တိုက်ပွဲများထက် စစ်အုပ်စုက အကြမ်းဖက်မှုများ နေ့စဉ်နေ့တိုင်း ကျူးလွန်နေ၍ လူသားစာနာ အကျပ်အတည်း ပိုမိုဆိုးရွားလာဟုဆို

23 July 2026

တိုက်ပွဲများထက် စစ်အုပ်စုက အကြမ်းဖက်မှုများ နေ့စဉ်နေ့တိုင်း ကျူးလွန်နေ၍ လူသားစာနာ အကျပ်အတည်း ပိုမိုဆိုးရွားလာဟုဆို

မဇ္ဈိမ။ ။ တိုက်ပွဲများထက် စစ်အုပ်စုက အကြမ်းဖက်မှုများ နေ့စဉ်နေ့တိုင်း ကျူးလွန်နေ၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေခြင်းဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ – မန္တလေး (EMC – MDY) မှ မမေနှင်းက ယမန်နေ့ (ဇူလိုင် ၂၂ ရက်) က ပြောသည်။

“တားဆီးပိတ်ဆို့ခံရသော အကူအညီများနှင့် မယိုင်လဲသော ပြည်သူများ – စစ်အုပ်စုက အကူအညီကို လက်နက်အဖြစ် အသုံးချနေခြင်းအား ခုခံတွန်းလှန်ခြင်း” စာတမ်းတိုကို ရှေ့ပြေးအသံအဖွဲ့နှင့်အတူ အရပ်ဘက် လူမှုအဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ ပူးတွဲထုတ်ပြန်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိတွေ့တိုက်ပွဲတွေဖြစ်နေလို့ စစ်ပွဲတွေဖြစ်နေလို့ ဆိုတာထက်စာရင် အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းပြီးတော့ကျတော့ ပိုပြီးတော့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို နေ့တဓူဝ ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ လူသားစာနာ အကျပ်အတည်းက ပိုပိုပြီးတော့ ဆိုးလာတာဖြစ်တယ်။ ပိုပိုပြီးတော့ IDPs တွေ ပိုပြီးတော့ မြင့်လာတာဖြစ်တယ်။ ပိုပိုပြီးတော့ ထောက်ပံ့နိုင်တဲ့ လမ်းကြောင်းတွေ ပြတ်တောက်ကုန်တာဖြစ်တယ်”ဟု မမေနှင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ လက်ရှိအချိန်အထိ အာဏာသိမ်းကာလအတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် တခုအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၁,၀၀၀ ကျော် ရှိခဲ့ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ် ၇၀ ကျော်ရှိကြောင်း၊ ယင်းမှာလည်း တိုက်ပွဲနှင့် ဆက်စပ်ပတ်သက်မှုမရှိဘဲ စာသင်ကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူ သွားလာရောင်းဝယ် ဖောက်ကားနေသည့် ဈေးများ စသည့် နေရာများကို ဦးတည်ချက်ထား တိုက်ခိုက်ခဲ့သည်ကို တွေ့နိုင်ကြောင်း ဆိုသည်။

“စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အခြေအနေတွေ အားလုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း စစ်တပ်က လူထုကို Collective Punishment ပေးတဲ့အနေနဲ့ တနေရာကို ဝင်ပြီးရင် ဆက်တိုက်ဆက်တိုက် ရွာတိုင်း ရွာတိုင်းကို စစ်ဘေးရှောင်ပြည်သူတွေက A ဆိုတဲ့ရွာမှာရှိနေရင်၊ A ဆိုတဲ့ရွာကို စစ်ဘေးရှောင်ပြည်သူတွေ လက်ခံထားရပါ့မလားဆိုပြီး လိုက်ပြီး လေကြောင်းတိုက်တယ်”ဟု မမေနှင်းက ပြောသည်။

