မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်များ

October 17th, 2016  •  Author:   Transnational Institute  •  1 minute read
Featured image

ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေဖို့ လိုပါတယ်။

စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အစပြုလိုက်တဲ့နောက် မြန်မာဟာ နိုင်ငံတကာ အုပ်ချုပ်ရေး အသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးကဏ္ဍတွေမှာ စိတ်ဝင်စားမှုတွေ ရလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် တိုးမြှင့်ပြီး ကုန်သွယ်ရေးတွေ လုပ်ဖို့လည်း လိုလားလာခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ထောက်ခံလိုက်တဲ့အခါ ဒီအရှိန်အဟုန်ဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီဆက်ဆံရေးကို လွယ်ကူချောမောစေဖို့ အနောက်နဲ့ အာရှဒေသ အစိုးရတွေဟာ “ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်” တွေကို လက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းလာခဲ့ကြပါတယ်။

စစ်အစိုးရလက်ထက်မှာ တရုတ်၊ အိန္ဒိယတို့နဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာတော့ ဂျပန်၊ တောင်ကိုးရီးယားတို့နဲ့ပါ နောက်ထပ်စာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရဟာ ဥရောပသမဂ္ဂနဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု (IPA) တခု ပြုလုပ်ဖို့ ဆွေးနွေးနေပါတယ်။

လက်ရှိဆွေးနွေးဆဲ ဖြစ်တဲ့ “ဒေသတွင်း ပြည့်စုံကျယ်ပြန့်သည့် စီးပွားရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး” (RCEP) မှာလည်း ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးအတွက် စာပိုဒ်တခု ပါဝင်နေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ နယူးဇီလန် နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီမှု (Free Trade Agreement) တခုကို အဆိုပြုထားတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှုတွေရဲ့ အကျိုးကျေးဇူးတွေကို အရမ်းကို ပုံကြီးချဲ့ထားကြပေမယ့် ဆိုးကျိုးအန္တရာယ်တွေကိုတော့ လျှော့တွက်ထားကြပါတယ်။ အဲဒီအန္တရာယ်တွေဟာ ဒီမိုကရေစီဖွံ့ဖြိုးမှုနဲ့ ရေရှည်ငြိမ်းချမ်းရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ကြီးကြီးမားမားတွေ ရှိလာနိုင်ပါတယ်။ ဒီလိုသဘောတူစာချုပ်တွေကို ချုပ်ဆိုလိုက်တဲ့အခါ အစိုးရတွေဟာ ပြည်သူနဲ့ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးအတွက် ထိန်းချုပ်ကွပ်ကဲနိုင်တဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာကို စွန့်လွှတ်လိုက်ရပြီး၊ (ဒီလိုစာချုပ်တွေကို ဖောက်ဖျက်ခဲ့မယ်ဆိုရင်) အလျော်အစားကြီးတဲ့ အမှုအခင်း အခြေအနေတွေကို ယူလိုက်တာပါပဲ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ပေးရတဲ့ မက်လုံးတွေဟာ ကြေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စေတဲ့ မူဝါဒတွေကို ပိတ်ပင်လိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု ပြဌာန်းချက်တွေအောက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နံှသူတွေဟာ သူတို့ရဲ့ လက်ရှိ ဒါမှမဟုတ် အနာဂါတ် အကျိုးစီးပွားတွေကို အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုက ထိခိုက်လိမ့်မယ်လို့ ယူဆရင် အစိုးရရဲ့ ဘယ်လို ဝင်ရောက်စွက်ဖက်မှုမျိုးကိုပဲ ဖြစ်ဖြစ် စိန်ခေါ်နိုင်ပါတယ်။

ဥပမာဆိုရရင် မြန်မာအစိုးရရဲ့ ရေရှည်ကျန်းမာရေး ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချဉ်းကပ်မှုတွေနဲ့ ဦးစားပေးကဏ္ဍတွေကို နိုင်ငံခြား အကျိုးစီးပွားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေက စိန်ခေါ်လာနိုင်ပါတယ်။

နိုင်ငံခြား အကျိုးစီးပွားတွေဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ပေါက်ဖွားလာတဲ့ သဘောတူညီမှုတွေကိုလည်း ထိခိုက်လျော့ပါးစေပါတယ်။ ဥပမာပြောရရင် သဘာဝသယံဇာတ စီမံခန့်ခွဲမှုနဲ့ ခွဲဝေမှု၊ ဒါမှမဟုတ် သဘာဝသယံဇာတ ထုတ်ယူမှုတွေကို ရေရှည်အကျိုးရှိအောင် လုပ်ပေးမယ့် ပိုကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိခိုက်စေတာမျိုးပါ။

