ဆန္ဒပြသံဃာ ၅ ပါးကို မန္တလေးထောင်တွင် အမှုစစ်တော့မည်

ဆန္ဒပြသံဃာ ၅ ပါးကို မန္တလေးထောင်တွင် အမှုစစ်တော့မည်

ယမန်နှစ်က မန္တလေးတွင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေကြသော သံဃာများ  

စစ်ကောင်စီက မန္တလေးသံဃာ ၅ ပါးကို ဖမ်းဆီးပြီး ၅ လ အကြာတွင် ထောင်တွင်း၌ပင် အမှုစစ်ဆေးရန် ပြင်ဆင်နေစဉ် ပြင်ပတွင်လည်း ပြောက်ကျားစနစ်နှင့် ဆန္ဒပြသူများ ရှိနေသည်။

By Myanmar Now

စစ်ကောင်စီ ဖမ်းဆီးထားသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ သံဃာများအမှုကို မန္တလေးထောင်တွင်းတရားရုံးက မတ်လ ၃ ရက်နေ့တွင် စတင်စစ်ဆေးတော့မည်ဟု သိရကြောင်း ကူညီပေးနေသည့် ရှေ့နေများက ပြောသည်။

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂ ရက်က ဆန္ဒပြရာ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ ဖမ်းဆီးခံခဲ့ရသည်။

သံဃာများနှင့်အတူ ကိုရှိုင်းအောင်၊ ကိုဌေးလွင်စိုးနှင့် ကိုမင်းဝင်းတို့လည်း အဖမ်းခံရပြီး အားလုံးကို  ပုဒ်မ ၅၀၅(က) ဖြင့် အမှုစစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စိန်ပန်းရပ်ကွက်အတွင်း ဆန္ဒပြနေစဉ် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးခန့် ကားနှင့် ရောက်ရှိဖြိုခွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုစဉ်က  ထွက်ပြေးလွတ်မြောက်လာသည့် ရဟန်းတစ်ပါးက မိန့်သည်။

“ကားထဲအရပ်ဝတ်တွေနဲ့ သေနတ်တွေမြင်လိုက်တော့ လူစုခွဲပေမယ့်မမီဘူး” ဟု ထိုရဟန်းက မိန့်သည်။

မျက်မြင်သက်သေတစ်ဦးကလည်း စစ်သားများက ထိုနေရာတွင်ပင် သံဃာတို့ကို အကြမ်းဖက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“သံဃာတွေကို တစ်ခါတည်း လူဝတ်လဲပြီး ကားပေါ်တင်တယ်။ ပါးတွေရိုက်တယ်” ဟု စိန်ပန်းရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက်မှ ဦးပညာသာမိသည်လည်း မတ်လ ၃ နေ့တွင်ပင် အမှုစစ်ဆေးခံရမည်ဟု အထက်ပါရှေ့နေက ပြောသည်။

စက်တင်ဘာ(၂၈)တွင် အဖမ်းခံခဲ့ရသည့် ဦးပညာသာမိသည်လည်း ပုဒ်မ၅၀၅(က)ဖြင့်ပင် စွဲချက်တင်ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ယခင်လက ထုတ်ပြန်သော စာရင်းများအရ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသူပေါင်း ၁၂၃၀ ဦး ရှိသည်။ ထိုကိန်းဂဏန်းမှာ ထိုအသင်းက လက်လှမ်းမီသမျှ စုံစမ်းထားမှုကို အခြေခံထားခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅(က) တွင် “တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” လှုံ့ဆော်လျှင် ပြစ်မှုမြောက်သည်ဟု ဆိုထားသည်။

စစ်ကောင်စီသည် ပုဒ်မ ၅၀၅(က) ကို အာဏာသိမ်းအပြီး နှစ်ပတ်အကြာ ဖေဖေါ်ဝါရီလတွင် ဆောလျင်စွာ ပြင်ဆင်ခဲ့သည်။

ပုဒ်မ ၅၀၅(က) ၏ မူရင်း ပြဋ္ဌာန်းချက်တွင် “အစိုးရ၏ ကြည်း၊ ရေ၊ လေ အရာရှိ သို့မဟုတ် တပ်သားအား ပုန်ကန်ရန်” လှုံ့ဆော်လျှင် ပြစ်မှုမြောက်သည်ဟု ဆိုထားသော်လည်း ထိုဝေါဟာရများအစား “တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” ဟု အစားထိုးခဲ့သည်။

စစ်ကောင်စီက ထောင်ဒဏ်ကိုလည်း ၂ နှစ်မှ ၃ နှစ်အထိ တိုးမြှင့်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို နှိပ်ကွပ်နေသော်လည်း အနယ်နယ်အရပ်ရပ်တွင် အံတုမှုများ ဆက်ရှိနေမည်ဟု မန္တလေးမှ ရဟန်းတစ်ပါးက မိန့်သည်။

“နေ့စဉ်သာ ဦးဇင်းတို့မထွက်ဖြစ်တာ။ ပြောက်ကျားစနစ်နဲ့ ရရင်ရသလို ဆန္ဒပြနေတုန်းပဲ။ ဒီမတရားမှုကြီး ပပျောက်တဲ့အထိ တော်လှန်နေရဦးမှာပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရဟန်းက မိန့်ကြားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia