ပင်မစာမျက်နှာ
မိမိတို့အကြောင်း

ရှေ့ပြေးအသံအဖွဲ့အကြောင်း


မျှော်မှန်းချက်

ရှေ့ပြေးအသံအဖွဲ့သည် ခွဲခြားဖိနှိပ်ဆက်ဆံမှုကင်းပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူ့အခွင့်အရေးအခြေခံမူများကို ကိုင်စွဲကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအား မျှော်မှန်းသည်။

ဦးတည်ချက်

ရှေ့ပြေးအသံအဖွဲ့၏ ဦးတည်ချက်မှာ ဒေသန္တရအဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် မြန်မာနိုင်ငံ နှင့်စပ်လျဥ်း၍ အခြေခံမူများနှင့်လူ့အခွင့်အရေးကို အခြေခံသည့် ထိတွေ့ဆက်ဆံမှုများနှင့် မူဝါဒများ ပေါ်ထွန်းလာရေးအတွက် မြေပြင်ရှိ လူထုတို့၏အသံများကို ပူးပေါင်းပါဝင်မှုရှိသော သုတေသန၊ သုံးသပ်ချက်နှင့် စည်းရုံးလှုံ့ဆော်ရေး တို့မှတစ်ဆင့် မြှင့်တင်ပေးသွားရန် ဖြစ်သည်။

မိမိတို့အဖွဲ့၏ နောက်ခံအကြောင်း

PV - Our History

ရှေ့ပြေးအသံအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်သည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့အစည်းများဖြင့် ၂၀၀၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) အဖွဲ့မှ ပေါက်ဖွားလာသည့်အဖွဲ့ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်ခဲ့သည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများအပြင် မြန်မာ့အရေးပူးပေါင်းဆောင်ရွက် သူများကို တည်ထောင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ်ဒေသနှင့် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်လူထု အဖွဲ့အစည်းအခင်းအကျင်း ပြောင်းလဲခဲ့သည့်အနေအထားတွင် ထိရှလွယ်သော၊ ဖယ်ကြဥ်ခံရသော၊ ရပိုင်ခွင့်များဆုံးရှုံးသော လူထုအသိုင်းအဝိုင်းများ၏ စိုးရိမ်ပူပန်မှုများနှင့် အမြင်များကို အခြေပြုကာ လူထုအသိုင်းအဝိုင်းအား မြစ်ဖျားခံသည့် လူထုပူးပေါင်းပါဝင်သော အခွင့်အရေးအခြေခံ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို ပြည်တွင်းနှင့်နိုင်ငံတကာ မူဝါဒချမှတ်ရေးအဆင့်များ၌ လုပ်ဆောင်မည့် အဖွဲ့အစည်းတစ်ခု လိုအပ်နေသည်ကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများက သုံးသပ်တွေ့ရှိခဲ့သည်။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့၏ အားသာချက်များနှင့် ကွန်ရက်များ၊ စံတန်ဖိုးများအပြင် ပြောင်းလဲနေသည့် နိုင်ငံရေးနှင့် အရပ်ဘက်လူထုအသိုင်းအဝိုင်း အခင်းအကျင်းတို့အား အခြေပြု၍ အခွင့်အရေးအခြေခံသော သုတေသနပြုခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်းများမှတစ်ဆင့် မြေပြင်ရှိ အခွင့်အရေး အခြေပြုလှုပ်ရှားမှုများနှင့် အမြင့်ဆုံးအဆင့်ရှိ မူဝါဒချမှတ်သူများကြား ချိတ်ဆက်မှု ဖန်တီးပေးရန်အတွက် ရည်ရွယ်၍ ရှေ့ပြေးအသံအဖွဲ့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် တည်ထောင်ခဲ့သည်။

မိမိတို့အဖွဲ့၏ အကြောင်း

ရှေ့ပြေးအသံအဖွဲ့သည် မြန်မာနိုင်ငံတဝှမ်းရှိ လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဘက်လူထု အဖွဲ့အစည်း များတို့နှင့် ခိုင်မာအားကောင်းသော ဆက်ဆံရေးနှင့်ကွန်ရက်ချိတ်ဆက်မှုတို့ကို ရယူထားပြီး အရပ်ဘက် လူထုအသိုင်းအဝိုင်းကို အခြေပြုသည့် လူထုပူးပေါင်းပါဝင်မှုနှင့်အခွင့်အရေးကို အခြေခံသော သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်ပါသည်။ ရှေ့ပြေးအသံအဖွဲ့သည် အောက်ခြေလူထုတို့၏အသံများကို မြှင့်တင်ပေးကာ လူ့အခွင့်အရေးအခြေခံသည့် မူဝါဒများ ပေါ်ထွန်း လာရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ရပ်ရွာလူထုအသိုင်းအဝိုင်းနှင့် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အဆင့် မူဝါဒရေးဆွဲချမှတ်သူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပါသည်။

PV - Who We Are

လူ့အခွင့်အရေးအခြေခံမူများအပေါ် စွဲမြဲစွာရပ်တည်ခြင်းသည် ရှေ့ပြေးအသံအဖွဲ့၏ အလုပ်နှင့် အမှတ် လက္ခဏာတို့၏ အုတ်မြစ်ဖြစ်သည်။ မိမိတို့သည် အလုံးစုံခြုံငုံပြီး ခွဲထုတ်၍မရသည့် အကြွင်းမဲ့ လူ့အခွင့်အရေး သဘောသဘာဝအား စွဲကိုင်ကာ မည်သူ့ကိုမျှ လူမျိုးနွယ်၊ အသားရောင်၊ တိုင်းရင်းသား၊ လူမျိုးစု၊ ဂျန်ဒါ သို့မဟုတ် လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ လူမှုအဆင့်အတန်း၊ ကိုးကွယ် သည့်ဘာသာနှင့် နိုင်ငံရေး သို့မဟုတ် အခြားသော ယုံကြည်မှုများအပေါ် အခြေခံသည့် မည်သည့်ခွဲခြား ဆက်ဆံခြင်းမျိုးကိုမှ မလုပ်ဆောင်ပေ။

မိမိတို့သည် ဂျန်ဒါစုံလင်ပါဝင်သော ဝန်ထမ်းဆိုင်ရာမူဝါဒကို ကိုင်စွဲထားပြီး မိမိတို့ဝန်ထမ်းများ၏ လူမျိုးနှင့် ဘာသာရေး စုံလင်ကွဲပြားမှုကို ခွန်အားအဖြစ်ယူသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ လူငယ်မျိုးဆက်များ၊ အထူးသဖြင့် ဖယ်ကြဥ်ခံအသိုင်းအဝိုင်းမှ လူငယ်မျိုးဆက်များကို အဖွဲ့အစည်းရေရှည်တည်တံ့ရေးအတွက် နှင့် မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီအရေးတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်နိုင်ရန်အတွက် လက်တွဲ ပျိုးထောင်သွားရန်လည်း ရည်ရွယ်ပါသည်။ ရှေ့ပြေးအသံအဖွဲ့တွင် ချမှတ်သော ဆုံးဖြတ်ချက်များသည် မူအပေါ်အခြေခံသော အားလုံးပါဝင်သည့် စုပေါင်းဆုံးဖြတ်ချက်ဖြစ်ပြီး တန်းတူညီမှု၊ အားလုံးပါဝင်မှုနှင့် တက်ကြွသော ပူးပေါင်းပါဝင်မှုတို့၏ စံတန်ဖိုးများကို သေချာထည့်သွင်းလုပ်ဆောင်သည်။

မိမိတို့၏သုတေသနလုပ်ငန်းကို “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” အခြေခံမူအား လက်ကိုင်ပြုကာ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည်။ သုတေသနမှတွေ့ရှိချက်အပေါ်အခြေခံ၍ မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးနှင့် ဘာသာရေးအဖွဲ့အစည်းများဘက်မှ ဘက်လိုက်မှုမရှိဘဲ လွတ်လပ်အမှီအခို ကင်းစွာဖြင့် မူကိုအခြေခံသည့်သုံးသပ်ချက်များကို ထုတ်ဝေပြီး မူဝါဒဆိုင်ရာ အကြံပြုတိုက်တွန်းချက်များကို ပေးအပ်ပြီး စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ပါသည်။

မိမိတို့အဖွဲ့၏ မဟာဗျူဟာ

၂၀၂၁ ခုနှစ် စစ်တပ်၏ တရားမ၀င် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် မိမိတို့သည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော ဘက်ပေါင်းစုံအကျပ်အတည်းအတွက် ရေရှည်ဖြေရှင်းချက်များကို အဖြေရှာသည့် တစ်ချိန်တည်းတွင် မြေပြင်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ချက်ချင်းထောက်ပံ့ကူညီပြီး လူ့အခွင့်အရေးအား ကာကွယ်သော ချဥ်းကပ်မှု နည်းလမ်းနှစ်သွယ်ကို ချက်ချင်းရေးဆွဲ အကောင်အထည် ဖော်ခဲ့သည်။ မြန်မာနိုင်ငံရှိ အကျပ်အတည်းများ ဆက်လက်နက်ရှိုင်းလာသည်နှင့်အမျှ အရေးပေါ် ထောက်ပံ့မှုနှင့် လူ့အခွင့်အရေးကာကွယ်မှုအတွက် လိုအပ်ချက်များသည် နိုင်ငံတဝှမ်းတွင် သိသိသာသာ တိုးပွားလာလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရန်၊ စစ်တပ်၏ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံကို တည်ဆောက်ရန် တို့အတွက် အကျပ်အတည်း၏ အကြောင်းရင်းခံများ ဖြေရှင်းရေးသည်လည်း အလွန်အရေးကြီးပေသည်။

PV - Our Strategy

မိမိတို့အဖွဲ့သည် ဆွေးနွေးတိုင်ပင်မှုရှိသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ လူထုပူးပေါင်းပါဝင်မှုရှိသော ချဉ်းကပ်မှုကို ကျင့်သုံးပြီး ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အောက်ခြေလူထုကွန်ရက်များအပြင် ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များနှင့် စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ သတင်းစကားများမှာ ဒေသခံလူထုအသိုင်းအဝိုင်းများ၏ အသံများ၊ စိုးရိမ် ပူပန်မှုများ၊ အကြံပြုချက်များ၊ မျှော်လင့်ချက်များနှင့် ထပ်တူကျထင်ဟပ်စေရန် ဖြစ်သည်။

အပြောင်းအလဲဖော်ဆောင်ရန် မိမိတို့ကျင့်သုံးသော အဓိကဗျူဟာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. သုတေသနပြုခြင်း မြန်မာနိုင်ငံ၏ မြေပြင်မှအရှိတရားများကို အခြေခံ၍ လွတ်လပ်အမှီအခို ကင်းသည့် လူ့အခွင့်အရေးအခြေခံသော သုတေသနသုံးသပ်ချက်များနှင့် မူဝါဒဆိုင်ရာ အကြံပြု တိုက်တွန်းချက်များကို ထုတ်ဝေခြင်း။
  2. စည်းရုံးလှုံ့ဆော်ခြင်း မြန်မာပြည်သူများ၏ အသံများအား မြှင့်တင်ပေးပြီး ၎င်းတို့၏အသံများ၊ စိုးရိမ်ပူပန်မှုများ၊ နှင့် တောင်းဆိုမှုများကိုထင်ဟပ်သည့် အခြေခံမူများနှင့် လူ့အခွင့်အရေးအပေါ် အခြေခံသည့် ထိတွေ့ဆက်ဆံမှုများ၊ မူဝါဒများ၊ နှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ပေါ်ပေါက်လာရန်အတွက် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား စည်းရုံးလှုံ့ဆော်ခြင်း။
  3. လူ့အခွင့်အရေးကာကွယ်ခြင်း မြန်မာပြည်သူတို့၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးခြင်း အပြင် ဒေသခံလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အပြောင်းအလဲဖော်ဆောင်သူများ၊ နှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ၏ ဆက်လက်ရှင်သန်မှု၊ အသိပညာတိုးပွားမှု၊ ဟန်ချက်ညီမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ နှင့် ရေရှည်တည်တံ့မှုတို့ကို အားကောင်းစေသော မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် ဘက်ပေါင်းစုံအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ဒေသခံလူထုဦးဆောင်သော လုပ်ငန်းစဥ်များနှင့် ဖြေရှင်းချက်များ ပိုမိုခိုင်မာအားကောင်းလာစေရေး လုပ်ဆောင်ခြင်း။
  4. တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို မြှင့်တင်ခြင်း မြန်မာစစ်အုပ်စုက ကျူးလွန်ထားသည့် ဆယ်စုနှစ်ပေါင်းများစွာချီ ဆိုးရွားပြင်းထန်သော ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး မြှင့်တင်ခြင်းအပြင် ၎င်း၏ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေသည့် သံသရာ အဆုံးသတ်နိုင်ရေး ဆောင်ရွက်ခြင်း။
PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia