အရေးနိမ့်နေသော စစ်အုပ်စုကို “ငြိမ်းချမ်းရေး” မျက်နှာဖုံးတပ်ကာ ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးပါနှင့်

အရေးနိမ့်နေသော စစ်အုပ်စုကို “ငြိမ်းချမ်းရေး” မျက်နှာဖုံးတပ်ကာ ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးပါနှင့်

အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အသွင်ပြောင်း စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးအသစ် တင်မောင်ဆွေနှင့် ယခုလတွင် တွေ့ဆုံမည်ဟု သိရသည်။

ထိုတွေ့ဆုံမှုကို နိုင်ငံရေးဆွေးနွေးပွဲများသို့ ဦးတည်မည့် ခြေလှမ်းတခုအဖြစ် ပုံဖော်နေကြသော်လည်း တကယ်တမ်းတွင် ဤလုပ်ရပ်သည် စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင်၏ အစီအစဉ်နှင့် အချိန်ကိုက်ဆောင်ရွက်သည့် တွေ့ဆုံမှုဖြစ်ပြီး ၎င်း၏ ရာဇဝတ်ကောင် စစ်အုပ်စုနှင့် လူအများ အသားကျလာအောင် တွန်းပို့သည့်လုပ်ရပ်သာ ဖြစ်သည်။

မင်းအောင်လှိုင်သည် ကုလသမဂ္ဂ၊ အာဆီယံနှင့် ဒီမိုကရေစီနိုင်ငံအများစုက ပယ်ချခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှတဆင့် “နိုင်ငံတော်သမ္မတ” ဖြစ်လာခဲ့ပြီးနောက် နှစ်ပတ်အကြာ ဧပြီလ၊ ၂၀ ရက်နေ့တွင် ၎င်း၏ “ရက် ၁၀၀ ငြိမ်းချမ်းရေး အစီအစဉ်” ကို ထုတ်ပြန် ကြေညာခဲ့သည်။

ထိုကြေညာချက်တွင် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးရန် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကို ဖိတ်ခေါ်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကိုမူ “ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန်” တနည်းအားဖြင့် လက်နက်ချရန် ပြောထားသည်။

စစ်ရာဇဝတ်တရားခံများနှင့် ဆွေးနွေးညှိနှိုင်းခြင်းသည် ငြိမ်းချမ်းရေးလမ်းစဉ်တခု မဟုတ်ပါ

တိုင်းရင်းသား လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းများကို ဖိတ်ခေါ်ရာတွင် တွေ့ဆုံဆွေးနွေးပွဲအသွင် ပုံဖော်ထားသော်လည်း ထိုဖိတ်ခေါ်ချက်ကို “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)” မူဘောင်အပေါ်သာ အခြေခံထားသည်။ တကယ်တမ်း ထို NCA မူဘောင်ကို စိတ်ကြိုက်ပုံသွင်းကာ ဖိအားပေး အကောင်အထည်ဖော်လာခဲ့သူမှာ ဗမာ/မြန်မာ မဟုတ်သော တိုင်းရင်းသားလူမျိုးစု ဒေသခံပြည်သူများကို ဆယ်စုနှစ်ပေါင်းများစွာတိုင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ပြီး သဘောတူစာချုပ်တိုင်းကို တဖက်သတ် ချိုးဖောက်လာခဲ့သည့် စစ်တပ်ကိုယ်တိုင်သာ ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု လက်မှတ်ရေးထိုးပြီးတိုင်း နောက်ဆက်တွဲအနေဖြင့် တိုင်းရင်းသားလူမျိုးစု နယ်မြေများအတွင်း စစ်တပ်၏ အကြမ်းဖက် နယ်မြေချဲ့ထွင်မှုများနှင့်အတူ ဘိုးဘွားပိုင်မြေများကို သိမ်းယူခြင်း၊ သဘာဝ သယံဇာတများကို လုယူခြင်းနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အစရှိသည့် ဒေသခံပြည်သူများအပေါ် စနစ်တကျ ကျူးလွန်သော အကြမ်းဖက်မှုများ အမြဲတစေ တွဲပါလာလေ့ရှိကြောင်း ဗမာ/မြန်မာ မဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများအတွက် သမိုင်းသင်ခန်းစာများ ရှိလာခဲ့ပြီးဖြစ်သည်။

စစ်တပ် အရေးနိမ့်နေခြင်းကပင် အပေးအယူလုပ်နိုင်ရေး တွန်းအားပေးရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု အချို့သော နိုင်ငံတကာအစုအဖွဲ့များက ထောက်ပြကြသည်။ အားနည်းနေသော စစ်တပ်သည် အောင်ပွဲရနေသော စစ်တပ်ထက် အလျှော့အတင်းလုပ်နိုင်ခြေ ပိုများသည်ဟု ၎င်းတို့က ယုံကြည်နေကြသည်။

ဤယူဆချက်သည် အကျိုး၊ အပြစ် ချိန်ဆမှု လုံးဝပြောင်းပြန်ဖြစ်နေသည့် စဉ်းစားချက်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်ထားသူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းသည် ငြိမ်းချမ်းရေးလမ်းစဉ်တခု မဟုတ်ပါ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သံတမန်ရေးနည်းလမ်းဖြင့် ပြင်ဆင်ထုပ်ပိုးကာ တံဆိပ်ပြောင်းတပ်ပေးလိုက်သည့် လုပ်ရပ်သာ ဖြစ်သည်။

ထောင်ပေါင်းများစွာသော ပြည်သူများကို သတ်ဖြတ်ခြင်း၊ သန်းနှင့်ချီသောလူထုကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်း၊ အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ခြင်း ကျူးလွန်လာခဲ့သည့် ဥပဒေပြင်ပက တရားမဝင် စစ်အုပ်စုသည် တိုက်ပွဲရှုံးရုံမျှဖြင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖက်တဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်အုပ်စု၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ချက်ချင်းပယ်ချခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း အလားတူ ပယ်ချခဲ့သည်။ ၎င်းတို့ဘက်က ဤသို့ပယ်ချရခြင်းမှာ ခေါင်းမာခြင်းကြောင့် မဟုတ်ပါ။ သမိုင်းအတွေ့အကြုံကြောင့်သာ ဖြစ်သည်။

မင်းအောင်လှိုင်၏ ပြောစကားများကို ယုံကြည်၍မရနိုင်ပါ

မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ကမ်းလှမ်းနေစဉ် ၎င်း၏တပ်များက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခဲ့သည်။ ၎င်းက ၂၀၂၅ ခုနှစ် ‘ငြိမ်းချမ်းရေးဖိုရမ်’ ကျင်းပနေချိန်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၅၀ ကျော် ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ၇၂ ဦး အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၄၇၁ ဦးကို သတ်ဖြတ်ခဲ့သည်။

၎င်းက ဧပြီလတွင် ‘အပစ်အခတ်ရပ်စဲရေး’ ကြေညာပြီးချိန်မှစ၍ ၎င်း၏တပ်များသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၄၀ အပါအဝင် တိုက်ခိုက်မှု စုစုပေါင်း အနည်းဆုံး ၂၀၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရသည်။ ဤဖြစ်ရပ်များသည် ပုံသေဖြစ်ပေါ်နေသော အလေ့အထများဖြစ်ပြီး ခိုင်မာသော မှတ်တမ်းများလည်း ရှိထားပြီးဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူ ၃ ဒသမ ၇ သန်းကျော်ရှိပြီး နောက်ထပ် ၁ ဒသမ ၆ သန်းမှာ နယ်စပ်ဖြတ်ကျော်ကာ အခြားနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇွန်လ တပတ်တည်းတွင် စစ်ကောင်စီ၏ လေယာဉ်များက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူနေရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်။ ထိုတနေ့တွင်ပင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစင်းက စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတရွာကို တိုက်ခိုက်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့သည်။

ထို့ပြင် စစ်တပ်သည် မွန်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများကိုလည်း ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချခဲ့သည်။ သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စစ်တပ်၏ အယောင်ပြငြိမ်းချမ်းရေးကို အပြိုင်အဆိုင် ဆုချရန် လုပ်ဆောင်နေကြသည်။

