13 January 2026


အစီရင်ခံစာအနှစ်ချုပ်
မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ပိုင်းတွင် စစ်အုပ်စု၏ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို ရည်ရွယ်သည့် ယခင်ကတစ်ခါမျှ မရှိခဲ့ဖူးသော ပြည်သူ့တော်လှန်ရေးတစ်ရပ် ထွက်ပေါ်လာခဲ့သည့်တစ်ချိန်တည်းတွင် စစ်အုပ်စုသည် နိုင်ငံကို ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ တွန်းပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်စုသည် ပြည်သူများ၏ ခုခံတွန်းလှန်မှုအပေါ် လက်တုံ့ပြန်ရန် စုပေါင်းပြစ်ဒဏ်ခတ်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေပြင်တိုက်ခိုက်မှု၊ တရားလက်လွတ်ဖမ်းဆီးမှုနှင့် ချုပ်နှောင်မှု၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု၊ နှင့် အကူအညီထောက်ပံ့မှုများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးမှုတို့အပါအဝင် ပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ မြန်မာပြည်သူများသည် ယင်း ရက်စက်ကြမ်းကြုတ် မှုများကို ရင်ဆိုင်နေရသည့်တိုင် နိုင်ငံ၏ လွတ်မြောက်နယ်မြေများတွင် အောက်ခြေမှအထက်သို့ ဦးတည်သည့် အုပ်ချုပ်ရေးစနစ်တည်ထောင်ခြင်း၊ နှင့် သဘာဝဘေးအန္တရာယ်နှင့် စစ်အုပ်စုက ဖန်တီးလိုက်သည့် ကပ်ဘေးများဒဏ် ခံရသူများအား စုစည်းမှုရှိပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသော လုပ်ကိုင်ဆောင်ရွက်ချက်မှတစ်ဆင့် အချင်းချင်း ကူညီဖေးမမှုများကို လုပ်ဆောင်ကာ ကိုယ့်မြေကိုယ့်ရေတွင် ဖြစ်ထွန်းသည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ရပ်ကို ဖော်ဆောင်နေသည်။
စစ်အုပ်စုမှ အမှီအခိုကင်းလွတ်လပ်စွာ လုပ်ကိုင်လှုပ်ရှားနေကြသော မြန်မာအရပ်ဘက်လူထု အစုအဖွဲ့များသည် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရန် စုံလင်ကွဲပြားပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် လုပ်ငန်းစဥ်များဖြင့် လက်ရှိအခိုက်အတန့်ကို ကျော်ဖြတ်ကာ ယခုအချိန်တွင် ရှိနေသည့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များမှသည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့ ပေါင်းကူးချိတ်ဆက်ပေးနေသည်။ ယင်းအစုအဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်ရေး အထောက်အပံ့များ ပေးပို့ခြင်း၊ ရေရှည်တည်တံ့ သော ဒေသခံများ၏ စီစဥ်ဆောင်ရွက်မှုများကို ဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ နှင့် လက်ရှိလုပ်ဆောင်နေသည့် အားလုံးပါဝင်မှုရှိပြီး အောက်ခြေမှအထက်သို့ဦးတည်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးအား ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်နေကြသည်။ ထိုအစုအဖွဲ့များထဲတွင် အရပ်ဘက်လူထု အဖွဲ့အစည်းများ (civil society organizations – CSOs)၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ (community-based organizations – CBOs)၊ CSO/CBO ကွန်ရက်များ၊ နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ အုပ်စုများ ပါဝင်သည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် စုံလင်ကွဲပြားသော အရပ်ဘက်လူထုအစုအဖွဲ့ (၂၈) ဖွဲ့ထံမှ အရည်အသွေးအခြေပြုသုတေသန အချက်အလက်ကောက်ယူမှုအပေါ် အခြေခံ၍ ဤအစီရင်ခံစာ တွင် မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များက ဒေသခံပြည်သူများ၏ ကြံ့ခိုင်မှု ပိုမို ခိုင်မာအားကောင်းစေရန် အောက်ပါကူညီထောက်ပံ့မှုများမှတစ်ဆင့် မည်ကဲ့သို့လုပ်ဆောင်နေကြပုံကို သာဓကများဖြင့် ရေးသားဖော်ပြ ထားသည်။
ဤလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များသည် ရုပ်ပိုင်းဆိုင်ရာ နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှုများ၊ နှင့် လျှို့ဝှက်ထောက်လှမ်းမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အဟန့်အတားများ၊ ရန်ပုံငွေရရှိရေး နှောင့်နှေးကြန့်ကြာ မှုများ၊ နှင့် အလှူရှင်အစိုးရများ၏ ကြီးမားသော ရန်ပုံငွေဖြတ်တောက်မှုများ အပါအဝင် အလွန်ပင် များပြားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။ အထူးသဖြင့် ပြုလွယ်ပြင်လွယ်သော လုံလောက်သည့်ရန်ပုံငွေ ထောက်ပံ့မှု နည်းပါးနေသည့်အခြေအနေကို ပိုမို၍ ခက်ခဲသွားစေသည်မှာ များပြားလှသော အစီရင်ခံတင်ပြမှုဆိုင်ရာ သတ်မှတ်ချက်များက ယင်းအစုအဖွဲ့များ၏ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ချဥ်းကပ်မှုအပေါ်တွင်သာမက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဘေးကင်းမှုနှင့် လုံခြုံမှုတို့ အပေါ်တွင်လည်း ကြီးမားသောစိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာသည်။ ယင်း စိန်ခေါ်မှုများရှိနေသည့်တိုင် မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များသည် ဆယ်စုနှစ်များချီသော လုပ်ငန်းကျွမ်းကျင်မှု၊ နက်ရှိုင်းသော သိကျွမ်းနားလည်မှု၊ နှင့် လျင်မြန်ပြီး လိုက်လျောညီထွေသော လုပ်ကိုင်ဆောင်ရွက်မှုတို့ဖြင့် မြန်မာလူမှု အသိုင်းအဝိုင်းများအတွက် ပြည်သူမှပြည်သူသို့ သွေးစည်းညီညွတ် မှုနှင့် အတူတကွ မျှဝေထမ်းရွက်ရမည့်တာဝန် ရှိသည်ဟူသော အသိစိတ်တို့ဖြင့် မြေပြင်ပေါ်ရှိ လိုအပ်ချက်များအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေကြသည်။
အဆိုပါအမှီအခိုကင်း လွတ်လပ်သော မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များသည် ရက်စက်ကြမ်းကြုတ် သော စစ်အုပ်စုလက်အောက်မှ လွတ်မြောက်ပြီး အားလုံးပါဝင်မှုရှိသော၊ တရားမျှတသော၊ ငြိမ်းချမ်းသော အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်များ ချမှတ်ပေးနေသည့် တစ်ချိန်တည်းတွင် လူ့အသက်များကို ကယ်တင်ခြင်းအားဖြင့် ဝန်များကို မျှဝေထမ်းရွက်နေကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုများကို ကူညီပံ့ပိုးပေးရန်နှင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စုမှ နောက်ထပ်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နိုင်သည့် လမ်းကြောင်းများကို ပိတ်ပင်တားမြစ်ပေးရန် အခြေခံမူနှင့်ကိုက်ညီသော ဆောင်ရွက်ချက်ကို အရေးပေါ် အမြန်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။
အဓိကအကြံပြုတိုက်တွန်းချက်များ
နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ လူမျိုးစု ကောင်စီများ၊ နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ
အစီရင်ခံစာအပြည့်အစုံအား ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
အစီရင်ခံစာအနှစ်ချုပ်အား ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
19 May 2026