လူ့အခွင့်အရေးကော်မရှင်သစ် ပေါ်ပေါက်ဖို့ အဖွဲ့အစည်း ၃၂ ဖွဲ့တိုက်တွန်း

7 August 2022

မြေလတ်အသံ၊ သြဂုတ် ၇၊ ၂၀၂၂။

လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်အသစ်တရပ် ပေါ်ပေါက်ချိန်ပြီဆိုကာ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)က ဦးဆောင်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်း ၃၂ ဖွဲ့တို့က တိုက်တွန်းကြောင်း သြဂုတ်လ ၇ ရက် ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှာကျရောက်မယ့် (၃၄) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့မှာ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေးဆပ်တော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသား၊ ရဟန်းရှင်လူနဲ့ ပြည်သူတွေရဲ့ စွန့်လွတ်ပေးဆပ်မှုတွေကို ဂုဏ်ပြုတဲ့ တချိန်တည်းမှာပဲ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းမတွေနဲ့အညီ လေးစားလိုက်နာတဲ့ လူ့အခွင့်ရေးကော်မရှင် အသစ်တရပ်ကို ပေါ်ပေါက်စေဖို့ရည်ရွက်နဲ့ ခုလိုတိုက်တွန်းဆော်သြတာလို့လည်း အဆိုပူးပေါင်းထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစပြီး ပြည်သူ့တွေအပေါ်မှာ အကြမ်းဖက်ထိုးစစ်ဆင်တာတွေနဲ့ များပြားလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံအနှံ့အပြားမှာ ရင်ဆိုင်ခဲ့ရပြီး၊ ရက်ပေါင်း ၅၅၁ ရက် အတွင်းတွင် အာဏာသိမ်းစစ်တပ်က ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၂၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကာ စစ်တပ်လက်ဝေခံ တရားရုံးကနေ မတရာအမိန့်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရလက်ထက်မှာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနအဖြစ် မြန်မာနိုင်ငံ အမျိားသားလူ့အခွင့်အရေး ကော်မရှင် (MNHRC)ကို ဖွဲ့စည်းတည်ထောင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်မှုတွေရှိတာကြောင့် အဆိုပါကော်မရှင်အပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ယုံကြည်မှု ကင်းမဲ့လျှက်ရှိပါတယ်။

ဒါ့ကြောင့် MNHRC ဟာ မြန်မာပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံကို ထိခိုက်စေတဲ့အတွက် ပြည်သူ့ညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း MNHRC ကို ရှုတ်ချကာ၊ အဆိုပါကော်မရှင်ကို ဖျက်ဆီးပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် အသစ်တရပ်ကိုဖွဲ့စည်းထူထောင်ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေကနေ ခုလိုတောင်းဆိုလိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၎င်းတို့အလုပ်အဖွဲ့အနေနဲ့လည်း လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကိုရေးဆွဲပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှာ NUCC၊ CRPH နဲ့ NUG တို့ဆီကို တင်သွင်းခဲ့ပြီး ဒီဥပဒေအသက်ဝင်အောင် ဆက်လက်လုပ်ဆောင် ကြိုးပမ်းသွားမယ်လို့လည်း လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) ရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


Original post.

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia