သတင်းထုတ်ပြန်ချက် – မြန်မာဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ဒေသခံပြည်သူများ၏ ကြံ့ခိုင်မှု ပိုမိုခိုင်မာ အားကောင်းစေရေးနှင့် ပတ်သက်သော အစီရင်ခံစာသစ်

သတင်းထုတ်ပြန်ချက် – မြန်မာဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ဒေသခံပြည်သူများ၏ ကြံ့ခိုင်မှု ပိုမိုခိုင်မာ အားကောင်းစေရေးနှင့် ပတ်သက်သော အစီရင်ခံစာသစ်

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်

မြန်မာဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် ဒေသခံပြည်သူများ၏ ကြံ့ခိုင်မှု ပိုမိုခိုင်မာ အားကောင်းစေရေးနှင့် ပတ်သက်သော အစီရင်ခံစာသစ်

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဒေသခံအရပ်ဘက်လူထုအစုအဖွဲ့များအတွက် အကူအညီပံ့ပိုးမှုများ တိုးမြှင့်ပေးရမည်

မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များသည် လေးလံလှသော ဝန်များကို မျှဝေထမ်းရွက်နေကြသည်။ တရားမဝင်စစ်အပ်စုက ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်ရေးလှုပ်ရှားမှုများကို ရင်ဆိုင်နေရသည့်တစ်ချိန်တည်းတွင် အရပ်ဘက်လူထုအစုအဖွဲ့များသည် မြေပြင်ရှိ အသက်ကယ်ရေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နေရုံသာမက အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် အခြေခံအုတ်မြစ်ချခြင်း ကိုလည်း လုပ်ဆောင်နေကြသည်။

ယနေ့တွင် “မိမိတို့ မျှဝေထမ်းရွက်သောတာဝန်” – ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံအတွက် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေး အရပ်ဘက်လူထုအစုအဖွဲ့များ၏ ဆောင်ရွက်မှုများ ဟု အမည်ပေးထားသော အစီရင်ခံစာသစ်တစ်စောင်ကို မြန်မာ အရပ်ဘက်လူထု အဖွဲ့အစည်း (၁၈) ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။ အစီရင်ခံစာထဲတွင် မြန်မာ အရပ်ဘက်လူထုအစုအဖွဲ့ များသည် မတရားမှုကို ခုခံတွန်းလှန်ရန်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို  ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေရှည်တည်တံ့သော ဖြေရှင်းမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အားလုံးပါဝင်မှုရှိပြီး လူ့အခွင့်အရေးများကို လေးစားလိုက်နာသော မြန်မာနိုင်ငံ ထူထောင်ရေးအတွက် စုံလင်ကွဲပြားပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် နည်းလမ်းများဖြင့် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမို ခိုင်မာအားကောင်းစေရေး ဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်းကို ရေးသားဖော်ပြထားပါသည်။ မြန်မာ အရပ်ဘက်လူထုအစုအဖွဲ့များသည် ယင်း ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများမှသည်  မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့  ပေါင်းကူးချိတ်ဆက်ခြင်းကို ဆောင်ရွက်နေကြသည်။

ဤအစီရင်ခံစာအတွက် သုတေသနပြုစုခြင်းလုပ်ငန်းတစ်ရပ်လုံးကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင် မတိုင်မီက လုပ်ဆောင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာ အရပ်ဘက်လူထု အသိုင်းအဝိုင်း၏ ပြည်သူမှ ပြည်သူသို့ သွေးစည်းညီညွတ်သော တုံ့ပြန်ဆောင်ရွက်မှုနှင့်အတူ ငလျင်ကြောင့် ကြီးမားလှသော ထိခိုက်ပျက်စီးမှုများက ဤအစီရင်ခံစာ၏ အရေးပေါ်တွေ့ရှိချက်များကို ပိုမို လေးနက်ပေါ်လွင်စေပြီး မြန်မာပြည်သူများအတွက် ကိုက်ညီမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသည့် နိုင်ငံတကာအကူအညီများ လိုအပ်နေကြောင်း ပိုမိုထင်ရှားစွာ ဖော်ပြနေသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်ဘက်လူထုအစုအဖွဲ့ ၂၈ ဖွဲ့ထံမှ အသေးစိတ်ကျသော အရည်အသွေး အခြေပြု သုတေသနတအချက်အလက် ကောက်ယူမှု လုပ်ဆောင်ခဲ့ပြီး အရပ်ဘက်လူထု အဖွဲ့အစည်းများ (CSOs)၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ (CBOs)၊ CSO/CBO ကွန်ရက်များ၊ နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ အစုအဖွဲ့များ အပါအဝင် အရပ်ဘက်လူထု အစုအဖွဲ့များက အောက်ပါလုပ်ဆောင်မှု များကို မည်ကဲ့သို့ ဆောင်ရွက်နေကြောင်းကို ဤအစီရင်ခံစာထဲတွင် မီးမောင်းထိုး ဖော်ပြထားသည် –

  • အသက်ကယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့ခြင်း – မကြာခဏ စစ်အုပ်စု၏ တိုက်ခိုက်မှုဒဏ်ခံရပြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ လက်လှမ်းမမီသည့် ဒေသများတွင် အစားအစာ၊ ငွေသား၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နှင့် ခိုလှုံရန် နေရာများ ပံ့ပိုးပေးခြင်းအပါအဝင် မြန်မာနိုင်ငံ၏ အထိခိုက်အလွယ်ဆုံးသော လူမှုအသိုင်းအဝိုင်း များ၏ လိုအပ်ချက်များကို ဒေသခံပြည်သူများ၏ နက်ရှိုင်းသော ယုံကြည်မှုပေါ်အခြေခံ၍ တိုက်ရိုက် ကူညီဆောင်ရွက်ပေးခြင်း၊
  • ရေရှည်တည်တံ့သော လူထုအသိုင်းအဝိုင်း၏ လုပ်ငန်းစဥ်များကို မြှင့်တင်ပေးခြင်း – မိမိကိုယ် မိမိ မှီခိုအားထားခြင်း၊ အစားအစာဖူလုံရေး၊ လူထုအသိုင်းအဝိုင်း ပေါင်းစည်းညီညွတ်မှုရှိရေး၊ စိတ္တလူမှု ဘေးကင်းလုံခြုံရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်းများ မြှင့်တင်ပေးခြင်း အပါအဝင် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုသင်တန်းများမှ အသေးစား အခြေခံအဆောက်အအုံများနှင့် ရပ်ရွာလူထု ကျန်းမာရေးစောင့်ရှောက်မှုများအထိ မြှင့်တင်မှုများ လုပ်ဆောင်ပေးခြင်း၊
  • အောက်ခြေမှ အထက်သို့ဦးတည်သော ဖက်ဒရယ်ဝါဒနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ပေးခြင်း

လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများအား ကာကွယ်ပေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီရေး နှင့်ပတ်သက်၍ ပညာပေးခြင်း၊ အမျိုးသမီးနှင့်လူငယ်များမှ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း၊ အထူးသဖြင့် နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်သည့်ဖြစ်စဥ်နှင့် အောက်ခြေမှအထက်သို့ ဦးတည်သည့် အုပ်ချုပ်ရေး တည်ထောင်ရာတွင် တက်ကြွစွာပါဝင်နိုင်ရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များ၏ တန်ဘိုးရှိလှစွာသော ဆောင်ရွက်မှုများနှင့်အတူ မြေပြင်တွင် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြသည့် ၎င်းတို့၏ ကြံ့ခိုင်မှုနှင့် ကတိကဝတ်ရှိမှုများကို ဤအစီရင်ခံစာထဲတွင် မီးမောင်းထိုးဖော်ပြထားသည်။ ထိုလုပ်ငန်းများကို ဆယ်စုနှစ်နှင့် ချီသော ၎င်းတို့၏ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများ၊ မြေပြင်အခြေအနေကို နက်ရှိုင်းစွာ သိကျွမ်းနားလည်မှုများနှင့် နှံ့စပ်ကျယ်ပြန့်သော ဒေသခံများနှင့်ချိတ်ဆက်မှုများ၊ နှင့် လိုက်လျောညီထွေသော လုပ်ကိုင်ဆောင်ရွက်နိုင်မှုရှိခြင်း တို့ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဆယ်စုနှစ်များချီ အလုပ်လုပ်ပေးခဲ့သည့် ဒေသခံလူမှုအသိုင်းအဝိုင်းများအပေါ် ပြည်သူမှပြည်သူသို့ သွေးစည်းညီညွတ်မှုနှင့် ၎င်းတို့ မျှဝေထမ်းရွက်ရမည့် တာဝန်ရှိသည်ဟူသော ခံယူချက်တစ်ခုဖြင့် လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။

မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များနှင့် လူထုအသိုင်းအဝိုင်းတို့သည် ၎င်းတို့၏ ကြံ့ခိုင်မှုမှ ပေါက်ဖွားလာသည့် မဆုတ်မနစ်သော ခုခံတွန်းလှန်မှုကို ထုတ်ဖော်ပြသနေသည်။ နိုင်ငံတစ်ဝန်းရှိ ၎င်းတို့၏ ကဏ္ဍပေါင်းစုံအားထုတ်ကြိုးပမ်းမှုများမှတစ်ဆင့် တရားမမျှတမှုကို ခုခံတွန်းလှန်ရန်၊ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ရလဒ်များကို ဖော်ဆောင်ရန်၊ နှင့် ၎င်းတို့မြင်ချင်သည့် အနာဂတ်မြန်မာနိုင်ငံတစ်ခုကို တည်ဆောက်ရန် ပြည်သူများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်တို့ကို အရှိန်မြှင့်တင်ပေးနေလျက် ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးအားလုံးကို ချက်ချင်း ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာလက်နက်နှင့် လေယာဥ်ဆီ တင်ပို့ရောင်းချမှု ပိတ်ဆို့ခြင်းအပါအဝင်၊ စစ်အုပ်စုနှင့် ၎င်းအား တင်ပို့ရောင်းချပေးနေသူများအပေါ် ထိရောက်မှုရှိသော ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာဥပဒေအရ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများမှ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန်၊ နှင့် မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များအား ရေရှည်တည်တံ့ပြီး ပြုလွယ်ပြင်လွယ်သော ရန်ပုံငွေများကို  ယုံကြည်ရသော နယ်စပ်အခြေပြု လမ်းကြောင်းများမှတစ်ဆင့် ကူညီထောက်ပံ့ပေးရန် ဤအစီရင်ခံစာကို ပူးတွဲရေးသားသူများက တိုက်တွန်းတောင်းဆိုထားသည်။

ယခုအချိန်သည် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်ပြီး လူ့အသက်များကို ကယ်တင်ရန်၊ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းသော၊ တရားမျှတမှုရှိသော၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်မည့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ခြွင်းချက်မရှိ ထောက်ခံရမည့်အချိန် ဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ နော်ဖိုးဒါးက “နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုတွေ၊ သဘာဝဘေး အန္တရာယ်တွေ၊ အဆက်မပြတ် ဗုံးကြဲမှုတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် စစ်မှန်တဲ့ ကြံ့ခိုင်မှုနဲ့ သွေးစည်းညီညွတ်မှုဟာ ဘာလဲဆိုတာကို မြန်မာအရပ်ဘက်လူထု အသိုင်းအဝိုင်းတွေက ဖော်ပြနေပြီး ဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် အခြေခံအုတ်မြစ် ချပေးနေတဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာအရပ်ဘက်လူထု အသိုင်းအဝိုင်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရမှာဖြစ်ပြီး မယိမ်းယိုင်တဲ့ ကူညီထောက်ပံ့မှုတွေကို ပံ့ပိုးပေးရမှာ ဖြစ်တယ်။” ဟု ပြောကြားသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ နော်ချယ်ရီက “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်နေတာနဲ့အမျှ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဆက်လုပ်ရမယ့်တစ်ခုတည်းသောလမ်းဟာ ပြည်သူတွေရဲ့ အသံတွေကို နှုတ်ပိတ်ဖို့ အချိန်အတော်ကြာ ကြိုးစားနေခဲ့တဲ့ ဒီစစ်အုပ်စုအပေါ် ဆက်ဆံရေးတွေအားလုံး ဖြတ်တောက်ဖို့ပဲ။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ငြိမ်းချမ်းတဲ့၊ အားလုံးပါဝင်မှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တစ်ခု တည်ဆောက်ဖို့ မြန်မာပြည်သူတွေရဲ့ ဆက်လက်ကြိုးစားအားထုတ်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် အရပ်ဘက်လူထုအဖွဲ့အစည်းတွေအပေါ် ပြုလွယ်ပြင်လွယ်ဖြစ်တဲ့ အကူအညီတွေ ပံ့ပိုးပေးရပါမယ်။ မြန်မာအရပ်ဘက်လူထုအစုအဖွဲ့တွေဟာ ဒီမိုကရေစီရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံလူထုလှုပ်ရှားမှုတွေကို ဆက်လက်ပံ့ပိုးပေးနေပြီး ပြည်သူတွေရဲ့ ရပိုင်ခွင့်အတွက် ရပ်တည်နိုင်အောင် အားပေးမြှင့်တင်ပေးနေတာဖြစ်တဲ့အတွက် အရပ်ဘက်လူထုအစုအဖွဲ့တွေအပေါ် ကူညီပံ့ပိုးပေးဖို့နဲ့ ယုံကြည်မှုပေးဖို့က အရမ်းကို အရေးကြီးပါတယ်။” ဟု ပြောကြားသည်။

ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “မြန်မာအရပ်ဘက်လူထုအစုအဖွဲ့တွေဟာ ဒေသခံလူထုတွေရဲ့ ကြံ့ခိုင်မှု အားကောင်းခိုင်မာလာစေရေးနဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ရေးအတွက် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုရှိတဲ့ ကြိုးပမ်းအားထုတ်မှုတွေကတစ်ဆင့် တစ်ဦးအပေါ် တစ်ဦး ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေပြီး ပြည်သူတွေရဲ့ စုပေါင်းရည်မှန်းချက်ဖြစ်တဲ့ လူသားလုံခြုံရေး အာမခံချက်နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ နဲ့ တည်ငြိမ်အေးချမ်းရေး ဆီကို ချီတက်ဆောင်ရွက်နေတာ ဖြစ်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီတန်ဘိုးရှိလှတဲ့ အလုပ်တွေကို အမှန်တကယ် ကူညီထောက်ပံ့ပေးဖို့ဆိုရင် စစ်အုပ်စုကို သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာဥပဒေအောက်မှာ တာဝန်ခံခိုင်းဖို့နဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု စစ်ဆင်ရေး၊ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကို တားမြစ်ဖို့ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ပြီး အကြောက်တရားဖော်ဆောင်နေတဲ့ ရာဇဝတ်မှုကျူးလွန်သူ စစ်အုပ်စုနဲ့အတူ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ရမှာ ဖြစ်တယ်။”ဟု ပြောကြားသည်။

အစီရင်ခံစာအပြည့်အစုံကို ရယူရန်

ပိုမို သိရှိလိုပါက ဆက်သွယ်ရန်

  • နော်ဖိုးဒါး၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ secretary@protonmail.com
  • နော်ချယ်ရီ၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၊ kpsn14@gmail.com
  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org

သတင်းထုတ်ပြန်ချက် PDF ဖိုင်ကိုရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia