ထိုင်းအများပိုင်ကုမ္ပဏီတွင် မြန်မာစစ်လက်နက်ပွဲစားကွန်ရက်၏ ရှယ်ယာလွှဲပြောင်း ရင်နှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ပြီးနောက် ထိုင်းအာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးသင့်

ထိုင်းအများပိုင်ကုမ္ပဏီတွင် မြန်မာစစ်လက်နက်ပွဲစားကွန်ရက်၏ ရှယ်ယာလွှဲပြောင်း ရင်နှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ပြီးနောက် ထိုင်းအာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးသင့်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC) ၏ ရှယ်ယာရှင်များသည် ကျော်မင်းဦး ဦးဆောင်လုပ်ကိုင်နေသည့် မြန်မာစစ်လက်နက်ပွဲစားကွန်ရက် Sky Aviator ၏ ကုမ္ပဏီနှစ်ခုထံသို့ ကြီးမားသော အစုရှယ်ယာ ပမာဏတစ်ရပ်ကို ရောင်းချရန် အတည်ပြုခဲ့ကြသည်။

အဆိုပါ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၇.၁၆ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၁၂.၈၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်များ၊ ရင်းနှီးမြှုပ်နှံသူများ၏ အမှန်တကယ် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်များအပေါ် မရှင်းလင်းနိုင်သေးသည့် မေးခွန်းများ၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးအကြံပေးမှ အတည်မပြုရန် အကြံပြုထားချက်များနှင့် ထိုင်းနိုင်ငံ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) မှ ရှယ်ယာရှင်များနှင့် ပတ်သက်သော လုံလောက်သည့် အချက်အလက်များ ထပ်မံပေးအပ်ရန် ACC သို့ ညွှန်ကြားထားချက်များ ရှိနေသည့်ကြားမှ ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ACC နှင့် Sky Aviator ကွန်ရက်တို့အကြားရှိ အရောင်းအဝယ်ကိစ္စရပ်ကို Justice For Myanmar မှ ယနေ့ ထုတ်ပြန်လိုက်သည့် သတင်းဆောင်းပါးတွင် အသေးစိတ် ဖော်ပြထားသည်။

စင်ကာပူအခြေစိုက် ကုမ္ပဏီများဖြစ်သော Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့သည် ၎င်းတို့နှင့်အမည်တူပေးထားသော မကြာသေးမီကမှ တည်ထောင်ထားသည့် ၎င်းတို့၏ လက်အောက်ခံ ထိုင်း အမည်ခံဟန်ပြကုမ္ပဏီများမှတစ်ဆင့် ACC တွင် အကြီးမားဆုံး ရှယ်ယာရှင်အစုအဖွဲ့ ဖြစ်လာမည်ဖြစ်သည်။

ထိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကြားဝင်ဟန့်တားဆောင်ရွက်ခြင်း မပြုလုပ်ပါက Sky Aviator ကွန်ရက်ရှိ ကုမ္ပဏီနှစ်ခုသည် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉.၃ သန်း) တန်ဖိုးရှိသော စုပေါင်းရှယ်ယာ ၂၃.၂၅% ကို ရယူပိုင်ဆိုင်သွားမည်ဖြစ်သည်။ ယင်းရှယ်ယာရောင်းချမှုသည် ထိုင်းနိုင်ငံသား တစ်သီးပုဂ္ဂလရင်းနှီးမြှုပ်နှံသူ Wichai Wanavit ပါဝင်သည့် စုစုပေါင်း ဘတ် ၃၅၀ မီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၈ သန်း) တန်ဖိုးရှိ သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုအားလုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

Sky Avia Trading နှင့် Heli Asia Trading ကုမ္ပဏီများသည် ကျော်မင်းဦး ပိုင်ဆိုင်သည့် Sky Aviator ကုမ္ပဏီကွန်ရက်၏ အစိတ်အပိုင်းများဖြစ်ပြီး၊ ယင်းကုမ္ပဏီကွန်ရက်၏ မြန်မာလေတပ်ထံ ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်အစိတ်အပိုင်းများ ရောင်းချပေးသည့် စီးပွားရေးလုပ်ငန်းသည် စစ်အုပ်စု လက်ရှိကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ပံ့ပိုးကူညီလျက်ရှိသည်။

မြန်မာစစ်အုပ်စုသည် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးရုံဆေးခန်းများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများမှတဆင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ၎င်းတို့၏ ရုရှားလေယာဉ်အုပ်ကို အဓိကထားအသုံးပြုနေခြင်းဖြစ်သည်။

စာရွက်စာတမ်း အထောက်အထားများအရ Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့ကို စင်ကာပူနိုင်ငံသား Wee Lee Lian က ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။ Wee Lee Lian သည် ကျော်မင်းဦး၏ ကာလရှည် အမည်ခံ ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ စစ်လက်နက်ပွဲစား လုပ်ငန်းများအပေါ် ပြည်သူအများက စောင့်ကြည့်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ကျော်မင်းဦးက ၎င်း၏စင်ကာကုမ္ပဏီများအား ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ Wee Lee Lian သည် စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိ Sky Avia Trading နှင့် Heli Asia Trading ကွန်ရက်၏ တစ်ဦးတည်းသောဒါရိုက်တာ ဖြစ်လာခဲ့သူဖြစ်သည်။

Justice For Myanmar သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ ထပ်မံ၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်းကောင်း ACC ကုမ္ပဏီထံ စာရေးသားပေးပို့ခဲ့ပြီး၊ အဆိုပါ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုနှင့် ပတ်သက်၍ စိုးရိမ်ချက်များကို ထိုင်းချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)၊ ထိုင်းစတော့အိတ်ချိန်း (SET) နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Anti-Money Laundering Office) တို့ထံလည်း အစီရင်ခံ တိုင်ကြားခဲ့သည်။

အဆိုပါ ရှယ်ယာအရောင်းအဝယ်ကို အပြီးသတ်၍ Sky Aviator စစ်လက်နက်ပွဲစားကွန်ရက်က ACC ၏ အကြီးဆုံးရှယ်ယာရှင်အုပ်စု ဖြစ်လာမည့်အရေးကို ယခုအချိန်တွင် တားဆီးနိုင်ရန်မှာ ထိုင်းအာဏာပိုင်များ၏ တာဝန်ဖြစ်လာပြီ ဖြစ်သည်။

Sky Aviator ကွန်ရက်နှင့် အဓိကလူပုဂ္ဂိုလ်များအပေါ် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများသည် တစ်ပြေးညီဖြစ်မနေဘဲ ဟာကွက်များရှိနေပြီး၊ အဆိုပါကွန်ရက်သည် ယင်းဟာကွက်များကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်သင့်ပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ACC စီမံခန့်ခွဲမှုအဖွဲ့ဟာ အလွန်ဆိုးရွားလှတဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ Sky Aviator ကုမ္ပဏီ တွေနဲ့ ရှယ်ယာလွှဲပြောင်းရောင်းချမှုကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေပါတယ်။

ကျော်မင်းဦးရဲ့ အဓိကစီးပွားရေးလုပ်ငန်းက သေကျေပျက်စီးစေမှုနဲ့ ဖျက်ဆီးမှုတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ် ရရှိနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။

ကျော်မင်းဦးနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီမှုအတွက် မဖြစ်မနေတာဝန်ခံရမှာဖြစ်ပြီး၊ သူတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ထိုင်းနိုင်ငံကတဆင့် ခဝါချခွင့် လုံးဝမပေးသင့်ပါဘူး။

ACC အစုရှယ်ယာရှင်တွေဟာ ဒီလိုမသန့်ရှင်းတဲ့ အရောင်းအဝယ်ကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် အခုတော့ ဒီသီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုကို အပြီးသတ် မလုပ်ဆောင်နိုင်စေဖို့အတွက် ရပ်တည်ဟန့်တားပေးဖို့က ထိုင်းအာဏာပိုင်တွေအပေါ်မှာ တာဝန်ကျလာပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ)

English version

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia