13 May 2026

ရက်စွဲ ၁၃ မေ၊ ၂၀၂၆ခုနှစ်
ချက်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာ့နွေဦးတော်လှန်ရေး (တကျော့ပြန် တော်လှန်ရေး) နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် အခိုင်အမာ ထောက်ခံအားပေးမှုကို မိမိတို့အနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။
တရားမဝင် မြန်မာစစ်အုပ်စုသည် လက်နက်အားကိုးဖြင့် အာဏာလုယူထားဆဲဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည့် မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲပြီးနောက် စစ်အုပ်စုလွှတ်တော်နှင့် အတူ မိမိကိုယ်ကို ‘နိုင်ငံတော်သမ္မတ’ အဖြစ် ခန့်အပ်ထားပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာကို လှည့်ကွက်များစွာဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်ကြောင်း ကြေညာနေချိန်တွင်ပင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် နေ့စဉ် အကြမ်းဖက် လေကြောင်း စစ်ဆင်ရေးများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါသည်။
မြန်မာစစ်အုပ်စုသည် စစ်ဘက်တိုက်လေယာဉ်များကိုသာမက ချက်နိုင်ငံထုတ် လေကြောင်းလုပ်ငန်း Omnipol Group (အိုမနီပိုလ် အုပ်စု) မှ Let L410-UVP E20 Turbolet (Let L410) လေယာဉ်များကိုပါ အသုံးပြုလျက်ရှိသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) ၏ ၂၀၂၅ ခုနှစ် ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေကြောင်းခြေရာခံ သုတေသန အချက်အလက်များအရ Let L 410 လေယာဉ်များကို ပုသိမ် လေတပ်စခန်းဌာနချုပ်နှင့် တံတားဦး လေတပ်စခန်းတို့တွင် အသုံးပြုခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ၂၀၂၅ ဇွန်နှင့် ဇူလိုင်လတွင် စုစုပေါင်း ပျံသန်းရက် (၈) ရက်အတွင်း လေယာဉ် အတက်၊ အဆင်း ၁၆ ကြိမ် ရှိခဲ့ပြီး လေ့ကျင့်ရေးအတွက် ၃ ကြိမ်၊ သယ်ယူပို့ဆောင်ရေး မစ်ရှင်အတွက် ၂ ကြိမ် နှင့် အသုံးပြုမှုကို အတည်အပြုနိုင်သော သုံးစွဲမှု ၃ ကြိမ် ရှိခဲ့သည်။ စုစုပေါင်း ခန့်မှန်းပျံသန်းချိန် အနည်းဆုံး ၁၃ နာရီ အသုံးပြုခဲ့ကြောင်း တွေ့ရှိထားပါသည်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ အချက်အလက်အရ မြန်မာ စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို အနည်းဆုံး ၆,၉၈၀ ကြိမ် ပြုလုပ်ခဲ့ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၆ လအောက် ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၄,၂၉၉ ဦး သေဆုံးခဲ့ပြီး၊ ၇,၅၅၂ ဦးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
Myanmar Witness သည် ချက်နိုင်ငံထုတ် Let L410 လေယာဉ် ၅ စီးကို Kunovice လေဆိပ်မှ မြန်မာသို့ လွှဲပြောင်းပေးပို့ခဲ့မှုကို စက်တင်ဘာ ၂၀၂၄ မှ ဖေဖော်ဝါရီ ၂၀၂၆ တွင် မှတ်တမ်းတင်ထားသည့် စုံစမ်းစစ်ဆေးမှု နှစ်ခုကို ထုတ်ဝေထားသည်။ ချက်နိုင်ငံအစိုးရက မြန်မာသို့ ပို့ဆောင်ခဲ့သော လေယာဉ်များသည် အရပ်ဘက်အသုံးပြုရန်ဖြစ်သည်ဟု ဆိုထားသော်လည်း၊ Myanmar Witness ၏ သက်သေစုဆောင်းမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများက ဤအချက်ကို ဆန့်ကျင်သည်။ ပွင့်လင်းသော အရင်းအမြစ်များ၊ ဆိုရှယ်မီဒီယာအကြောင်းအရာများနှင့် ရုပ်ပုံခွဲခြမ်းစိတ်ဖြာကိရိယာများဖြင့် သက်သေပြထားသည့် ၎င်း၏စုံစမ်းမှုအရ လေယာဉ်များသည် စစ်ဘက်အဆောက်အအုံများတွင်ရှိနေပြီး မြန်မာလေတပ်သို့ ဝင်ရောက်အသုံးပြုခံရသည်ကို ဖော်ပြနေသည်။
Myanmar Witness သည် ပေးပို့ခဲ့သော Let L410 လေယာဉ်များအနက် အနည်းဆုံး တစီးကို မှော်ဘီ လေတပ်စခန်းတွင် ထပ်ခါထပ်ခါ လည်ပတ်လှုပ်ရှားမှုကို ခြေရာခံထားရှိပြီး၊ တကြိမ်တွင် ဂြိုဟ်တုရုပ်ပုံဖြင့် မှော်ဘီ လေတပ်စခန်း၏ လေယာဉ်ပြေးလမ်းပေါ်တွင် ရိုက်ကူးရရှိခဲ့သည်။ ဤသည်မှာ အရပ်ဘက်လေယာဉ်များအတွက် အသုံးပြုသော အဆောက်အအုံမရှိသည့် မြန်မာလေတပ် (MAF) စစ်ဘက်စခန်းဖြစ်သည်။ ထို့ပြင် လေကြောင်းပျံသန်းခြေရာခံမှုနှင့် ဆိုရှယ်မီဒီယာများအရ Let L410 (ဖြစ်နိုင်ချေ XY-AMV) တစီး ကရင်ပြည်နယ် ဝေါလေ ဧရိယာသို့ နယ်စပ်အနီးရှိ တိုက်ပွဲများကြားတွင် ၂၀၂၅ နိုဝင်ဘာ လလယ်တွင် ချဉ်းကပ်လာသည်ကို ဖော်ပြထားသည်။ ၂၀၂၅ ဒီဇင်ဘာ ၁၁ ရက်တွင် Let L410 လေယာဉ်တစီးကို မကွေးလေတပ်စခန်းတွင် လေယာဉ်ပြေးလမ်းပေါ်တွင် ရပ်ထားသည်ကို တွေ့ရှိခဲ့သည်။
ချက်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ၂၀၂၅ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ Let L410 လေယာဉ်များကို အရပ်ဘက်အသုံးပြုရန်အတွက်သာ Myanmar Airways International (MAI) သို့ ပေးပို့ခဲ့ကြောင်း တုံ့ပြန်ထားသည်။ သို့ရာတွင် လေကြောင်းခြေရာခံဒေတာနှင့် ပုံရိပ်အထောက်အထားများအရ အဆိုပါလေယာဉ်များကို မြန်မာ့လေတပ် (MAF) က အသုံးပြုနေသည့် အချက်အလက်များနှင့် ထိုတုံ့ပြန်ချက်မှာ ကွဲလွဲနေကြောင်း တွေ့ရှိရသည်။
၂၀၂၄ ဩဂုတ်လ ၁၅ ရက်နေ့တွင် စင်ကာပူနိုင်ငံ၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် United Overseas Bank (UOB) မှ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ အကြောင်းပြချက်များဖြင့် MAI ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းခံရခြင်းများ ရှိခဲ့ပါသည်။ ဤသည်မှာ MAI သည် အရပ်ဘက်သုံး လေကြောင်းလိုင်း ဖြစ်သော်လည်း စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများတွင် ဗဟိုကျသော ငွေကြေးစီးဆင်းမှု နှင့် လေယာဉ်အသုံးပြုမှုကို ပေါင်းစပ်ပါဝင်နေကြောင်း ပြသနေပါသည်။
ချက်နိုင်ငံထုတ်လေယာဉ်များကို မြန်မာစစ်အုပ်စု၏ အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးများကို အကောင်အထည်ဖော်ပေးနေသော လေတပ်တွင် အသုံးပြုနေခြင်းဖြင့် ချက်အစိုးရနှင့် Omnipol ကုမ္ပဏီအုပ်စုသည် အီးယူ၏ စည်းမျဉ်းချမှတ်ထားသော စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်များကို ချိုးဖောက်ရာ ရောက်နိုင်ပေသည်။ ထို့ကြောင့် ချက်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အရပ်ဘက်သုံး ရည်ရွယ်ချက်ဖြင့် ပေးပို့ခဲ့သော Let L410 Turbolet လေယာဉ်များကို မြန်မာစစ်အုပ်စုမှ အသုံးပြုနေခြင်း၊ အရပ်သားပြည်သူများ သေဆုံးစေနိုင်သော အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးများတွင် ပါဝင်နေမှုအပေါ် ထိရောက်သော အရေးယူမှုများကို ချက်ချင်းချမှတ်ရန် လိုအပ်နေပါသည်။
သွေးစွန့်ငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) သည် ချက်နိုင်ငံ အစိုးရအား မြန်မာစစ်အုပ်စုကို အရေးယူပေးပါရန်နှင့် Omnipol အုပ်စုအပေါ် ၎င်း၏ လွှမ်းမိုးနိုင်မှုကို အသုံးပြု၍ မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့နေသော (သို့မဟုတ်) ပို့ဆောင်ရန် စီစဉ်ထားသည့် လေယာဉ်များအားလုံးကို ရပ်တန့်ပေးပါရန် အလွန်ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026

28 May 2026

28 May 2026