“အဲဒီတော့ အဲဒီ စစ်ဘေးရှောင်အုပ်စုတွေက ဒီရွာကလူတွေနဲ့ တခါထပ်ပေါင်း နောက်ထပ်တရွာကို ရွေ့တယ်။ စစ်ဘေးရှောင်ပြည်သူတွေ သွားနေတဲ့ လမ်းကြောင်းတလျှောက်ကို အပေါ်ကနေ လေယာဉ်နဲ့ လိုက်ကြဲနေတယ်လို့ မြင်ယောင်ကြည့်လို့ရတယ်”ဟု ဆိုသည်။
စစ်အုပ်စုသည် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်မှုများ ကျူးလွန်ပြီး လူသားစာနာ ပြဿနာများဖြစ်အောင် လုပ်ဆောင်နေကာ တဖက်တွင်လည်း လူသားစာနာ အထောက်အပံ့များ မရရှိအောင် ပိတ်ဆို့တားဆီးနေကြောင်း၊ ယင်းမှာ ဆိုးကျိုးဖြစ်ပေါ်ခြင်း မရှိစေမှု မူဝါဒ (Do No Harm Principle) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း လွတ်လပ်သည့် လေ့လာဆန်းစစ်သူ Adelina Kamal ကလည်း ပြောသည်။

စစ်အုပ်စုသည် စစ်ဆေးရေးဂိတ်များ၊ အုပ်ချုပ်ရေးဆိုင်ရာအရ တားဆီးပိတ်ပင်မှုများ၊ လူသားစာနာအကူအညီပေးသူများကို ဖမ်းဆီးခြင်းများကို ကြည့်ခြင်းအားဖြင့် အကူအညီများကို လက်နက်သဖွယ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေခြင်းဖြစ်ကြောင်းလည်း ထောက်ပြသည်။

“သူတို့ဆီကနေ ခွင့်ပြုချက်ရမှ ဒီလူသားစာနာ အကူအညီတွေ ဆောင်ရွက်မယ်ဆိုရင် စစ်အုပ်စုကို legitimacy (တရားဝင်မှု) ပေးသလိုဖြစ်သွားတယ်။ ဒါကြောင့်မလို့ ဒါက နိုင်ငံရေးအရ စစ်အုပ်စုကနေပြီးတော့ humanitarian crisis (လူသားစာနာအကျပ်အတည်း) မဖြစ်ဖြစ်အောင် လုပ်ထားတာတွေ့ရတယ်”ဟု Adelina Kamal က ဆိုသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခန့်မှန်း ၃ ဒသမ ၈ သန်းနီးပါး ရှိလာပြီး အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုအနေဖြင့်မူ အဆိုပါ စစ်ဘေးရှောင်များထံ အကူအညီများ မရောက်အောင် အုပ်ချုပ်ရေး ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်း၊ စစ်ဆေးရေးဂိတ်များကို သုံးပြီး တားဆီးပိတ်ပင်ခြင်းများ၊ အကူအညီပစ္စည်းများကို သိမ်းခြင်း၊ ထိုသို့ သိမ်းရုံမက စေတနာ့ဝန်ထမ်းများ အပါအဝင် အကူအညီပေးရေးလုပ်သည့် အရပ်ဘက်အဖွဲ့အစည်းများကို တားဆီးပိတ်ပင်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ကြောင့် အညာဒေသရှိ စစ်ဘေးရှောင်များအနေဖြင့်လည်း လူသားစာနာ အကျပ်အတည်းများကို ကိုယ်ထူကိုယ်ထဖြင့် ဝိုင်းဝန်းဖြေရှင်းနေရကြောင်း၊ စစ်အုပ်စု အောက်မှ သွားခဲ့သည့် နိုင်ငံတကာ လူသားစာနာ အကူအညီများသည် အမှန်တကယ် လိုအပ်သူများထံ လက်လှမ်းမီရရှိမှုသည် အလွန်နည်းပါးနေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြေပြင်တွင် အမှန်တကယ် လှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့အစည်းများကိုသာ ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်းလည်း EMC – MDY မှ မမေနှင်းက တိုက်တွန်းသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး


See the original post.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia