
ဂျီနီဗာ၊ ၂၀၂၆ ခုနှစ် မေ ၁၂။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ပြီး ကျောင်းသား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့သည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် ယင်းဖြစ်စဥ်အပါအဝင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးဆိုင်ရာ နေရာများ၊ လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးဒဏ်ရာရသည့် လတ်တလောဖြစ်ရပ်များကို စုံစမ်းစစ်ဆေးနေသည်။ အရပ်သားများကို မခွဲခြားသော သို့မဟုတ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်။
ယခုလအစောပိုင်းတွင် ချင်းပြည်နယ်ရှိ ရွာတစ်ရွာမှ ကလေးကစားကွင်းတစ်ခုအား လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့်နှစ်တွင်လည်း ကလေးများကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများစွာ နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့သည်။ ယင်းတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ရှိ ကျေးရွာများအား တိုက်ခိုက်မှု (မတ်၊ ဧပြီ ၂၀၂၆)၊ တနင်္သာရီတိုင်းဒေသကြီးရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်းအား တိုက်ခိုက်မှု (မတ် ၂၀၂၆)၊ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းအား တိုက်ခိုက်မှု (စက်တင်ဘာ ၂၀၂၅)၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရပ်စွန့်ခွာထွက်ပြေးလာသူများအား စောင့်ရှောက်ထားသည့် ဘုန်းကြီးကျောင်း ၁ ကျောင်းအား တိုက်ခိုက်မှု (ဇူလိုင် ၂၀၂၅) စသည့် ဖြစ်ရပ်များ ပါဝင်သည်။
“ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်။ ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ” ဟု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ကလေးများလည်း သေဆုံးဒဏ်ရာရခဲ့ကြသည်ဟု စုဆောင်းရရှိထားသည့် အချက်အလက်များက ဖော်ပြနေသည်။ ဤကိန်းဂဏန်းထက်လည်း ပိုများကောင်းများနိုင်သည်။ အဆိုပါ ဖြစ်ရပ်များကို ကိုယ်တိုင်မကြုံရလျှင်တောင်မျှ လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်သည့် အန္တရာယ်နှင့် စိတ်ဖိစီးမှုသည် ကလေးများကို နက်ရှိုင်းကြာရှည်စွာ သက်ရောက်မှုရှိနိုင်သည်။
“ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ” ဟု နီကိုလတ်စ်ခွန်ဂျန်က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် သက်ဆိုင်သည့် အချက်အလက်များရှိထားပါက ယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် တိုက်တွန်းပါသည်။ Signal တွင် အလိုလျောက် ပျောက်ကွယ်စေသည့် disappearing message စနစ်ကို အသုံးပြု၍ လုံခြုံစွာ ဆက်သွယ်နိုင်သည်။ Proton အီးမေးဖြင့်လည်း အခမဲ့ အကောင့်ဖွင့်ကာ contact@myanmar-mechanism.org ထံ ပေးပို့ဆက်သွယ်နိုင်သည်။
ယန္တရားသည် ဆက်သွယ်လာသူများ၏ လုံခြုံရေးကို ဦးစားပေးပြီး ၎င်းတို့၏ အချက်အလက်များ၊ ကိုယ်ရေးအချက်အလက် အသေးစိတ်များကို အထူးလုံခြုံစွာ ထိန်းသိမ်းသည်။ ယန္တရားထံ ဆက်သွယ်ရာတွင်လည်း ၎င်းတို့အတွက် လုံခြုံမှုရှိမှသာ ဆက်သွယ်ရန် တိုက်တွန်းသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။
Facebook: @MyanmarMechanism LinkedIn: @MyanmarMechanism
မူရင်း original post.
19 May 2026

19 May 2026