စစ်ခေါင်းဆောင်ကို တရားစွဲဆိုထားသည့်အမှု တီမောတရားရုံးချုပ် စတင်ကိုင်ကွယ်

စစ်ခေါင်းဆောင်ကို တရားစွဲဆိုထားသည့်အမှု တီမောတရားရုံးချုပ် စတင်ကိုင်ကွယ်

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်း ၁၄ ယောက်ကို ချင်းပြည်နယ်တွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အရှေ့တီမောနိုင်ငံတရားရုံးမှာ အမှုဖွင့်ခဲ့ရာ တီမောတရားရုံးချုပ်က လက်ခံလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်ထဲမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က  ချင်းပြည်နယ်အတွင်းက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင် ၁၄ ယောက်ကို အရှေ့တီမောနိုင်ငံရဲ့ တရားရေးဌာနမှာ တရားစွဲဆိုခဲ့တာပါ။

အဲဒီ တရားစွဲဆိုမှုကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားရေးဌာနက ရှေ့နေတွေကို တာဝန်ပေးထားပြီး ဒီအမှုနဲ့ ပတ်သက်လို့ လေ့လာဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခု ဧပြီလနောက်ဆုံးပတ်မှာတော့ တီမောနိုင်ငံရဲ့ တရားရုံးချုပ်ကို လွှဲပြောင်းပေးလိုက်ပြီလို့  သိရပါတယ်။

CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က  “ဒါဟာ ကျနော်တို့အတွက် အင်မတန် အားတက်စရာ တိုးတက်မှုတခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားရေးဌာနကနေ လွတ်လပ်တဲ့ တရားရုံးဆီကို ဒီအမှုကိစ္စကို လွှဲပြောင်းပေးလိုက်တာဟာ တရားရုံးကနေပြီး ကျနော်တို့ရဲ့ တိုင်တန်းချက်တွေကို လွတ်လွတ်လပ်လပ် သုံးသပ်စစ်ဆေးမယ့် အခွင့်အလမ်းတခုလို့ ကျနော်တို့ ယူဆလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီအမှု တိုင်တန်းမှုနဲ့ပတ်သက်ပြီးတော့ တီမောလက်စ်တေး တရားရုံးကနေ ကျနော်တို့ရဲ့ အမှုကို စစ်ဆေးပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ပေးသွားမယ်ဆိုတာကို ကျနော်တို့ မျှော်လင့်ချက်ပေးတယ်လို့ ကျနော်ကတော့ ယူဆတာပေါ့နော်။ တီမောလက်စ်တေးက ကျနော်တို့ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ပါတယ်၊ ပြီးတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တော့ ဒီအမှုဟာ ကျနော်တို့အတွက် ပိုပြီးတော့ မျှော်လင့်ချက် ပေးပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့် (universal jurisdiction) အောက်ကနေ စစ်ခေါင်းဆောင်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုတွေအတွက် တာဝန်ရှိကြောင်း  အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာပါ အမှုဖွင့် တရားစွဲဆိုထားခဲ့ပြီး အခု တီမောကပါ တရားစွဲဆိုထားမှုကို လက်ခံကိုင်တွယ် လိုက်တာဖြစ်ပါတယ်။

အခုလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမစွက်ဖက်ရေးမူဝါဒကို ကျော်လွန်ပြီး စစ်ခေါင်းဆောင်အပေါ် အရေးယူမှုတွေ စတင်လုပ်ဆောင်လာတာဟာကောင်းတဲ့ ရလဒ်တွေဖြစ်ပြီး ပိုအားကောင်းတဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလိုကြောင်း ရှေ့ပြေးအသံ Progressive Voice ရဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ဘယ်လိုပဲပြောပြောပါ။ ICC ပဲ ပြောပြော၊ ICJ မှာပဲ ပြောပြော၊ အာဂျင်တီးနားမှာပဲ ပြောပြော အခု လောလောဆယ် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတောင်မှ အင်ဒိုနီးရှားနဲ့ အရှေ့တီမောနိုင်ငံလိုမျိုးမှာလည်း မင်းအောင်လှိုင်ကို နာမည်တပ်ပြီးတော့မှ တရားစွဲမှုတွေကို တရားရုံးတွေကနေပြီးတော့မှ နိုင်ငံတကာဥပဒေကို သုံးပြီးတော့မှ ပြည်တွင်းမှာ တရားစွဲခွင့်ကို လက်ခံပေးထားတာမျိုးတွေ ရှိလာပြီဆိုတော့ ပိုပြီးတော့မှ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့အပေါ်မှာ ကျမတို့က နိုင်ငံတကာဖိအားတွေ ပိုပြီးတော့ ကြီးလာအောင် ထိရောက်တဲ့ အရေးယူမှုတွေ ပိုပြီးဖြစ်လာအောင် ပိုကြိုးစားရမှာ ဖြစ်တယ်။ အထူးသဖြင့် စစ်အုပ်စုရဲ့ စစ်လက်နက်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ ကိစ္စမျိုးတွေ၊ လေယာဉ်ဆီတွေ ဆက်ပြီးတင်ပို့ ထောက်ပံ့ပေးနေတဲ့ ကိစ္စတွေ၊ ဒါတွေက ကျမတို့ ပြည်သူတွေရဲ့ အသက်တွေကို ပိုပြီးတော့မှ ဆုံးရှုံးအောင် နစ်နာအောင် ဒါတွေနဲ့ပတ်သက်လို့ အရေးယူမှုတွေ ပိုဖြစ်လာအောင်လို့ ဥရောပသမဂ္ဂ အပါအဝင်မှာ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ပိုပြီး ဖြစ်လာဖို့အတွက် ကျမတို့ အများကြီး advocate  လုပ်နေကြတာတွေ ရှိပါတယ်။”

တီမောနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးတွေရှိပြီး အခုလို တရားစွဲဆိုတဲ့ အမှုတွေကို လက်ခံခဲ့တာကြောင့် မြန်မာစစ်အာဏာရှင်အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးအကြီးအကဲကို ခေါ်ယူသတိပေးခဲ့ပြီး ၁၅ ရက်နေ့မှာ တီမောသံရုံးကို မြန်မာနိုင်ငံတွင်းက အပြီးထွက်သွားဖို့ အသိပေးစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်မှု ကျူးလွန်ခဲ့မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ စတင်တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း ICJ မှာ ကြားနာမှုကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံက တရားရုံးတခုကလည်း စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင် အပါအဝင် တခြားမြန်မာစစ်တပ်နဲ့ အရာရှိ ၂၄ ယောက်ကိုလည်း ဖမ်းဆီးအမိန့်ထုတ်ပေးခဲ့ပါတယ်။

လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင်ကို ICC ကနေ ဖမ်းဝရမ်းထုတ်တာ အမြန်လုပ်ဆောင်ဖို့ကို ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဗြိတိန်လွှတ်တော် အမတ် ၁၁ ယောက်ထိ ရှိလာပြီလည်း ဖြစ်ပါတယ်။


မူရင်း original post.

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia