အရပ်ဝတ် ပြောင်းလိုက်တဲ့ စစ်အာဏာရှင်အစိုးရသစ်

အရပ်ဝတ် ပြောင်းလိုက်တဲ့ စစ်အာဏာရှင်အစိုးရသစ်

ဒီလအစောပိုင်းက မြန်မာနိုင်ငံမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ စစ်ဝတ်စုံတွေကို ချွတ်ပြီး အရပ်ဝတ်တွေ ပြောင်းဝတ်ခဲ့ကြပါတယ်။ ဒါဟာ တကယ့်အပြောင်းအလဲ မဟုတ်ဘဲ ဟန်ပြသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အာဏာကို ပုံစံပြောင်းယူလိုက်တာက မြန်မာနိုင်ငံအတွက်ရော၊ ကမ္ဘာ့အလယ်မှာပါ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်လောက် အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်းကို ဝတ်ဆင်ထားတဲ့ အာဏာသိမ်းခေါင်းဆောင်က သူ့ရဲ့ သမ္မတသက်တမ်းဟာ ဒီမိုကရေစီနဲ့ ကြီးပွားတိုးတက်မှုကို ပြန်လည်ရရှိစေမယ်လို့ ပုံဖော်ပြောဆိုခဲ့ပါတယ်။ “မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်နေပါတယ်” လို့ သူက ကျမ်းသစ္စာကျိန်ဆိုအပြီး ပထမဆုံး မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ အခမ်းအနားကို လုံခြုံရေး အထူးတင်းကျပ်စွာနဲ့ ကျင်းပခဲ့တာပါ။ နေပြည်တော် လမ်းမတွေပေါ်မှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေ ကင်းလှည့်နေပြီး၊ ဟိုတယ်တွေဆီ သွားတဲ့လမ်းတွေကိုလည်း စစ်ဆေးရေးဂိတ်တွေ အများကြီးနဲ့ ပိတ်ဆို့ထားပါတယ်။ မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း နိုင်ငံမှာ “စိန်ခေါ်မှုတွေ အများကြီး” ကျန်နေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

အခုလို အာဏာသိမ်းခေါင်းဆောင်ကနေ သမ္မတအဖြစ် အသွင်ပြောင်းလိုက်တာဟာ၊ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ပိုခိုင်မာအောင်လုပ်ဖို့နဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရလာအောင် ကြိုတင်စီစဉ်ထားတဲ့ ဗျူဟာတခုပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို နိုင်ငံကနေ ထွက်ပြေးရလောက်အောင် ဂျီနိုဆိုက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အမည်းစက်ကြီး ရှိနေပါတယ်။ သူ့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)နဲ့ အာဂျင်တီးနားနိုင်ငံတို့မှာလည်း အမှုရင်ဆိုင်နေရပါတယ်။ ဒီအမှုတွေအားလုံးဟာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့တာတွေနဲ့ ဆက်စပ်နေတာပါ။ (ရိုဟင်ဂျာ အများစုဟာ အခုအခါ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ပါကစ္စတန်တို့မှာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရပါတယ်)။ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကလည်း စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားဆဲပါ။

Fortify Rights အဖွဲ့ရဲ့ ဒါရိုက်တာ ဂျွန်ကွင်လေက “မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတလို့ခေါ်ခေါ်၊ ကာကွယ်ရေးဦးစီးချုပ်လို့ခေါ်ခေါ် အမှန်တရားကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ဂျွန်ကွင်လေက “သူဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက်ကျူးလွန်ခဲ့မှုတွေရဲ့အဓိက လက်သည်တရားခံပါ။ သူ ကြီးကြပ်ကွပ်ကဲခဲ့တဲ့ အဲဒီရက်စက်မှုတွေမှာ ဂျီနိုဆိုက်ကျူးလွန်လိုတဲ့ ရည်ရွယ်ချက် အထင်အရှား ရှိနေပါတယ်”လို့ ပြောပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ အခုလို သမ္မတရာထူး ဖန်တီးလိုက်တာဟာ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘဲ၊ သူ့ရဲ့ ကိုယ်ပိုင်အာဏာကို ကာကွယ်ဖို့နဲ့ အာဏာမစွန့်လွှတ်ဘဲ နိုင်ငံတကာက လက်ခံလာအောင် လုပ်တဲ့ ကြိုးပမ်းမှုသက်သက်သာဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

Institute for Global Affairs က သုတေသီ ဟန်တာ မာစတန်က မင်းအောင်လှိုင်ဟာ ပြည်တွင်းက ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့အတွက် အရေးကြီးတဲ့ ရာထူးတွေမှာ သူ့လူတွေကို နေရာချထားနေပြီလို့ The Independent ကို ပြောပါတယ်။

ဟန်တာမာစတန်က “သူ့နေရာကို ဆက်ခံမဲ့သူက သူ့ရဲ့ လုံခြုံရေးနဲ့ အာဏာကို ခြိမ်းခြောက်လာမဲ့ အန္တရာယ်မျိုး မဖြစ်ရလေအောင် သူ့အပေါ် သစ္စာခံမဲ့ သူတွေကို အသေအချာ ရွေးချယ်ခန့်အပ်ထားပါတယ်။ တချိန်တည်းမှာပဲမြန်မာ့နိုင်ငံရေးရဲ့အထက်မှာ စစ်တပ်က ဆက်လက် နေရာယူထားနိုင်အောင်လည်း သူ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

တချိန်က ဒေါ်အောင်ဆန်းစုကြည် ရယူခဲ့တဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်နေရာကို အခုတော့ မင်းအောင်လှိုင်က ယူလိုက်ပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာအခုချိန်ထိ မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မရဘဲ အကျဉ်းကျနေဆဲပါ။

မင်းအောင်လှိုင်ဟာ ပြည်တွင်းစစ်၊ ပိတ်ဆို့အရေးယူမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေအပြင် အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲလို ကမ္ဘာ့ပထဝီနိုင်ငံရေး ဂယက်တွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံကြီးတခုလုံးကို အကြွင်းမဲ့ ချုပ်ကိုင်ထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ် အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြလို့ မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ ပြည်တွင်းစစ်မီး လောင်မြိုက်နေပါတယ်။

ရိုဟင်ဂျာတွေအတွက်တော့ အခြေအနေက အုံ့မှိုင်းနေဆဲပါ။ မင်းအောင်လှိုင် သမ္မတဖြစ်လာတာဟာ တာဝန်ခံမှုရှိလာဖို့ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ ချက်ချင်း မျှော်လင့်စရာ မရှိဘူးလို့ သုံးသပ်သူတွေက သတိပေးပါတယ်။ အဲဒီအစား အရပ်သားအစိုးရဆိုတဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပိုပြီး ခိုင်မာသွားစေနိုင်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ (BROUK) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က မင်းအောင်လှိုင် သမ္မတဖြစ်လာတာကို နိုင်ငံတကာက အလွန်စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ရိုဟင်ဂျာတွေရဲ့ အနာဂတ်အတွက် အရမ်းကို စိုးရိမ်မိပါတယ်။ သူက ကျနော်တို့ အသိုက်အဝန်းအပေါ် အမုန်းတရားတွေ နက်နက်ရှိုင်းရှိုင်း ရှိနေသူပါ။ ဒါတွေအားလုံးရဲ့ လက်သည်တရားခံပါပဲ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးထက် သူ့ကို သံတိုင်နောက်မှာပဲ မြင်ချင်ပါတယ်။ ဒီရာဇဝတ်ကောင်ဆီကနေ ဘာမှ မျှော်လင့်မထားပါဘူး” လို့ ဦးထွန်းခင်က ပြောပါတယ်။

သမ္မတရာထူးကို ရယူဖို့အတွက် စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ အနားယူပေးခဲ့ရပါတယ်။ အဲဒီနေရာမှာ သူ့ရဲ့ လူယုံဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖချုပ်) ဟောင်းဖြစ်တဲ့ ရဲဝင်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးဖို့ စီစဉ်ခဲ့သူဖြစ်သလို၊ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းလေ့ရှိတဲ့ စစ်ကြောရေးစခန်းတွေကို ကြီးကြပ်ကွပ်ကဲခဲ့သူလို့ စွပ်စွဲခံထားရသူပါ။

သုတေသီ မာစတန်ကတော့ ရဲဝင်းဦးဟာ မင်းအောင်လှိုင်အပေါ် သစ္စာရှိမှု၊ မိသားစုအချင်းချင်း ရင်းနှီးမှုနဲ့ စစ်ထောက်လှမ်းရေး နောက်ခံကြောင့် ထင်ရှားသူဖြစ်တယ်လို့ ထောက်ပြပါတယ်။ “ရဲဝင်းဦးဟာ သူကြီးပြင်းလာတဲ့ စစ်တပ်ရဲ့ အဖွဲ့အစည်းယဉ်ကျေးမှုကနေ ပုံသွင်းခံထားရသူပါ။ မင်းအောင်လှိုင်လိုပဲ သူဟာလည်း စစ်တပ်ကသာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ တခုတည်းသော အဖွဲ့အစည်းလို့ ရှုမြင်ထားပြီး၊ ဘာတွေပဲ ပေးဆပ်ရပါစေ၊ စစ်တပ် ရှင်သန်ရပ်တည်ရေးကို ပထမဦးစားပေးအဖြစ် လုပ်ဆောင်ဖို့ လေ့ကျင့်သင်ကြားခံထားရသူပါ” လို့ သူက ဆိုပါတယ်။

မင်းအောင်လှိုင် ကျမ်းသစ္စာမကျိန်ဆိုခင်လေးမှာတင် စစ်အရာရှိ ၇၀ လောက်ကို အရပ်ဘက်ဝန်ကြီးဌာနတွေနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေဆီ ပြောင်းရွှေ့ခန့်ထားခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ အလယ်အလတ်နဲ့ အကြီးတန်းရာထူးတွေမှာ နေရာယူထားကြပြီး၊ နိုင်ငံတော် ယန္တရားတွေအပေါ် စစ်ကောင်စီရဲ့ ချုပ်ကိုင်မှု ပိုမိုနက်ရှိုင်းလာတာကို ပြသနေပါတယ်။

ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက မင်းအောင်လှိုင် သူ့ကိုယ်သူ သမ္မတခန့်အပ်တာရယ်၊ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သူ့လူယုံတွေကို ရာထူးပေးတာရယ်ကို ကြည့်ရင် တကယ့်အသွင်ကူးပြောင်းရေး လုပ်နေတာမဟုတ်ဘူးဆိုတာ ရှင်းနေတယ်လို့ ဆိုပါတယ်။

ဒေါ်ခင်ဥမ္မာက “ဒီတခါတော့ စစ်တပ်ဟာ နိုင်ငံရေးအရ နည်းနည်းလေးတောင် ဟ ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး” လို့ပြောပါတယ်။

“မင်းအောင်လှိုင် ပုံဖော်ချင်တဲ့ နိုင်ငံရေးစနစ်ဆိုတာ အာဏာရှင်စစ်အုပ်ချုပ်ရေးကို ပုံမှန်ကိစ္စတခုလို ဖြစ်သွားအောင် အမြစ်တွယ်စေချင်တာပဲ ဖြစ်ပါတယ်။”

မင်းအောင်လှိုင် အစိုးရသစ်အနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရအောင် ပိုပြီး ကြိုးပမ်းလာလိမ့်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။

အဓိက ရည်မှန်းချက်ကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့် ပြန်ရဖို့နဲ့၊ စစ်ကောင်စီကို ဖယ်ကြဉ်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ဆက်သွယ်ဖို့ပါပဲ။ “ဒီအတုအယောင် ရွေးကောက်ပွဲလွန် စစ်ကောင်စီအောက်မှာ အရပ်ဝတ် ဝတ်ထားတဲ့မင်းအောင်လှိုင်ရဲ့ အစိုးရဟာ လူ့အခွင့်အရေးဆိုတာကို ငါးစာတကောင်လို၊ အပေါ်ယံ ဟန်ပြတခုလို အသုံးချပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကြိုးစားလာပါလိမ့်မယ်။”

ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မင်းအောင်လှိုင်က သူ့အစိုးရအနေနဲ့ “လူမှုရေးအရ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေဖို့ သင့်လျော်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးသွားမယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ ကျော်ထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုတော့ တလုံးတပါဒမှ ထည့်မပြောခဲ့ပါဘူး။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲပါ။

သုတေသီ မာစတန်ကတော့ စစ်အာဏာရှင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကို ဖမ်းဆီးထားခြင်းအားဖြင့် နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ (Political leverage) အသုံးချလိမ့်မယ်လို့ ဆိုပါတယ်။

သူရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီ ရက်စက်တဲ့ စစ်အာဏာရှင် အစိုးရကို အသိအမှတ်မပြုကြဖို့ တောင်းဆိုထားပြီး၊ သူ့မိခင် အသက်ရှင်လျက်ရှိကြောင်း အထောက်အထားကို ချက်ချင်းပြသဖို့ စစ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

ကင်မ်အဲရစ်က “မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေဆီကနေ အာဏာကို ခိုးယူခဲ့တာပါ။ အခုတော့ သူတို့ရဲ့ ချုပ်ကိုင်မှုကို ‘အရပ်သားအစိုးရဆီ အာဏာပြန်လွှဲပေးတယ်’ ဆိုပြီး အယောင်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ လှည့်စားမှု သက်သက်ပါပဲ” လို့ ပြောပါတယ်။

ဒေါ်ခင်ဥမ္မာကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေကြား ပထဝီနိုင်ငံရေးအရ ကြားညပ်နေတဲ့အတွက် ပိုပြီး ရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။

ဒေါ်ခင်ဥမ္မာက “မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေ ကြားမှာ ညပ်နေပါတယ်။ အဲဒီနိုင်ငံတွေက စစ်တပ်ကို နိုင်ငံရေးအရရော၊ တချို့ကိစ္စတွေမှာ စစ်ရေးအရပါ ဆက်လက် ထောက်ခံနေကြပါတယ်။ ဒီအတောအတွင်းမှာ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အနာဂတ်ထက်စာရင်၊ စစ်တပ်နဲ့ သူ့ရဲ့ ခရိုနီတွေနဲ့ စီးပွားရေးဆက်ဆံမှုလုပ်ဖို့ကိုသာ ပိုပြီး ဦးစားပေးနေကြပါတယ်”လို့ ပြောပါတယ်။

ပြည်တွင်းမှာတော့ စစ်တပ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးက အမြစ်တွယ်နေဆဲပါ။ မကြာသေးခင်ကမှ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက်ခဲ့တဲ့ ကွင်လေက အတိုက်အခံ တော်လှန်ရေးအင်အားစုတွေဟာ အစားထိုး အုပ်ချုပ်ရေးယန္တရားတွေကို ဆက်လက် တည်ဆောက်နေကြတယ်လို့ ဆိုပါတယ်။

“သူတို့ဟာ အုပ်ချုပ်ရေးယန္တရားတွေကို တည်ဆောက်နေကြပြီး တရားသောစစ်ကို ဆင်နွှဲနေတယ်လို့ ခံယူထားကြပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေး၊ ဖက်ဒရယ် မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတနိုင်ငံဖြစ်လာဖို့ တွန်းအားပေးနေကြတာပါ။”

ဒါကြောင့် (မင်းအောင်လှိုင် သမ္မတဖြစ်လာတာက) အရာအားလုံး ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ပြည်သူတွေက တရားမဝင် အစိုးရကို ဆက်လက် တော်လှန်နေကြဆဲပါ။

ဒါပေမဲ့ မကြာသေးခင် လတွေအတွင်းမှာ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေ ပြန်တက်လာလို့ နယ်မြေတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကွင်လေက “စစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ပြီးတော့ အသေခံဒရုန်းတွေ အပါအဝင် အဆင့်မြင့် ဒရုန်းတိုက်ခိုက်မှုတွေကိုလည်း ပိုပိုပြီး အသုံးပြုလာနေပါတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

(ယူကေအခြေစိုက်  The Independent သတင်းစာဝက်ဘ်ဆိုက်တွင် ဂျာနယ်လစ်  Shweta Sharma ရေးသားထားသည့် “Why Myanmar’s new government is just a ‘junta in civilian clothing” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 


မူရင်း original post.

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia