲ့ ပြင်းပြတဲ့ဆန္ဒဟာ ဆက်လက်ခိုင်မြဲနေပါတယ်။

၁၉၉၄ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် စစ်အစိုးရနဲ့ နှစ်ဦးသဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့စဉ်က မျှော်လင့်ချက်တွေ အလွန်ကို မြင့်မြင့်မားမား ထားခဲ့ကြပါတယ်။ ကချင်လူမျိုးအများစုအတွက်တော့ အမှောင်လမ်းရဲ့ အဆုံးမှာ နိုင်ငံရေးအလင်းရောင်ကို ပထမဆုံးမြင်ခဲ့ရပြီလို့ ယူဆခဲ့ကြပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲဖို့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပါတယ်။

သို့သော်လည်း တစ်နိုင်ငံလုံးငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်နိုင်ရေး မျှော်လင့်ချက်တွေဟာ နောက်ဆုံးမှာ တစ်စစီ ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ အရေးကြီးတာတစ်ခုကို ထောက်ပြရမယ်ဆိုရင် ၁၇ နှစ် ကြာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပြိုလဲခဲ့ရတာဟာ ကချင်တွေဘက်က လုံလောက်တဲ့ အားထုတ်မှု မရှိခဲ့လို့ မဟုတ်ဘူးဆိုတာပါ*။ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းကန့်သတ်မှုတွေ ရှိနေတဲ့ကြားထဲကကို ကချင်အဖွဲ့အစည်းတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘေးသင့်ခဲ့တဲ့ ပြည်သူတွေရဲ့ အရေးတကြီးလိုအပ်ချက်များကို ဖြည့်ဆည်းကုစားပေးနိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းများစွာရှာပြီး ကြိုးစားခဲ့ကြပါတယ်။ ကျေးရွာအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးပွားလာသလို၊ KIO ဟာလည်း အခြားငြိမ်းချမ်းရေးအဖွဲ့များနှင့်အတူ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အခြေခံဥပဒေပြင်ဆင်ရေးဆွဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်မဲ့ ပြည်သူ့ကိုယ်စားပြု ရွေးကောက်ခံအစိုးရတစ်ရပ်ပေါ်ထွန်းလာဖို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း တိုက်တွန်းလုပ်ဆောင်ခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ရည်မှန်းချက်တွေပြည့်ဝစေဖို့အတွက် ကေအိုင်အိုနဲ့ အခြားငြိမ်းချမ်းရေးအဖွဲ့ ၁၂ ဖွဲ့ဟာ ဖက်ဒရယ်စနစ်ပေါ်ထွန်းလာဖို့ ဘုံမျှော်မှန်းချက်တစ်ရပ်ကို အမျိုးသားညီလာခံကို တင်သွင်းခဲ့ပါတယ်။ ဒါကလည်း ၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်ထောင်စုတည်ထောင်သူခေါင်းဆောင်များ ကတိပြုခဲ့တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိရေးကို အာမခံပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီအဆိုပြုလွှာဟာ ဖိုင်တွဲထားပါ့မယ်ဆိုတဲ့ ကတိတစ်လုံးနဲ့တင် ဥပေက္ခာပြုခံလိုက်ရပါတယ်။ တစ်ချိန်ထဲမှာဘဲ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ မြေယာသိမ်းယူခြင်းနဲ့ လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်ခြင်း စတဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှု၊ အကျင့်ပျက်ခြစားမှု ပုံစံသစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ထပ်ပိုပြီး စိတ်ပျက်စရာ ကောင်းတာကတော့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကချင်လူထုကို ကိုယ်စားပြုမဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ကြိုးစားမှုဟာလည်း ပိတ်ပင်တားဆီးခြင်း ခံခဲ့ရပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ ဘဝလုံခြုံမှုနဲ့တိုးတက်မှုကို ကချင်ပြည်သူ အနည်းစုကသာ မြင်ခဲ့ရပြီး၊ ကျန်အများစုအတွက်ကတော့ စစ်နဲ့ ငြိမ်းချမ်းရေး ဘာများကွာခြားသေးလဲလို့ မေးစရာဖြစ်ခဲ့ရပါတယ်။ ၁၇ နှစ်တိုင် တည်မြဲခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရိပ်အမိုးအောက်မှာ ဖွဲ့စည်းခဲ့တဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရ တက်လာတာနဲ့တစ်ပြိုင်တည်း ပြိုပျက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်၊ လက်နက်ကြီး စသဖြင့် နည်းပညာအဆင့်မြင့်တဲ့ စစ်လက်နက်များကို အတိုင်းအဆမရှိ အသုံးပြုပြီး တိုက်ခိုက်တဲ့အခါ ကချင်လူမျိုး ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ အသက်ဘေးကလွတ်ဖို့ အစိုးရတပ်တွေနဲ့ ဝေးရာဆီကို ထွက်ပြေးကြ ရပါတယ်။ အများစုဟာ စစ်ရှောင်စခန်းတွေမှာ ယနေ့တိုင် ပင်ပန်းဆင်းရဲစွာနဲ့ မျှော်လင့်ချက်မဲ့ နေထိုင်နေကြရပါတယ်။ တစ်ချိန်ထဲမှာပဲ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို သမ္မတဦးသိန်းစိန်က ယာယီရပ်ဆိုင်းထားခဲ့ပေမဲ့ ကျောက်စိမ်း၊ သစ် စတဲ့ သဘာဝ သံယံဇာတတွေကို မတရားထုတ်ယူ အသုံးပြုတာတွေဟာ တိုးမြှင့်လာခဲ့ပါတယ်။ ဒီလိုတရားလက်လွတ် ဖိနှိပ်နှိမ့်ချဆက်ဆံခြင်းဟာ မျိုးဆက်သစ်တွေအတွက် နာကျင်နစ်နာရခြင်းကိုသာ တိုးပွားလာစေခဲ့ပါတယ်။ ခုဆိုရင် ကချင်အများစုဟာ စစ်မှန်ပြီးလက်ေတွေ့ကျတဲ့ နိုင်ငံရေးအဖြေတစ်ရပ်ကို မရမချင်း လက်နက်ကိုင် တော်လှန်ရေးကို မစွန့်သင့်ဘူးလို့ ပိုပြီးစွဲစွဲမြဲမြဲ ထင်မြင်လာကြပါတယ်။

ဒီလိုအခက်အခဲတွေရှိပေမဲ့ ကချင်ခေါင်းဆောင်တွေဟာ အခွင့်အရေးပေါ်လာတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေခဲ့ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ကစပြီး သမ္မတဦးသိန်းစိန် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၃ အောက်တိုဘာ ကိုရောက်တော့ သဘောတူညီမှုတစ်ခုကို ရခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံရေးအဖြေ တစ်ရပ်ကိုရဖို့ ဗဟိုအစိုးရနဲ့ ဆွေးနွေးတဲ့အခါ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စုပေါင်းဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေးကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံရေးအမြင်သဘောထားကွဲလွဲမှုများ မကြာခင်မှာပဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပထမအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ လွှတ်တော်နဲ့ တိုင်းရင်းသားငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ် နှစ်ခုကြားမှာ တစ်ကန့်စီသီးခြား ဖြစ်နေပါတယ်။ ဒုတိယအနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၆ အောက်တိုဘာမှာ“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)” ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ မထိုးရသေးတဲ့အဖွဲ့အများစု ကြားမှာလည်း တစ်ကန့်စီ ဖြစ်နေပါတယ်။ KIO အပါအဝင် အများစုကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်ပြုတာကို စောင့်ဆိုင်းပြီးမှ လက်မှတ်ရေးထိုးလိုကြတာ ဖြစ်ပါတယ်။

အမြင်သဘောထားကွဲလွဲမှုများစွာရှိနေပေမဲ့ ၂၀၁၆ မတ်လကစပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတာဝန်များကို ယူလာတဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး နိဒါန်းသစ်တစ်ရပ်ဟာ လက်တစ်ကမ်းအလိုကို ရောက်လာပြီဆိုပြီး မျှော်လင့်ချက်များတိုးပွားလာခဲ့ပါတယ်။ အစိုးရဖွဲ့စည်းပုံဟာ ဗဟိုထိန်းချုပ်တဲ့ တစ်စုတစ်ဖွဲ့ကသာ သြဇာလွှမ်းမိုးထားတဲ့စနစ်မျိုး ဖြစ်နေပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း စိုးမိုးနေဆဲ ဆိုပေမဲ့ မြန်မာ့အနာဂတ်အတွက် အပြုသဘောရှုမြင်မှုတွေ ပိုရှိလာကြပါတယ်။ တကယ်တမ်း ကျတော့ ၁၉၆၂ ခုနှစ်ကစပြီး ဒီကနေ့ထိအောင် တပ်မတော်ဟာ တစ်ခုတည်းသော အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး၊ အစိုးရအဖွဲ့မှာလည်း ပြန်လည်တွန်းလှန်နိုင်ဖို့ မဖြစ်နိုင်လောက်အောင် တပ်မတော်က နေရာတိုင်းမှာ ဖြန့်ကျက်ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ကျင်းပပြီးစီးခဲ့တဲ့ “၂၁ ရာစုပင်လုံညီလာခံ” ကို KIO ကလည်း တက်ရောက် ခဲ့ပါတယ်။ ဒီညီလာခံအပြီးမှာ ငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်များ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ သီးခြားစီဖြစ်နေတဲ့ လွှတ်တော်နဲ့ တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို အများပြည်သူအကျိုးကို ရှေ့ရှုပြီး ပေါင်းစည်းနိုင်ခဲ့ပြီလို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။

ဒီလိုမျှော်လင့်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးလမ်းစဟာ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပြန်ပါ တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်မှာပဲ တပ်မတော်ရဲ့ ထိုးစစ်များဟာ အရှိန်မြှင့်လာ ခဲ့ပါတယ်။ ၂၀၁၆ စက်တင်ဘာလလယ်လောက်မှာ တိုက်စစ်အရှိန်မြှင့်လာပြီး KIO စခန်းတွေကို လက်နက်ကြီးများအပြင် လေကြောင်းကပါ အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၆ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး စတီဖင်အိုဘရိုင်ယန်က အချို့နေရာတွေမှာ စစ်ရှောင်ပြည်သူများဆီကို ပေးပို့ရမဲ့အကူအညီတွေကို အာဏာပိုင်များက ပိတ်ဆို့တားဆီးထားတာကို စိုးရိမ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး မစ္စတာအိုဘရိုင်ယန်က “စစ်ဘေးကနေ လွန်ခဲ့တဲ့ငါးနှစ်ကျော်က ထွက်ပြေးခဲ့သူတွေနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ တကယ်တော့ သူတို့ဟာ ကိုယ့်အိမ်ကိုယ်ပြန်နိုင်ဖို့ သေနတ်သံတွေ တိတ်သွားအောင် စောင့်နေရသူတွေပါ” လို့ပြောခဲ့ပါတယ်။

ဒီလိုအဖြစ်တွေဟာ ကချင်လူမျိုးတွေအတွက် ဖြေရှင်းဖို့ခက်လှတဲ့ ပဟေဠိတစ်ခု ကာလရှည်ကြာ ရှိနေတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အစိုးရနဲ့ တပ်မတော်သာ ဆန္ဒရှိမယ်ဆိုရင် ထိုးစစ်တွေ ရပ်သွားတာ ကြာပြီဆိုတာကို သူတို့ကောင်းကောင်း သိနေလို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ၁၇ နှစ်ကြာအောင် ထိန်းထားနိုင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အကောင်းဆုံးသက်သေသာဓက ဖြစ်နေလို့ပါပဲ။ သို့သော်လည်း ပြီးခဲ့တဲ့ ငါးနှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှိတိုင်း ဒါမှမဟုတ် ကြေငြာချက်တွေ ထုတ်ပြန်တိုင်း တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ လျော့မသွားပဲ ပိုတိုးလာတာသာ တွေ့ရပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဦးဆောင်တဲ့ အစိုးရဟာ တပ်မတော်ရဲ့ ထိုးစစ်အပေါ်မှာ သိသိသာသာကြီးကို ကိုယ်နဲ့မဆိုင်သလို ဆိတ်ဆိတ်နေတဲ့အပေါ်မှာလည်း စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရေးထိုးခြင်း တစ်နှစ်ပြည့် အခမ်းအနားမှာ တိုင်းရင်းသားအဖွဲ့တွေကသာ NCA ကို လက်မှတ်ထိုးလိုက်တာနဲ့ တိုက်ပွဲတွေ ပြီးသွားမှာပဲလို့ သဘောရတဲ့စကားကို ပြောခဲ့ပါတယ်။ အဲဒီလို အမြင်မျိုးကို ကြည့်ရင် NLD ဟာ ဒီပြဿနာရဲ့ အတိမ်အနက်ကို နားမလည်နိုင်တာလား ဒါမှမဟုတ် ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းမရှိတာလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာနေပါတယ်။ ဒီလို အမြင်မျိုးဟာ တကယ်ပဲ အစိုးရရဲ့ ယုံကြည်ချက်သာ ဖြစ်နေမယ်ဆိုရင် NCA ဟာ အဖွဲ့တိုင်းအတွက် ပါဝင်ခွင့် ပေးထားတာမဟုတ်ဘူးဆိုတာရယ်၊ တပ်မတော်ဟာလည်း NCA ကို အမှန်တကယ် လေးစား လိုက်နာမှု ရှိမနေဘူးဆိုတဲ့အချက်ကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်။ သက်သေသာဓက အနေနဲ့ကတော့ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက RCSS တို့ကို တပ်မတော်ကတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ထောက်ရှုနိုင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခနှင့် စစ်အစိုးရအုပ်ချုပ်မှုရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးပြောင်းဟာ အင်မတန် ခက်ခဲတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်တယ်ဆိုတာကို နားလည်ကြပါတယ်။ ဒီလိုပဲ ကမ္ဘာပေါ်က တခြားနိုင်ငံတွေဟာလည်း ပြည်သူလူထုရဲ့အကျိုးကို အမှန်တကယ်ကိုယ်စားပြုတဲ့ ဒီမိုကရေစီ စနစ်ကို တည်ထောင်ရာမှာ အခက်အခဲအမျိုးမျိုး ရှိကြတာကိုလည်း အသိအမှတ် ပြုပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ကို ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မညီမျှမှုတွေ၊ ဗဟိုထိန်းချုပ်မှုနဲ့ အာဏာရှင်ဆန်ဆန်ဆက်ဆံတာတွေ စတဲ့ ပြဿနာတွေကို တွေ့ရပါမယ်။ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံရဲ့ အတွေ့အကြုံ နောက်ခံသမိုင်းကြောင်းတွေ မတူညီဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီလိုမမျှတမှု၊ မညီမျှမှုတွေကို မြန်မာနိုင်ငံမှာ ပုံစံတစ်မျိုးနဲ့ မြင်နေရပါတယ်။ တပ်မတော်ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံရေး၊ စီးပွားရေး အစုအဖွဲ့ တစ်ခုဖြစ်လာပြီး၊ တက်လာတဲ့အစိုးရမှန်သမျှ စစ်အစိုးရပဲဖြစ်ဖြစ်၊ ရွေးကောက်ခံအရပ်သားအစိုးရပဲဖြစ်ဖြစ် စစ်တပ်နဲ့ နီးစပ်အောင် ကြိုးစားရင်း၊ စစ်အာဏာရှင်စနစ် တည်မြဲအောင် ဆက်ပြီးပံ့ပိုးပေးနေတာကိုသာ တွေ့ရပါတယ်။

ပြည်ထောင်စုကြီးဖြစ်လာအောင် ပူးတွဲတည်ထောင်ခဲ့ကြတဲ့ ကချင်တွေအတွက်ကတော့ ဒီလိုမမျှတတဲ့ ရွေးကောက်မခံဘဲ အုပ်ချုပ်နေတဲ့စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွန်းလှန်နေတာ ဖြစ်ပါတယ်။ ဘယ်သူတွေဘယ်လိုပဲမြင်နေပါစေ ကချင်တွေအနေနဲ့ကတော့ သူတို့ အခွင့်အရေးကို သူတို့ကိုယ်တိုင် ကာကွယ်နေမှာဖြစ်ပြီး၊ စစ်ရေးနဲ့အကြမ်းဖက်မှုတွေကိုလည်း အမြဲတွန်းလှန်နေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက အတွေ့အကြုံတွေကို ပြန်ကြည့်လိုက်ရင် ဒီတော်လှန်ရေးဟာ ကချင်တွေအတွက်တော့ ဆက်လက်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်မှုတစ်ခုဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ နိုင်ငံအနှံ့ တစ်ခြားတိုင်းရင်းသား ပေါင်းစုံပါ ခံစားနေရတဲ့ ဒီဒုက္ခမျိုးဟာ အချင်းချင်းကြားက ဆက်ဆံရေးတွေကို ထိခိုက်ပျက်စီး စေပါတယ်။ ယခုလည်းပဲ ဗမာတိုင်းရင်းသားအများစု ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ အဖြေရှာဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကချင်လူမျိုးအများစုဟာ ဗမာအထက်တန်းလွှာ အီလိ (Elite) တွေအပေါ်မှာ “သူတို့ဗမာအချင်းချင်း အဆင်မပြေတဲ့အခါတိုင်း တို့တွေကို သွေးခွဲပြီး၊ ဖြစ်လာတဲ့ပြဿနာအပေါ်မှာ အမြတ်ထုတ်မယ်၊ သူတို့ချင်းတည့်ပြီဆိုရင်တော့ စုပေါင်းပြီး တို့တွေကို အမျိုးဖြုတ်မယ်” လို့ မြင်နေကြတာဟာ ဝမ်းနည်းစရာပါ။

မြန်မာ့အနာဂတ်ဟာ ရှေ့မှာဆက်ပြီး တောက်ပနိုင်ပါသေးတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ထိုးစစ်တွေသာ ဆက်တိုးလာနေမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လက်နက်နဲ့ဖြေရှင်းပစ်မယ်ဆိုတဲ့ စစ်ဝါဒဟာ ကချင်တွေအတွက်ပဲဖြစ်တဲ့ သီးခြားပြဿနာမဟုတ်ပဲ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဆိုတာကို အသိအမှတ်ပြုဖို့ သိပ်အရေးကြီးပါတယ်။ တကယ်လို့များ စစ်အုပ်ချုပ်ရေးဘက်ကို နောက်ပြန်လှည့်ခဲ့မယ်ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အထုအထောင်းခံလာရတဲ့ ကချင်တွေအဖို့ သိပ်မထူးတော့ပေမဲ့၊ ဒီမိုကရေစီအပြောင်းအလဲဖြစ်ပေါ်လာဖို့ ဝိုင်းကြိုးစားနေသူအားလုံး အတွက်တော့ အလွန်စိုးရိမ်ရမယ့် အချက်ဖြစ်နေပါတယ်။ နိုင်ငံရေးအဖြေကို စစ်မြေပြင်မှာ ဘယ်တော့မှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးသာ ပြန်ဖြစ်ခဲ့မယ်ဆိုရင် အနိုင်ရသူ တစ်ဦးမှ မရှိဘဲ အားလုံးဟာ အရှုံးကြီးရှုံးကြရပါမယ်။ စစ်ရေးနဲ့အရင်ဆုံးဖြေရှင်းမယ်ဆိုတဲ့ ဗျူဟာကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်သလို လက်ရှိနိုင်ငံရေးအခင်းအကျင်းကနေလည်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီခြေလှမ်းကို လှမ်းနိုင်မှာမဟုတ်ပါဘူး။ ပိုဆိုးမှာက မြန်မာနိုင်ငံဟာ ပဋိပက္ခ – အပစ်ရပ်ခြင်း – ကတိပျက်ခြင်း စတဲ့ သံသရာထဲက ရုန်းမထွက်နိုင်ဘဲ၊ နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုးတက်အောင်မြင်ရေးဟာလည်း အရှုံးနဲသာ ဆက်ပြီးရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ဆိုတာ ကျွန်မတို့အားလုံးရဲ့ ပုခုံးပေါ်ကို ရောက်လာပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအတွက် အစုအဖွဲ့ ဒါမှမဟုတ် တစ်ကိုယ်တော်လှုပ်ရှားသူများဟာ ပေါင်းစည်းစုဖွဲ့ပြီး လုပ်ကြရပါမယ်။ “စစ်ပွဲများ ချက်ချင်းရပ်လို့” ပြောရမဲ့အချိန်ရောက်လာပါပြီ။ အင်မတန်အရေးကြီးတဲ့ နိုင်ငံလုံးဆိုင်ရာအပြောင်းအလဲကာလမှာ လက်နက်ကိုင်ပဋိပက္ခတွေ သူ့ဘာသာ ပြီးသွားအောင် စောင့်ကြပါဦး။ ပြီးမှ လိုတာဆက်လုပ်ကြတာပေါ့ဆိုတဲ့ ခံယူချက်တွေဟာ အလုပ်မဖြစ်တော့ပါဘူး။

မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ငြိမ်းချမ်းရေးအတွက် နိုးကြားမှုဟာ အရှိန်ရနေပါပြီ။ ခုချိန်မှာတော့ သမ္မတဦးသိန်းစိန် လက်ထက်တုန်းက မြစ်ဆုံဆည်ဆောက်မဲ့ကိစ္စကို ရပ်တန့်အောင် လုပ်နိုင်ခဲ့တဲ့ “ဧရာဝတီကို ကယ်တင်စို့” ဆိုတဲ့ တစ်နိုင်ငံလုံးလှုပ်ရှားမှုနဲ့တူတဲ့ ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုနေပါပြီ။ သိပ်နောက်မကျသေးခင်မှာ လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ နိုင်ငံရေးအရောင်အသွေး အစုံအလင်ပါဝင်တဲ့ လူတွေအားလုံး စစ်ပွဲတွေရပ်ဖို့ တစ်သံတည်း စုစည်းညီညွတ်စွာနဲ့ တောင်းဆိုကြရပါမယ်။

ခုတစ်လောမှာ ကချင်ပြည်သူပေါင်း သောင်းချီစုစည်းပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် လမ်းပေါ်ကို ထွက်လာနေကြပါတယ်။ သူတို့ရဲ့ဆန္ဒကိုရောင်ပြန်ဟပ်တဲ့ အနေနဲ့ NLDရဲ့ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာကော်မတီဥက္ကဌ ဒေါ်ရှီလာနန်တောင်နဲ့ အခြားလွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းလက်မှတ်ရေးထိုးထားတဲ့ မေတ္တာရပ်ခံလွှာ တစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ဟားခါး၊ ထန်တလန်၊ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာလည်း ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံက စစ်ဘေးသင့်ပြည်သူတွေရဲ့ ဒုက္ခကို စာနာမှုအပြည့်နဲ့ စစ်ပွဲများကို ဆန့်ကျင်တဲ့ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်ပွဲတွေဟာ ဒီမိုကရေစီအကူးအပြောင်းအပေါ် ဆိုးကျိုးသက်ရောက်နေတယ်ဆိုတာကို ပြည်သူတွေ သိရှိနားလည်ပြီး စစ်ပွဲတွေချုပ်ငြိမ်းဖို့ ကိုယ်တိုင်ပါဝင်လာကြတာတဲ့အတွက် ကျွန်မအနေနဲ့ အင်မတန်အားရ ကျေးဇူးတင်မိပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒါ့အပြင် အခြားနိုင်ငံအသီးသီးမှာ ရှိကြတဲ့ မြန်မာများအနေနဲ့ ကချင်တိုင်းရင်းသားတွေနဲ့အတူ အခြားတိုင်းရင်းသားများအားလုံး ခံစားနေရတဲ့ ဒုက္ခကို စာနာနားလည်မှုနဲ့ တစ်သားတည်းရှိမှုတို့ိကို ပြသဖို့ အားလုံးဝိုင်းဝန်းစုစည်းပြီး အောက်ပါအချက်တွေကို တစ်ညီတစ်ညွတ်တည်း တောင်းဆိုစေချင်ပါတယ်။

  • တိုင်းရင်းသားဒေသတွေက တပ်မတော်ရဲ့ ထိုးစစ်တွေ ချက်ချင်းရပ်ရေး။
  • ပြည့်စုံကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်စရေး။
  • တားဆီးပိတ်ဆို့မှုလုံးဝမရှိတဲ့ လူသားချင်းစာနာမှုအကူအညီများကိုပေးရေး။
  • နိုင်ငံရေးအဖြေတစ်ရပ် ခိုင်မာစွာ မရှိမချင်း အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို ရပ်တန့်ထားရေး။

ကျွန်မတို့ရဲ့ ဆိတ်ဆိတ်နေခြင်းဟာ ကျွန်မတို့ရဲ့ သားသမီးတွေအတွက် ဒုက္ခဆင်းရဲတွေကိုသာ ပေးနေမယ်ဆိုရင်၊ ပြီးတော့ အနာဂါတ်မျိုးဆက်သစ်တွေက ကျွန်မတို့ကို ကိုယ့်မြေပေါ်က စစ်ရေးအကြမ်းဖက်မှုတွေကို ဆန့်ကျင်မေးခွန်းတစ်ချက်တောင်မထုတ်ခဲ့ပဲ အားပေးခဲ့သူတွေလို့ မြင်သွားမယ်ဆိုရင် ဘယ်လောက်များ ဝမ်းနည်းကြေကွဲစရာကောင်းလိုက်မလဲလေ။

ဒေါ်လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ် ရာမွန်မက်ဆေးဆေးဆုရှင်ဖြစ်ပြီး၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီ (Airavati) လူမှုရေးအဖွဲ့တို့ကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။a

အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အသေးစိတ်ကို သိလိုပါက ယခုအပတ်တွင် ထုတ်ဝေမည့် အောက်ပါစာအုပ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။


Original post.

English version.