မြန်မာနိုင်ငံဟာ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့မယ်ဆိုရင် အစိုးရဟာ နိုင်ငံခြားကုမ္ဗဏီတွေကို ကြေးကြီးကြီး ပေးရရင်ပေးရ၊ မပေးရရင် နိုင်ငံအတွက် ဒီလိုမျိုး အရေးပါပြီး အခရာကျတဲ့ အခြေအနေတွေ စွမ်းဆောင်ပေးနိုင်မယ့် မူဝါဒတွေကို စွန့်လွှတ်လိုက်ရပါလိမ့်မယ်။

ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေမှာ သာမန်စံနှုန်းတခု ဖြစ်တဲ့ “နိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံသူကြား အငြင်းပွားမှု ဖြေရှင်းရေး” စာပိုဒ်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံတွင်းက တရားရုံးတွေကို ကျော်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှေ့နေ သုံးယောက်ပါတဲ့ နိုင်ငံတကာ အထူးခုံရုံးတွေဆီကို တန်းပြီးတော့ တိုင်ကြားခွင့် ပေးထားပါတယ်။

ဒီလိုမျိုး ရှေ့နေတွေဟာ လျော်ကြေးတွေကို ဒေါ်လာသန်းပေါင်း ရာချီပြီးတော့ တခါတလေဆိုရင် ဘီလီယျံချီပြီးတော့တောင် ချမှတ်နိုင်ပါတယ်၊ တကယ်လည်း ချမှတ်ပါတယ်။ ဒီလျော်ကြေးတွေဟာ အတင်းအကျပ် မဖြစ်မနေ ဆောင်ရတာ ဖြစ်ပြီးတော့ အများပြည်သူ ဘဏ္ဍာငွေထဲကနေ ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ အများပြည်သူ မူဝါဒတွေအတွက် အသုံးချရမယ့် ငွေတွေ လျော့ပါးသွားပါလိမ့်မယ်။

ဒီရှေ့နေတွေဟာလည်း လွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အာမ မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုရှေ့နေမျိုးတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေသာ ဥပဒေအရ စိန်ခေါ်ပြီး တရားစွဲဆိုနိုင်တယ်ဆိုတဲ့ တဖက်စောင်းစနစ်မျိုးမှာ အမှုကိစ္စ တခုချင်းစီအလိုက် ပိုက်ဆံယူထားကြတာ ဖြစ်တဲ့အတွက် သူတို့စိတ်ကြိုက် စီရင်နိုင်တဲ့ အခြေအနေမျိုး ရနေကြပါတယ်။

ဒီလို အကြောင်းတရားတွေကြောင့် “ဒေသတွင်း ပြည့်စုံကျယ်ပြန့်သည့် စီးပွားရေးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေး” (RCEP) နဲ့ အဆိုပြုထားတဲ့ “ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု” (IPA) တွေကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေဟာ ဒီတပတ်မှာ တနိုင်ငံလုံးအနှံ့ စုဝေးလှုံ့ဆော်သွားမှာ ဖြစ်ပါတယ်။ မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ဒီကမ်ပိန်းဟာ RCEP မှာ ပါဝင်တဲ့ ၁၆ နိုင်ငံလုံးမှာ လုပ်မယ့် ကမ်ပိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

ဥရောပ-မြန်မာ IPA ဆွေးနွေးမှုလုပ်မယ့် နေ့ရက်အချိန်တွေနဲ့ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်တွေကိုလည်း အများသိအောင် ထုတ်ပြန်ထားတာ ဘာမှမရှိပါဘူး။ ဒါကြောင့်လည်း မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဟာ ဥရောပ-မြန်မာ IPA နဲ့ ပတ်သက်ပြီး တချိန်လုံး အလေးအနက်နဲ့ အရေးတယူ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှု အကြောင်းအရာတွေကို အများသိအောင် ချမပြသရွေ့ သူတို့လည်း ဘာမှ ပြောလို့မရတာကြောင့် တော်တော်များများဟာ ဥရောပသမဂ္ဂရဲ့ ရေရှည်သက်ရောက်မှု ချင့်ချိန်အကဲဖြတ်ခြင်း အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတာတွေက –

” မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေရဲ့ အစောပိုင်း အချိန်ကာလမှာပဲ ရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ မတူညီတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ သဘာဝသယံဇာတတွေကို ပိုင်ဆိုင်မှု၊ ဝင်ငွေခွဲဝေမှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဥပဒေတွေနဲ့ မူဝါဒ တော်တော်များများဟာလည်း ပြန်ပြုပြင်ဖို့ လိုအပ်နေပါတယ်။ ဥရောပသမဂ္ဂက အဆိုပြုတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်လိုမျိုး စာချုပ်တွေကို လက်မှတ် ရေးထိုးမယ်ဆိုရင် အနာဂါတ်မှာ လုပ်ဆောင်ရမယ့် နိုင်ငံရဲ့ မူဝါဒတွေကို အသေပိတ်ထားလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ ရေရှည် ငြိမ်းချမ်းရေး အလားအလာတွေကိုလည်း အင်မတန် အန္တရာယ်ဖြစ်စေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီအခြေအနေမျိုးမှာ ဒီလမ်းကို ရွေးချယ်ဖို့ဆိုတာ မသင့်တော်တဲ့အပြင် လိုလည်း မလိုအပ်ပါဘူး”

မြန်မာနိုင်ငံ အခု ရင်ဆိုင်ရမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာမျိုးမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်လိုတဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေ (IIAs) ရေးထိုးခြင်းဟာ စီးပွားရေး ဖွံ့ဖြိုးမှု တိုးမြှင့်နိုင်ရေးအတွက် အစိုးရတွေ လုပ်တဲ့ အဓိက နည်းဗျူဟာတခု ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုစာချုပ်တွေ (IIAs) ဟာ ဂျာမနီနဲ့ ပါကစ်စတန်နိုင်ငံတို့ရဲ့ ပထမဆုံး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် (Bilateral Investment Treaty- BIT) ရေးထိုးခဲ့တဲ့ ၁၉၅၉ ခုနှစ် လောက်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ အကုန်မှာတော့ တကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ပေါင်း ၃၂၈၆ ခု ( BIT ပေါင်း ၂၉၂၈ စောင်နဲ့ တခြား IIAs ၃၅၈ စောင်) ရှိနေခဲ့ပါတယ်။ တခြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုစာချုပ်- IIAs တွေ ဆိုတာက နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်- BITs တွေလို မဟုတ်ဘဲ ဥရောပသမဂ္ဂနိုင်ငံများကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီမှုလိုမျိုး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်တွေ ပါဝင်တဲ့ စီးပွားရေး သဘောတူညီမှုတွေ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် တော်တော်များများက ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေထဲမှာ ရေးထိုးခဲ့တာ ဖြစ်ပြီး အစိုးရအများစုက စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်ဝါဒတွေဟာ ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေ ချုပ်ဆိုခြင်းဟာ နိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ချုပ်ဆိုခဲ့ကြတာ ဖြစ်တယ်။ ဒီစာချုပ်တွေနဲ့အတူ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အစိုးရက ဘယ်လိုအချုပ်အခြာ အာဏာမျိုးတွေ လက်လွှတ်လိုက်ရမလဲဆိုတဲ့ အသိတွေ အဲဒီအချိန်က မရှိခဲ့ကြသေးပါဘူး။

အနှစ် ၂၀ ကျော် ကြာပြီးတဲ့ ဒီနေ့လို အချိန်မှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေဟာ သူတို့ ချမှတ်ထားခဲ့တဲ့ ရည်ရွယ်ချက်တွေကို အမှန်တကယ် ဆောင်ကြဉ်းပေးတယ်ဆိုတဲ့ အထောက်အထားဟာ မရေမရာ ဖြစ်နေပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာ အသိုင်းအဝိုင်းက ပြုလုပ်တဲ့ သုတေသနအများစုဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြား အပြန်အလှန် ဆက်နွယ်မှုကို ရှာမတွေ့ခဲ့ကြပါဘူး။

တောင်အာဖရိက၊ အီကွေဒေါ၊ ဟန်ဂေရီနဲ့ ဘရာဇီးတို့လို နိုင်ငံတွေရဲ့ အတွေ့အကြုံတွေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာဖို့ဆိုတာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေအပေါ် အခြေမခံဘူးဆိုတာ ပြသနေပါတယ်။ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်အရာရှိ ဆယ်ဆီလီယာ မာလ်မ်စထရွန်းတောင်မှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေကြား တိုက်ရိုက်ရော သီးသန့်ရော ပုံမှန်ရော ဆက်နွယ်မှု မရှိကြောင်း လေ့လာတွေ့ရှိချက် တော်တော်များများက ပြနေတယ်လို့ လတ်တလောကပဲ ဝန်ခံပြောဆိုထားပါသေးတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ၊ စွမ်းအင်မူဝါဒ၊ ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ပြည်သူ့ကျန်းမာရေး၊ မြေအသုံးချမှုနဲ့ အခွန်အခ ကိစ္စတွေကို စိန်ခေါ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း စနစ်ကို သုံးခဲ့ကြပြီးပါပြီ။

ဒီလိုတောင်းဆိုမှုတွေရဲ့ အန္တရာယ်ကြောင့် အစိုးရတွေကို အများပြည်သူ အကျိုးစီးပွားဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြန်စဉ်းစားစေတာ ဒါမှမဟုတ် ချောင်ထိုးလိုက်စေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေဟာ အိမ်ရှင်အစိုးရရဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုတင်းကျပ်တဲ့ အမျိုးသား ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေ ရေးဆွဲနိုင်စွမ်းကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာမျိုးတွေ ဖြစ်စေပါတယ်။

အထူးသဖြင့်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီစာချုပ် တော်တော်များများဟာ ကုမ္ဗဏီတွေရဲ့ စွမ်းဆောင်မှု လိုအပ်ချက်တွေကို ကန့်သတ်ထားပါတယ်။ နည်းပညာလွှဲပြောင်းပေးဖို့ အစိုးရက ဖိအားမပေးနိုင်သလို ကုမ္ဗဏီမှာ ပြည်တွင်းရဲ့ ပါဝင်မှု ရာခိုင်နှုန်းကိုလည်း တောင်းဆိုလို့ မရပါဘူး။ ဆိုလိုတာက ကုမ္ဗဏီအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု အထောက်အပံ့တွေအတွက် နိုင်ငံသားတွေဆီကနေ ရယူသုံးစွဲအောင် အိမ်ရှင်အစိုးရဟာ စွမ်းဆောင် မပေးနိုင်သလို သူနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ဖို့အတွက် ကုမ္ဗဏီမှာ ပြည်တွင်းလုပ်သားဦးရေကို ရာခိုင်နှုန်းတခု သတ်သတ်မှတ်မှတ်နဲ့ ခန့်အပ်အောင်လည်း မစွမ်းဆောင်နိုင်ပါဘူး။

အစိုးရဟာ ကုမ္ဗဏီကို အခွန်အခ ကောက်ခံမှု ဒါမှမဟုတ် သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေအတွက် အနည်းဆုံး ရင်းနှီးမြှုပ်နံှမှု တောင်းဆိုခွင့်တွေ ဟန့်တားခံရပါတယ်။ ဒီလိုမျိုး စည်းမျဉ်းတွေ စုပေါင်းလိုက်တဲ့အခါ နိုင်ငံအဆင့် ဒါမှမဟုတ် တိုင်းနဲ့ပြည်နယ်အဆင့် ဖွံ့ဖြိုးမှုတွေကို အထောက်အပံ့ပေးတဲ့ အခန်းကဏ္ဍတွေဆီ စီးဆင်းတဲ့ ရင်းနှီးမြှုပ်နံှမှုအပေါ် အစိုးရရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုတွေကို ကန့်သတ်လိုက်ပါတယ်။

ဒီလိုမျိုး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တွေရဲ့ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံအတွက် အထူးထိခိုက်စေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တွန်းအားအဖြစ် သဘာဝသယံဇာတက ရရှိတဲ့ အကျိုးအမြတ်နဲ့ တင်ပို့မှုတွေအပေါ်မှာ အလွန်အကျွံ မှီခိုနေရပါတယ်။ သတ္ထုနဲ့ သယံဇာတ တူးဖော် ထုတ်လုပ်ရေး နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံကြား အငြင်းပွားမှု ဖြေရှင်းခြင်းစနစ်ကို အများဆုံး အသုံးချသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို နိုင်ငံသားတွေအတွက် ပိုမို အကျိုးရှိရှိနဲ့ သာတူညီမျှဖြစ်အောင် စည်းမျဉ်းတွေ ပြန်ချမှတ်ဖို့ ကြိုးစားအားထုတ်မှုတွေဟာ ဒီ “ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံကြား အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်းစနစ်” ကနေတဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိန်ခေါ်မှုကို ခံရလာနိုင်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေဟာ ရေရှည်ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေတဲ့ သယံဇာတ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေ ဒါမှမဟုတ် မြန်မာ့တွင်းထွက်ပစ္စည်းတွေကို အကြမ်းထည်အတိုင်း မတင်ပို့စေဘဲ တန်ဖိုးတက်အောင် ပြည်တွင်းမှာ အရင် ဆောင်ရွက်စေတာမျိုး စတဲ့ ခြေလှမ်းတွေကို ရပ်တန့်စေနိုင်ပါတယ်။

သတ္ထုတူးဖော်ခြင်း သာဓက ကိစ္စရပ်များ

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် သတ္ထုတူးဖော်ရေး လုပ်ငန်းပါမစ်ကို ရပ်ဆိုင်းလိုက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခုံရုံးကိစ္စတွေ ဖြစ်သွားခဲ့တဲ့ သတ္ထုတူးဖော်ရေး ကိစ္စတွေ အများကြီး ရှိပါတယ်။

အင်ဖီနီတိုးဂိုး ကုမ္ဗဏီ နှင့် ကော်စတာရီကာနိုင်ငံ (ရွှေတူးဖော်ရေးလုပ်ငန်း) ကော်စတာရီကာ အစိုးရဟာ သမပိုင်း သစ်တောတွေ ပြုန်းတီးမှုကြောင့် ရွှေတူးဖော်ရေး လုပ်ငန်းလိုင်စင်တွေကို ဖျက်သိမ်းပစ်ခဲ့တယ်။ တူးဖော်ရေး ခွင့်ပြုချက်တွေကို တရားမဝင် ထုတ်ပေးခဲ့တယ်လို့လည်း စွပ်စွဲမှုတွေ ရှိပါတယ်။ ကော်စတာရီကာ တရားရုံးချုပ်နဲ့ တူးဖော်ရေးလုပ်ငန်းတွေကို ကန့်ကွက်သူ ၇၅% ဟာ ဒီဆုံးဖြတ်ချက်ကို ထောက်ခံပေးခဲ့တယ်။ အင်ဖီနီတိုး ကုမ္ဗဏီဟာ လျော်ကြေးအဖြစ် ဒေါ်လာ တစ်ဘီလီယျံ တောင်းဆိုခဲ့တယ်။ ဒီအမှုဟာ အခုထိ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ဂါဘရီရယ် သယံဇာတ ကုမ္ဗဏီနှင့် ရိုမေးနီးယားနိုင်ငံ (ရွှေနဲ့ငွေ တူးဖော်ရေးလုပ်ငန်း)

ရိုမေးနီးယားနိုင်ငံဟာ အခုတော့ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်းဝင်အဖြစ် လျှောက်ထားတဲ့ ရှေးဟောင်းနေရာ ရိုစီယာမွန်တားနားကို ပျက်စီးစေနိုင်တယ် ဆိုတာရယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဂါဘရီရယ် သယံဇာတ ကုမ္ဗဏီရဲ့ ဥရောပမှာ အကြီးဆုံး ရွှေတူးဖော်ရေးတွင်း ဆောက်လုပ်ဖို့ အဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။ ဒီပရောဂျက်ကို ၁၅ နှစ်ကြာ ဆန့်ကျင်ခဲ့တဲ့ ကမ်ပိန်းက ဒီတူးဖော်ရေးလုပ်ငန်းဟာ ဆိုင်ယာနိုက်အဆိပ်တွေရှိတဲ့ ရေကန်ကြီးတခု ဖြစ်လာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒီအဆိပ်ရေကန်ကြီးက ရောမအင်ပါယာ လက်ထက်ကတည်းက ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်နေရာကို ဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုပါတယ်။ ကုမ္ဗဏီကတော့ လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄ ဘီလီယျံ တောင်းထားပါတယ်။ ဒီအမှုကလည်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ပစိဖိတ်ရင်းမ် ကုမ္ဗဏီနှင့် အယ်လ်ဆယ်လ်ဗဒေါနိုင်ငံ (ရွှေတူးဖော်ရေးလုပ်ငန်း)

ကနေဒါ သတ္ထုတူးဖော်ရေး ကုမ္ဗဏီ (ယခု အိုရှန်းနားဂိုးလ်) ဟာ သူ့ကုမ္ဗဏီရဲ့ ရွှေတူးဖော်ရေး ခွင့်ပြုချက်တွေကို အယ်လ်ဆယ်လ်ဗဒေါ အစိုးရက ပယ်ချလိုက်ပြီးတဲ့နောက် အစိုးရကို တရားစွဲခဲ့ပါတယ်။ ကုမ္ဗဏီဟာ ဖြစ်နိုင်ခြေဆိုင်ရာ လေ့လာမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု ချင့်ချိန်အကဲဖြတ်ခြင်း (EIA) တွေကို မလုပ်ခဲ့တဲ့အတွက် ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက် မရခဲ့ပါဘူး။ ဆယ်လ်ဗဒေါနိုင်ငံသား အများစုဟာ တိုင်းပြည်ရဲ့ ရေသန့် အကြပ်အတည်းကို သိနားလည်ထားပြီး တူးဖော်ရေး လုပ်ငန်းကို ကန့်ကွက်ခဲ့ကြပါတယ်။ (တိုင်းပြည်ရဲ့ ၉၀% သော ရေတွေဟာ ဆိုးဆိုးရွားရွားကို ညစ်ညမ်းနေတာ ဖြစ်ပါတယ်) ကုမ္ဗဏီဟာ လျော်ကြေးအဖြစ် နိုင်ငံရဲ့ ပညာရေးဘတ်ဂျက် ၃၀% နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကို တောင်းဆိုခဲ့ပါတယ်။ ခုံရုံးလုပ်ငန်းစဉ်တွေကကိုပဲ အစိုးရကို အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျစေခဲ့ပါတယ်။ ဒီငွေကြေးပမာဏဟာ သေးငယ်ပြီး ဆင်းရဲတဲ့ နိုင်ငံအတွက်တော့ သိသာတဲ့ ပမာဏတခု ဖြစ်ပါတယ်။

ဂလန်းမစ်ဂိုး ကုမ္ဗဏီနဲ့ အမေရိကန်နိုင်ငံ (ရွှေတူးဖော်ရေးလုပ်ငန်း)

ကနေဒါကုမ္ဗဏီ ဂလန်းမစ် (ယခု ဂိုးကော့ပ်စ်) ဟာ အမေရိကန်နိုင်ငံရဲ့ ကွမ်ချန်း အင်ဒီးယန်း အမျိုးအနွယ်တွေ အထွတ်အမြတ်ထားတဲ့ နေရာတခုမှာ တူးဖော်ရေးလုပ်ငန်း ပရောဂျက်တခု လုပ်ဖို့ စီစဉ်နေခဲ့ပါတယ်။ နေရာမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေ ရှိမှာစိုးတဲ့အတွက်ကြောင့် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အစိုးရက ပရောဂျက်ကို ခွင့်ပြုပေးခဲ့ပေမယ့် မြေနေရာကို ပြန်ထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပြုပြင်ဖို့အတွက် ဂလန်းမစ် အပါအဝင် နောက်ထပ် တူးဖော်ရေးလုပ်ငန်းတွေ အကုန်လုံးကို တူးဖော်မယ့်ကျင်းတွေ ပြန်ဖြည့်ခိုင်းခဲ့ပါတယ်။ ဒီစီမံချက်ဟာ ကုမ္ဗဏီအတွက် ငွေကြေးအကုန်အကျ များစေခဲ့တဲ့အတွက် “သွယ်ဝိုက်သော မြေနေရာသိမ်းယူမှု” ဆိုပြီး လျော်ကြေးအဖြစ် အစိုးရဆီကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ တောင်းဆိုခဲ့ပါတယ်။

ဒီလိုမျိုး နိုင်ငံတကာ သာဓကတွေ အများကြီး ရှိပါတယ်။ သတ္ထုတူးဖော်ရေး ကုမ္ဗဏီတော်တော်များများဟာ “ရင်းနှီးမြှုပ်နှံသူနဲ့ နိုင်ငံကြား အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း” တွေနဲ့ အင်ဒိုနီးရှားနိုင်ငံကို စွဲချက်တွေ တင်ခဲ့ပါတယ်။ တိုင်းပြည်အတွက် ပိုအကျိုးအမြတ်ရအောင်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာအောင် ဆိုပြီး အင်ဒိုနီးရှားနိုင်ငံဟာ ကုမ္ဗဏီတွေ တူးဖော်ရရှိလာတဲ့ သတ္ထုပစ္စည်းတွေကို ပြည်တွင်းမှာ အရင် အချောထည်ဖြစ်အောင် ပြုလုပ်ရမယ်ဆိုတဲ့ Downstream Production စနစ်ကို သတ္ထုတူးဖော်ရေး ဥပဒေမှာ ထည့်ပြီး ပြဌာန်းခဲ့တဲ့အချိန်မှာ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ နယူးမောင့် တူးဖော်ရေး ကုမ္ဗဏီဟာ နယ်သာလန်-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နံှရေး သဘောတူစာချုပ်ကို အသုံးချပြီး အင်ဒိုနီးရှားအစိုးရကို စွဲချက်တင်ခဲ့ပါတယ်။ ကုမ္ဗဏီဟာ အသစ်ပြဌာန်းလိုက်တဲ့ သတ္ထုတူးဖော်ရေး ဥပဒေကနေ အထူး ကင်းလွတ်ခွင့်တွေ ရဖို့ သဘောတူညီချက် ရတဲ့အချိန်ကျမှသာ အင်ဒိုနီးရှား အစိုးရကို တင်ထားတဲ့ စွဲချက်ကို ရုတ်သိမ်းခဲ့ပါတယ်။

ဒါဟာ အဆိုပြုလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို စိန်ခေါ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ပိုပိုပြီး အသုံးပြုလာကြတဲ့ နည်းတွေ ဖြစ်ပါတယ်။ သက်ရောက်မှုဟာ ချက်ချင်း ဖြစ်လာနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကြီးမားတဲ့ ငွေကြေးဖိအားတွေအောက်မှာ ရှိလာမယ့် အများပြည်သူ ဘဏ္ဍာငွေ ထိခိုက်မှုအန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ငွေကြေး ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်တဲ့ နိုင်ငံတကာ ခုံရုံးကိစ္စတွေရဲ့ ခြိမ်းခြောက်မှုဟာ အစိုးရတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ် အဟန့် ဖြစ်သွားစေနိုင်တဲ့ လူမှုနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ စီမံချက်တွေကို ဖော်ဆောင်ဖို့ ဝန်လေးသွားစေပါတယ်။ ဥပမာ ပြောရရင် နယူးဇီလန်အစိုးရဟာ စီးကရက်ထုပ်ပိုးမှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ လုပ်ဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးကရက်ထုပ်ပိုးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဥရုဂွေးနဲ့ သြစတြေးလျ အစိုးရတွေကို ဖိလစ်မောရစ် ကုမ္ဗဏီက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်အတွက် စွဲချက်တင်လိုက်တာကို နယူးဇီလန်အစိုးရက သိသွားတဲ့အတွက် ဖြစ်ပါတယ်။

အစိုးရအတွက် ဖြစ်နိုင်တဲ့ အန္တရာယ်တွေက ဒီမှာ မပြီးသေးပါဘူး။ တခါတလေမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ တကယ်ရင်းနှီး မြှုပ်နှံခဲ့တဲ့ ပမာဏအတွက်တွင် မဟုတ်ဘဲ နောင်အနာဂါတ်မှာ ရမယ့်အကျိုးအမြတ်တွေ ဆုံးရှုံးသွားတဲ့အတွက်ပါ လျော်ကြေးတောင်းတတ်တာ ရှိပါတယ်။ မြန်မာနိုင်ငံ ကိစ္စမှာဆိုရင် မြစ်ဆုံဆည်ကို လုံးဝဖျက်သိမ်းလိုက်မှုဟာ ဒေါ်လာသန်းပေါင်း ရာချီကနေ ဘီလီယျံအထိ ကုန်ကျစေနိုင်ပါတယ်။ ပေးရမယ်ဆိုရင်လည်း အများပြည်သူ ဘဏ္ဍာငွေကနေပဲ ပေးချေရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီကိစ္စကို စီမံဖို့ မခြိမ်းခြောက်သေးဘဲ သံတမန်နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားနေပါသေးတယ်။ အကယ်၍များ လုံးဝ ဖျက်သိမ်းဖြစ်မယ် ဆိုရင် ဒါဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ဆွီဒင်စွမ်းအင်ကုမ္ဗဏီ ဗန်တန်ဖောဟာ ဖူကိုရှီမား ပေါက်ကွဲမှုကြောင့် နယူကလီးယားစွမ်းအင် ထုတ်လုပ်မှု မပြုတော့ဖို့ ဂျာမနီလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် “ရင်းနှီးမြှုပ်နှံသူနဲ့ နိုင်ငံကြား အငြင်းပွားမှု ဖြေရှင်းခြင်း” စနစ်ကို သုံးပြီး ဂျာမနီနိုင်ငံဆီကနေ ယူရို ၄.၆ ဘီလီယျံ တောင်းဆိုခဲ့ပါတယ်။ ဒီပမာဏဟာ ဗန်တန်ဖောကုမ္ဗဏီ တကယ်ရင်းနှီးမြှုပ်နှံခဲ့တဲ့ အရင်းအနှီးထက် အများကြီး ပိုများနေပါတယ်။

ဒီလိုကိစ္စတွေအပေါ် စိုးရိမ်မှုတွေ ရှိလာတဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးမြင့်စေတယ်ဆိုတဲ့ အကြောင်းအရာအပေါ် ဒီနှစ်ပိုင်းတွေမှာ လူတွေ အယုံအကြည် ကင်းမဲ့လာပါတယ်။ ဒါပေမယ့်လည်း သဘာဝသယံဇာတ ထုတ်လုပ်မှုအပေါ် မှီခိုနေရတဲ့ နိုင်ငံတော်တော်များများရဲ့ အသိုင်းအဝိုင်းတွေ ကြားမှာတော့ အသိအမှတ်ပြု ခံနေရပါသေးတယ်။

ဒီလုပ်ငန်းတွေရဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို ကန့်သတ်ဖို့နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် ကောင်းကျိုး အာမခံပေးနိုင်အောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေနဲ့ အထူးသဖြင့် သယံဇာတ ထုတ်ဖော်ရေး စီးပွားရေး နယ်ပယ်တွေဟာ သိပ်အရေးပါပါတယ်။ သယံဇာတ ထုတ်လုပ်မှု နယ်ပယ်အပေါ် အစိုးရရဲ့ ပိုမိုလွှမ်းမိုးနိုင်မှုဟာ သယံဇာတ ကြွယ်ဝတဲ့ တိုင်းပြည်တွေမှာ လက်ရှိ ခေတ်စားနေပါတယ်။

ဥပမာပြောရရင် အာဖရိကန်နိုင်ငံတွေဟာ တူးဖော်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တခု ရေးဆွဲပြီးသွားပါပြီ။ “အာဖရိက တွင်းထွက်တူးဖော်ရေး မျှော်မှန်းချက်” ဟာ သဘာဝသယံဇာတ ဆိုင်ရာ စက်မှုလုပ်ငန်းကို ထောက်ခံအားပေးပြီး ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေး စနစ်တွေရဲ့ ငွေကြေး၊ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်တွေကို နိုင်ငံတော်တော်များများက သဘောပေါက်စ ပြုလာကြပါပြီ။ သြစတြေးလျ၊ ဗော်လီဗီယာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိက နိုင်ငံတွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုစာချုပ် မူဝါဒတွေကို ပြန်ပြင်နေကြပါပြီ။ သူတို့ရဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ တရားဝင် အရာရောက်မှုကို နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေက စိန်ခေါ်နေတဲ့အတွက်၊ အများပြည်သူ ဘဏ္ဍာငွေကို ခြိမ်းခြောက်တဲ့အတွက် စတာတွေကြောင့် သိပ်မကျေနပ်ကြဘူး။ မြန်မာနိုင်ငံဟာ စီးပွားရေး အခွင့်အလမ်းတွေကို လတ်တလောကမှ ဖွင့်လိုက်တာဖြစ်တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေးတွေ ဖွင့်လိုက်ပြီ ဖြစ်တာကြောင့် တိုင်းပြည်ဟာ လတ်တလောမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ နိုင်ငံတွင်း အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးထားပြီး သိပ်ကို လွတ်လပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲနေပါတယ်။ သိပ်ကိုရက်ရောတဲ့ အခွန်အခ မက်လုံးတွေလည်း ပါပါသေးတယ်။

ဒါတွေရဲ့ ထိပ်ဆုံးမှာ RCEP နဲ့ ဥရောပ-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွေ ရှိနေပါတယ်။ ဥရောပရဲ့ စီးပွားရေးသမားတွေဟာ မြန်မာနိုင်ငံရဲ့ များပြားလှတဲ့ စွမ်းအင်၊ ကုန်သွယ်ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ စားသောက်ကုန် စတဲ့ ကဏ္ဍတွေကို သိပ်စိတ်ဝင်စားကြပါတယ်။

တခြားနိုင်ငံတွေ အတွက်တောင် ရင်းနှီးမြှုပ်နံှသူ အခွင့်အရေးတွေက ထပ်ပြီးတော့ ကျယ်ပြန့်လာပါလိမ့်မယ်။ ပြီးတော့ ဒါတွေဟာ ရေရှည်ငြိမ်းချမ်းရေး အကျိုးကို မျှော်ကိုးတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေကို အဟန့်အတားဖြစ်မယ့် အန္တရာယ်များတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ အခုလက်ရှိ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နံှမှု သဘောတူညီမှု စာချုပ်တွေနဲ့မတူဘဲ ပိုဆိုးတာက မြန်မာနိုင်ငံကို အနာဂါတ်မှာ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို ပြန်ပြင်ရာမှာ အရမ်းကို ခက်ခဲသွားစေပါလိမ့်မယ်။ RCEP လိုမျိုး ဒေသတွင်း ကုန်သွယ်မှု သဘောတူညီမှု စာချုပ်တွေဟာ သက်တမ်းကုန်ဆုံးရက် မရှိပါဘူး။

မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းတဲ့ ကာလမှာ ရှိနေပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို ရရှိလာတာ ဖြစ်ပါတယ်။ သို့ပေမယ့် တပ်မတော်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါသေးတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကလည်း အခုမှ စတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ ခေတ်နောက်ကျနေတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေ အများကြီး ရှိနေပါတယ်။

တချိန်တည်းမှာပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း စတင်ပြီးတော့ နှစ်ပေါင်း ၆၅ နှစ်တိုင် ကြာခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်လိုက်ပြီး တိုင်းပြည်ရဲ့ လူမျိုးရေး အငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းမှု စားပွဲပေါ်မှာတင်ပြီး အဖြေရှာနေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ မူဝါဒနဲ့ ဥပဒေအသစ်တွေ ရေးဆွဲဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလို တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေစေဖို့ လိုပါတယ်။


Original post.

English version.