မြန်မာစစ်အုပ်စုဦးဆောင်သည့် MNHRC ထံမှ ကန့်ကွက်ရှုတ်ချမှုအပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများသည် မလေးရှားနိုင်ငံ၏ SUHAKAM နှင့် သွေးစည်းညီညွတ်စွာ ရပ်တည်သည်

မြန်မာစစ်အုပ်စုဦးဆောင်သည့် MNHRC ထံမှ ကန့်ကွက်ရှုတ်ချမှုအပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းများသည် မလေးရှားနိုင်ငံ၏ SUHAKAM နှင့် သွေးစည်းညီညွတ်စွာ ရပ်တည်သည်

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ ရက်) လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက်  (Asian NGO Network on National Human Rights Institutions – ANNI) တို့သည်  မြန်မာနိုင်ငံတွင် စစ်အုပ်စုဦးဆောင်သည့် ရွေးကောက်ပွဲ၏ ဖြောင့်မတ်မှန်ကန်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (Human Rights Commission of Malaysia – SUHAKAM)၏ လုပ်ရပ်ကို ချီးကျူးထောက်ခံသည်။

ဒေသတစ်ဝန်းတွင်  ဒီမိုကရက်တစ် စံတန်ဖိုးများ၊ မျှတပြီး လွတ်လပ်သောရွေးကောက်ပွဲများ၊ နှင့် တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာရန် SUHAKAM ၏ တောင်းဆိုမှုကို မိမိတို့ အလားတူ ထပ်လောင်း တောင်းဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် SUHAKAM သည် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ စစ်အုပ်စုဦးဆောင်ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း ဖော်ထုတ်ပြောကြားခဲ့သည်။

နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအပေါ် ရှင်းလင်းပြတ်သားပြီး မူအပေါ်ကို အခြေခံသည့် ကတိကဝတ်ပြုမှုတစ်ရပ်ကို ထင်ဟပ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများတွင် စစ်မှန်သော အားလုံးပါဝင်မှုရှိသော သို့မဟုတ် ယုံကြည်စိတ်ချရသော ဒီမိုကရေစီလုပ်ငန်းစဉ်ကို လုပ်ဆောင်ခွင့်ရှိမနေကြောင်း  လေးနက်သော အရှိတရားကို အသိအမှတ်ပြုသည့် SUHAKAM ၏ ကြေညာချက်အပေါ် မိမိတို့ အပြည့်အဝ ထောက်ခံပြီး သွေးစည်းညီညွတ်စွာ ရပ်တည်သည်။

မလေးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF)၏ ဥက္ကဋ္ဌအဖြစ် အလှည့်အကျ တာဝန်ယူမည့် အခန်းကဏ္ဍရှိနေချိန်တွင် မလေးရှားအစိုးရအား စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲများနှင့် မပတ်သက်ရန် အကြံပြုသည့် ခိုင်မာသည့်ရပ်တည်မှု အပါအဝင် SUHAKAM ၏ ဒီမိုကရေစီတန်ဖိုးများအပေါ် ကတိကဝတ်ရှိမှုသည် အလွန်အရေးပါသည်။

MNHRC ၏ လက်တုံ့ပြန်လုပ်ဆောင်မှု

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၅ ရက်တွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် SUHAKAM ကို ဆန့်ကျင် လက်တုံ့ပြန်သောထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် စစ်အုပ်စုနှင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် အစီအစဥ်များကိုသာ ကာကွယ်ပြောကြားထားသည်။

MNHRC သည် မြန်မာစစ်အုပ်စုကို အစဥ်တစိုက် ကူညီထောက်ပံ့ကာ၊ အားပေးအားမြှောက် ပြုလုပ်ခဲ့ကာ စစ်အုပ်စု၏ ရာဇဝတ်မှုများတွင်လည်း အလိုတူအလိုပါအဖြစ် ဆောင်ရွက်ခဲ့သည်။

ယင်းကဲ့သို့သောတုံ့ပြန်မှုသည် MNHRC ၏ အခြေခံကျသည့် အမှီအခိုကင်းလွတ်လပ်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ဒေသတွင်းလူ့အခွင့်အရေးယန္တရားများနှင့် ကောင်းမွန်သောသစ္စာဖြင့် ထိတွေ့ဆက်ဆံလိုမှုတို့ မရှိခြင်းကို ပိုမိုပေါ် လွင်စေသည်။ MNHRC သည် SUHAKAM၏ စိုးရိမ်မှုများကို ဖြေရှင်းမည့်အစား နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများကို ထိန်းကွပ်ကြပ်မတ်သည့် ပါရီအခြေခံမူများနှင့် ဆန့်ကျင်ကာ ဝေဖန်ထောက်ပြမှုများနှင့် တရားဝင် စိစစ်မှုအား ယုတ်လျော့စေခဲ့သည်။

MNHRC သည် စစ်အုပ်စုထံမှ အမှီအခိုကင်းလွတ်လပ်မှု မရှိသောကြောင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI) ၏ အရည်အသွေးသတ်မှတ်မှုမှပယ်ဖျက်ခံရခြင်း နှင့် ထုတ်ပယ်မှုတို့ကို ခံခဲ့ရပြီးနောက် ဆက်လက်ပြီး ၂၀၂၅ ခုနှစ် မေလတွင် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အာရှ-ဖစိဖိတ်ဖိုရမ်(APF) မှလည်း ထုတ်ပယ်ခံခဲ့ရသည်။

SEANF မှ MNHRC ကို ဖယ်ရှားရေး စည်းရုံးလှုံ့ဆော်မှုကို လက်ရှိတွင် ကြိုးပမ်းအားထုတ်လျက်ရှိပြီး SEANF အဖွဲ့ဝင်များအနေဖြင့် ဂုဏ်သိက္ခာမဲ့သော အဖွဲ့အစည်းနှင့်  ထိတွေ့ဆက်ဆံမှုများမလုပ်ရန် အလေးအနက်တောင်းဆိုသည်။

SEANF အပေါ်  SUHAKAM ၏ခေါင်းဆောင်မှု

SUHAKAM သည် ၂၀၂၆ ခုနှစ်တွင် SEANF ဥက္ကဌသစ် တာဝန်ထမ်းဆောင်မည်ဖြစ်ရာ SUHAKAM နှင့် သွေးစည်းညီညွတ်မှုရှိကြောင်းနှင့် ထောက်ခံအားပေးကြောင်းကို မိမိတို့ ထပ်လောင်းပြောကြားလိုသည်။ SUHAKAM၏ ခေါင်းဆောင်မှုသည် SEANF ဖြောင့်မတ်မှန်ကန်မှုကို ခိုင်မာအားကောင်းစေပြီး အရှေ့တောင်အာရှအတွင်း ဒီမိုကရက်တစ် ထုံးတမ်းအစဥ်အလာများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ နှင့် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ၏ အမှီအခိုကင်းလွတ်လပ်မှုတို့အပေါ် ထားရှိသည့် ကတိကဝတ်များကို ပြန်လည်ခိုင်မာစေလိ့မ်မည်ဟု မိမိတို့ ယုံ ကြည်သည်။

အလုပ်အဖွဲ့ အဖွဲ့ဝင်ဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါ်ခင်ဥမ္မာက “SUHAKAM ရဲ့ ဦးဆောင်မှု အောက်မှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို SEANF ကနေ ဖယ်ရှားပစ်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။ ‘A’ အဆင့်ရှိတဲ့ အခြား SEANF အဖွဲ့ဝင်အားလုံးဟာ ဖိုရမ်ရဲ့ အဖွဲ့အစည်းဆိုင်ရာ ဖြောင့်မတ်မှု သမာဓိနှင့် ယုံကြည်စိတ်ချရမှုကို ကာကွယ်ဖို့သာမက ခိုင်မာအောင်ဆောင်ရွက်ဖို့လည်း တာဝန်ရှိပါတယ်။ စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို ဖယ်ရှားတာဟာ SEANF အတွက် မူအရမှန်ကန်မှုရှိတဲ့၊ တကယ်လည်း လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ နောက်ထပ် ခြေလှမ်း ဖြစ်ပါတယ်။ GANHRI နဲ့ APF က MNHRC ကို သူတို့ရဲ့ NHRI ကွန်ရက်တွေကနေ ဖယ်ရှားခဲ့တာဟာ မူအပေါ်ကို အခြေခံတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် SEANF က ဒီအေပါ်မှာ အသိအမှတ်ပြုကြောင်း ပြသဖို့လည်း အရေးကြီးပါတယ်”ဟု ပြောကြားသည်။

ANNI ၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသည့် FORUM-ASIA အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က “MNHRC ကို ပြန်လည်သုံးသပ်၊ ဖယ်ရှားပြီး ထိတွေ့ဆက်ဆံမှု မလုပ်ဖို့အတွက် အားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်ပြီး အရှိန်မြှင့်တင်ဖို့ SEANF အဖွဲ့ဝင်အားလုံးကို တိုက်တွန်းပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ MNHRC နဲ့ ဆက်လက် ထိတွေ့ဆက်ဆံနေတာဟာ SEANF အပေါ် ယုံကြည်စိတ်ချရမှုကိုသာ ယိုယွင်းစေပြီး ဒေသတွင်း လူအခွင့်အရေးပူးပေါင်းဆောင်ရွက်မှုတွေကို ယုတ်လျော့စေပါတယ်”ဟု  ပြောကြားသည်။

အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် မျိုးဆက်လှိုင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘိုက “အတုအယောင်ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က နိုင်ငံတကာရဲ့ တရားဝင်မှုရရှိဖို့ နည်းလမ်းပေါင်းစုံကြိုးစားလာမှာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းဆီက တရားဝင်မှုနှင့် အသိအမှတ်ပြုမှုကို ရယူဖို့ ရုပ်သေး MNHRC ကို ဆက်လက်ဆွဲခေါ်သွားမှာ သေချာပါတယ်။ ကျနော်တို့ရဲ့ စဉ်ဆက်မပြတ် စည်းရုံးလှုံ့ဆော် ကြိုးပမ်းမှုတွေနောက်မှာ MNHRC ကို GANHRI နှင့် APF က အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခဲ့ပါတယ်။  စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို SEANF ကနေ အမြန်ဆုံးဖယ်ရှားဖို့ SEANF ကို ကျနော်တို့ ဆက်လက် စည်းရုံးလှုံ့ဆော်သွားမှာပါ။ SUHAKAM ဟာ SEANF ရဲ့ ဥက္ကဋ္ဌအဖြစ်  တခြား SEANF အဖွဲ့ဝင်တွေနဲ့အတူ စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ကို နောက်ထပ်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ SEANF က ဖယ်ရှားရေး လုပ်နိုင်စွမ်းရှိသလောက် အကောင်းဆုံးလုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

အလုပ်အဖွဲ့နှင့် ANNI တို့သည် အရှေ့တောင်အာရှဒေသအတွက် မူဝါဒအပေါ်အခြေခံသော၊ ပြည်သူလူထုကိုဗဟိုပြုသော လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်များကို ပိုမို အရှိန်မြှင့်တင် ဆောင်ရွက်ရန်၊ သဘောထားချင်းတူသည့် ဌာနများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့်အတူ SUHAKAM ကို ထောက်ခံအားပေးရန် အသင့်ရှိနေသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)၊ WG_NHRI@protonmail.com
  • ANNI Secretariat၊ FORUM-ASIA၊ anni@forum-asia.org

ANNI အကြောင်း

အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကွန်ရက်ကို ၂၀၀၆ ခု နှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) များနှင့် ဆက် စပ်သည့် ကိစ္စအရေးများကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခုဖြစ်သည်။ လက်ရှိအချိန်၌ ANNI အား နိုင်ငံများ သို့မဟုတ် နယ်မြေဒေသများ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာ များ ပိုမိုခိုင်မာအားကောင်းလာစေရေးကို အလေးထားလုပ်ဆောင်နေသူများ ဖြစ်ကြသကဲ့သို့ ထို NHRI များမှ ပါရီ အခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHRI-SCA ၏ အထွေထွေလေ့လာဆန်းစစ်ချက် အပါအဝင် နိုင်ငံတကာစံ နှုန်းများကို ပိုမိုကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ ANNI ကွန်ရက်ကို ၎င်း တည်ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးထားသည်။

ပိုမိုသိရှိလိုပါက https://forum-asia.org/anni/

အလုပ်အဖွဲ့အကြောင်း

လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)  (အလုပ်အဖွဲ့)သည် တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC)အား သီးခြားလွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနတစ်ခုဖြင့် အစားထိုး တည်ထောင် နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ဟု သိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ဖြင့် ဖွဲ့စည်းလည်ပတ်နေသည်။ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တ ရားမဝင် စစ်အုပ်စု၏ အာဏာလုယူရေးကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ် သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သော ကော်မရှင်ဖြစ်လာစေရန် တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သည်။

ပိုမိုသိရှိလိုပါက https://www.facebook.com/WGonNHRIBurma


Download PDF in English I Myanmar

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia