25 July 2022
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅
ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြီးခဲ့သော သတင်းပတ်တွင် သေဒဏ်ပေးလိုက်ပြီးဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ထုတ်ပြန်လိုက် သည့် သတင်းကြောင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါသည်။
မတရားသဖြင့် တိုင်းပြည်အာဏာကို လုယူထားသည့် အကြမ်းဖက်စစ်အုပ်စုသည် ထိုနိုင်ငံရေးအကျဉ်းသား (၄) ဦးကို ဖမ်းဆီးခဲ့ပြီး ဥပဒေဘောင်မဝင်သော တရားရုံးတွင် စစ်ဆေးခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ခဲ့ကြပြီး အတင်းအကြပ် ဝန်ခံထွက်ခိုင်းစေမှုများ လုပ်ခဲ့ကြသည်။ အကျဉ်းဦးစီးဌာနနှင့် အကြမ်းဖက် စစ်ခေါင်းဆောင်များ၏ အင်းစိန်ထောင်အတွင်းမှ သတင်းအချက်အလက်များကို ဖုံးကွယ်ထား မှုကြောင့် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည် ပူပန်သောက ရောက်ကြရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ အခန်း ၈၊ ပုဒ်မ ၁၄၊ အပိုဒ် ၆၆၀ အရ သေဒဏ်ကွပ်မျက်ခံရသော အကျဥ်းသားများ၏ ခန္ဓာကိုယ်အား “ထောင်အကျဥ်းတံခါးပေါက်အပြင်သို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ဆွေမျိုးများ (သို့) မိတ်ဆွေများထံ ပေးအပ်ရမည်”ဟု ပြဌာန်းထားသည်။ ထို့အပြင် အပိုဒ် ၆၆၁ အရ ပြစ်ဒဏ်အမိန့်အတိုင်း သေဒဏ်ကွပ်မျက်ဆောင်ရွက်ပြီးလျှင် “အကျဥ်းထောင်တာဝန်ခံသည် (ဝရမ်းအား ထုတ်ဆင့်သည့် တရားရုံးသို့ ပြန်လည်ပေးပို့ပြီး) ဝရမ်းထုတ်ပေးသည့် တရားရုံးသို့ ပြစ်ဒဏ်အမိန့်အတိုင်း မည်သို့ ဆောင်ရွက်ပြီးစီးကြောင်းကို အောက်ပါပုံစံဖြင့် မှန်ကန်ကြောင်း ထောက်ခံချက်ပြုလုပ်ပြီး ပြန်ပို့ပေး ရမည်”ဟု ဖော်ပြပါရှိသည်။ သေဆုံးသူ၏ရုပ်အလောင်းကို အထူးအကြောင်းတစ်စုံတရာကြောင့် ပြန်လည် မပေးအပ်ခဲ့လျှင် “မြှုပ်နှံသော သင်္ချိုင်းမြေနေရာများတွင် သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံး သည့် နေ့ရက်တို့ကို မှတ်သားထားရှိရမည်”ဟု အကျဉ်းထောင်လက်စွဲ အပိုဒ် ၁၀၂၇ တွင် ပြဌာန်းထားသည်။
သို့သော်လည်း အထက်ဖော်ပြပါ ပုဂ္ဂိုလ် (၄) ဦးကို သေဒဏ်ပေးခံရသည့် သတင်းများထွက်ရှိလာပြီးနောက် စစ်အာဏာရှင်များက သေဒဏ်ပေးခံရသူတို့နှင့် ပတ်သက်သည့် တည်နေရာနှင့် အခြေအနေများကို ရှင်းရှင်း လင်းလင်း ထုတ်ပြန်ထားခြင်းမရှိသေးပါ။ စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန် ရမည်ဖြစ်သည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒါလူသတ်မှုကျူးလွန်တာပဲ။ သူတို့က တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာ ဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ်”ဟု မှတ်ချက်ပြုသည်။ ဤ ထိတ်လန့်တုန်လှုပ်စရာ သေဒဏ်ပေးသည့်ဖြစ်ရပ်သည် နိုင်ငံတကာသံတမန်များ အနေဖြင့် စစ်အုပ်စု၏ ရက် စက်၍ လူမဆန်သောလုပ်ရပ်များအတွက် ပြန်လည်သတိမူနိုးကြားလာရမည့် ကိစ္စရပ်ပင်ဖြစ်သည်။ စစ်အုပ်စု ကို ထောက်ခံသည့် နိုင်ငံတကာအာဏာရှင်များက စစ်အုပ်စုအနေဖြင့် နိုင်ငံတကာရာဇဝတ်မှုများတွင် အကျုံး ဝင်နိုင်သည့် သေဒဏ်ကိုလက်တွေ့ကျင့်သုံးခြင်းမျိုး မပြုတန်ရာဟု ပြောဆိုနှစ်သိမ့်ခဲ့ကြသော်လည်း အမှန် တကယ်အားဖြင့်မူ စစ်အုပ်စုက ၎င်း၏သရုပ်မှန်ကို ဖော်ပြခဲ့ပြီဖြစ်သည်။
ယခင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် ကရင်တော်လှန်ရေး တိုက်ပွဲဝင် ရဲဘော် (၃) ဦးကို ၁၉၈၆ ခုနှစ်နှင့် ၁၉၈၇ ခုနှစ် တို့၌ သေဒဏ်စီရင်ချက်ချမှတ်ခဲ့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများကို နောက်ဆုံး သေဒဏ်ပေးခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ ယခုကဲ့သို့ ဥပဒေမဲ့ကွပ်မျက်လိုက်ခြင်းသည် စစ်အုပ်စု အနေဖြင့် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးမှုမလုပ်နိုင်ဟု ငြင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က “နိုင်ငံတကာရဲ့ နဂိုနေမြဲအတိုင်း နေနေ တဲ့ အနေအထားကို ပြတ်ပြတ်သားသားပယ်ချရမယ်” ဟုဆိုထားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသား (၇၆) ဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ထားသည်။ ထို့အပြင် (၄၁) ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသည်။ ထို့ကြောင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် သေဒဏ်ပေးခံရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၁၇) ဦး ရှိနေ သည်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။