သံတမန်ရေးအရ အုပ်စုဖွဲ့ ထိုးနှက်တိုက်ခိုက်သည့် လုပ်ရပ်တခု

ဤထိုးနှက်မှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စတင်ခဲ့သည်။ ၎င်းသည် ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်သို့ ရောက်လာခဲ့ပြီး ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာ မရှိသလို တရားဝင်မှုပါ ကင်းမဲ့သည့် အသွင်ပြောင်းစစ်အုပ်စုအား မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အာဆီယံတွင် ပြန်လည်ဝင်ရောက်ခွင့်ပေးရန် ပေါ်ပေါ်ထင်ထင် ထောက်ခံမှု ပြသခဲ့သည်။

ဇွန်လအစောပိုင်းက မြန်မာနိုင်သို့ လာရောက်စဉ် ကော်ဇောနီဖြင့် ကြိုဆိုခြင်းခံခဲ့ရသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုက မြန်မာနိုင်ငံသည် “အာဆီယံ၏ ခွဲမရသော အစိတ်အပိုင်းတခု” ဖြစ်ကြောင်းနှင့် စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်ကို ကြေညာခဲ့သည့် ရက်သတ္တပတ်အတွင်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကုလသမဂ္ဂ၊ အာဆီယံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တို့နှင့် စပ်လျဥ်းပြီး စစ်အုပ်စုကို ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မင်းအောင်လှိုင်ကို နယူးဒေလီမြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးကလည်း ဇွန်လက နေပြည်တော်သို့ သွားရောက်ခဲ့သည်။ မင်းအောင်လှိုင်သည် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဗီယင်ကျန်းမြို့သို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်သည် ၎င်းက သမ္မတရာထူးကို တရားမဝင် ရယူခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့်ခရီးစဉ် ဖြစ်သည်။

ဤခရီးစဉ်သည် စစ်အုပ်စုနှင့် ပုံမှန်ပြန်လည်ဆက်ဆံခြင်းမပြုဘဲ တင်းခံနေကြသည့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ပို၍အခက်အခဲ ဖြစ်လာစေနိုင်သည့် အရိပ်အယောင်တခု ဖြစ်သည်။

ထိုအပတ်ထဲတွင်ပင် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အထူးသံတမန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုဘက်က ငြင်းဆန်ခဲ့သည်။ တဖက်တွင် လက်ရှိအခြေအနေနှင့် အသားကျသွားအောင် တွန်းပို့နေကြချိန် တဖက်တွင် စစ်အုပ်စုဘက်က လိုက်လျောမှုများ ပြုလုပ်လာခြင်း မရှိချေ။

၎င်းတို့သည် အဆက်အစပ်မဲ့ ဖြစ်ပေါ်နေသော နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ဖြစ်ရပ်များ မဟုတ်ပါ။ အုပ်စုဖွဲ့ လက်ဝါးရိုက်ထားသည့် သံတမန်ရေးရာ ထိုးစစ်တခုသာ ဖြစ်သည်။ လာမည့် ဇူလိုင်လတွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဦးတင်မောင်ဆွေတို့ တွေ့ဆုံမည့် အစီအစဉ်သည် ၎င်းတို့၏ နောက်ထပ် ခြေလှမ်းတခု ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမူ ၎င်း၏ စကားအသွားအလာကို ပိုမိုသတိထားသည်ကို တွေ့ရသည်။ မေလတွင် သွားရောက်ခဲ့သည့် နေပြည်တော်ခရီးစဉ်သည် အသွင်ပြောင်း စစ်အုပ်စုအား တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့ပြီး မလေးရှားနိုင်ငံ၏ ထိတွေ့ဆက်ဆံမှုများသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အပေါ်တွင်သာ အခိုင်အမာ အခြေခံထားဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အာဆီယံ နောက်ဆုတ်သွားပါက သံတမန်ရေး ဟာကွက်တခု ဖြစ်ပေါ်လာပြီး ပြင်ပအင်အားကြီးနိုင်ငံများ ဝင်ရောက် နေရာယူလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသည်။ ဤအချက်ကို နားလည်နိုင်စရာရှိသော်လည်း လက်တွေ့တွင် မူကို ဗန်းပြပြီး ပုံမှန်အခြေအနေ ဆက်လက်သွတ်သွင်းရန် လမ်းပွင့်သွားစေနိုင်သည့် စဉ်းစားချက်မျိုးသာ ဖြစ်သည်။

ဆက်ဆံရေးထိန်းသိမ်းလိုခြင်းက နည်းလမ်းတခုထက် ပန်းတိုင်တခု ဖြစ်သွားသည့်အခါ မည်သို့သော အပေါ်ယံ ကန့်သတ်ချက်ထားသည့် ထိတွေ့ဆက်ဆံမှု ဖြစ်စေကာမူ စစ်အုပ်စုသာလျှင် နောက်ဆုံး အမြတ်ရသွားသည်။

အတိတ်အမှားများမှ သင်ခန်းစာယူရန် အချိန်တန်ပြီ

၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတကာအစိုးရ အများအပြားက လျှင်မြန်စွာ တုံ့ပြန်ကာ ရွေးကောက်ပွဲကို ပြုပြင်ပြောင်းလဲမှုတရပ်ဟု အမည်တပ်ခဲ့ကြသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ကြပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာခဲ့သည်။ စစ်တပ်၏ ကိုယ်ပွားပါတီက အာဏာရရှိခဲ့ပြီး တကမ္ဘာလုံးကလည်း လက်ခုပ်ဩဘာပေးခဲ့သည်။

တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ ငြိမ်းချမ်းရေး အလှူရှင်များကလည်း ထိုလုပ်ငန်းစဉ်အတွက် ရန်ပုံငွေ အမြောက်အမြား ထည့်ဝင်ခဲ့ကြပြီး အချို့ အခြေအနေများတွင် ငြိမ်းချမ်းရေး သဘောတူလက်မှတ် ရေးထိုးလာအောင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများဖြင့် တိုက်ရိုက် မက်လုံးပေး ဆွဲဆောင်ခဲ့ကြသည်။

စစ်တပ်သည် လက်မှတ်ရေးထိုးပြီးနောက် တရားဝင်မှုနှင့် အရင်းအမြစ်များ ရရှိသွားခဲ့ပြီး ၎င်းတို့၏ သွေးခွဲအုပ်ချုပ်ရေး လမ်းစဉ်ဟောင်းကို ပြန်လည်အသုံးချကာ ၎င်းတို့ကတိပြုခဲ့သည့် သဘောတူညီချက်တိုင်းကို ဖောက်ဖျက်ခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်သည် တနိုင်ငံလုံးဆီသို့ မြားဦး လှည့်လာပါတော့သည်။

ထိုစဉ်က ဖြစ်ပျက်ခဲ့သော အရာများသည် ယခုတကြိမ် ထပ်မံ၍ တကျော့ပြန် ပြန်လည်ဖြစ်ပေါ်နေလျက်ရှိသည်။ ဤတကြိမ်တွင် စစ်တပ်သည် မတူသောပုံစံဖြင့် မိမိကိုယ်ကိုယ် အသွင်သစ် ပုံဖော်ထားသည်။ “သမ္မတ” ရာထူးနှင့် “ရက် ၁၀၀ ငြိမ်းချမ်းရေး အစီအစဉ်” သည် ယခင်ကပုံစံနှင့် ကွဲပြားသည်။ သို့သော် လုပ်ငန်းစဉ်တခုခုကို ဗန်းပြပြီး နိုင်ငံတကာထံမှ တရားဝင်မှုရယူကာ ထိုမှတဆင့် ရရှိလာသော ထွက်ပေါက်ကို အသုံးချ၍ အာဏာနှင့် အင်အား ပြန်လည်တည်ဆောက်ရန် ဟူသည့် စစ်အုပ်စု၏ အခြေခံစဉ်းစားချက်နှင့် မူလရည်ရွယ်ချက်မှာ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိချေ။

စစ်တပ်သည် ပြုပြင်ပြောင်းလဲထားသော အရပ်ဝတ်လဲ အဖွဲ့အစည်းတခု မဟုတ်ပါ။ ၎င်းသည် ဆက်လက်ရှင်သန်နိုင်ရေးအတွက် သံတမန်ရေးအရ ထွက်ပေါက်ရှာနေသော ပြိုလဲနေသည့် အဖွဲ့အစည်းတခုသာ ဖြစ်သည်။

စစ်အုပ်စု ပြိုလဲနေပြီဟူသော ကိစ္စသည် ထင်ကြေးတခု မဟုတ်ပါ။ လက်ရှိတွင် တနိုင်ငံလုံးရှိ မြို့နယ်စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့်သည် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

နောက်ထပ် ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေသည့် ပဋိပက္ခဇုန်များဖြစ်ပြီး စစ်အုပ်စုက အများဆုံးအားဖြင့် တနိုင်ငံလုံး၏ ၃၂ ရာခိုင်နှုန်းခန့်ကိုသာ အုပ်ချုပ်ထားနိုင်သည်။

စစ်အုပ်စုသည် တည်ငြိမ်မှု တည်ဆောက်ထားပြီးသောကြောင့် ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်ရန် ကြိုးပမ်းနေသော အစိုးရတရပ် မဟုတ်ပါ။ အင်အားချည့်နဲ့ နေသောကြောင့် အချိန်ဆွဲရန် ကြိုးစားနေသူများသာ ဖြစ်သည်။

လက်ရှိအချိန်သည် အာဆီယံဘက်က စစ်အုပ်စုကို လုံးဝလက်ကမ်းကြိုဆိုမှု မလုပ်မိအောင် ရှောင်ကြဉ်ရမည့်အချိန် ဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး နေပြည်တော်ခရီးစဉ်မှန်သမျှ၊ တင်မောင်ဆွေကို တက်ရောက်ခွင့်ပေးသည့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှန်သမျှနှင့် “အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများ” ဟု သမုတ်ထားသည့် ထုတ်ပြန်ကြေညာချက် မှန်သမျှသည် စစ်အုပ်စု၏ ပုံရိပ်သစ်ဖန်တီးသည့် အသွင်ပြောင်းဗျူဟာ အလုပ်ဖြစ်နေကြောင်း မင်းအောင်လှိုင်ကို အချက်ပြနေသည့် အရာများဖြစ်သည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤတကြိမ်တွင်လည်း မြန်မာပြည်သူလူထုအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ပေးခြင်းထက် ပြဿနာကို ဆေးမြီးတိုဖြင့်သာကုရန် အလွယ်လိုက်ကြလိမ့်ဦးမည်ဖြစ်ကြောင်း NUG ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဤတော်လှန်ရေးကြီးနှင့်အတူ ငါးနှစ်တိုင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်လာခဲ့ ကြသည့် သန်းပေါင်းများစွာသော ပြည်သူလူထုတရပ်လုံးကို အချက်ပေးလိုက်ခြင်း ဖြစ်သည်။

အချိန်ဆွဲလွန်းသော အာဆီယံ ပြတ်သားချိန်တန်ပြီ

အာဆီယံသည် ၂၀၁၀ ပြည့်နှစ်က ဇာတ်ညွှန်းဟောင်းအတိုင်း လိုက်ကရန် တာဝန်မရှိပါ။ မတူညီသော လမ်းသစ်တခုကို ရွေးချယ်ခွင့်ရှိသည်။

ထိုလမ်းသစ်ကို ယခုပင် စတင်လျှောက်လှမ်းရမည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ဇူလိုင်လ အစည်းအဝေးသို့ တင်မောင်ဆွေအား ဖိတ်ကြားထားခြင်းကို ပယ်ဖျက်ရမည်။ ထိုသို့ လမ်းဖွင့်ပေးခြင်းသည် ကြားနေလုပ်ရပ်တခု မဟုတ်ပါ။

နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂,၀၀၀ ကျော်ကို လွှတ်ပေးခြင်းမရှိ၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိ၊ ဘုံသဘောတူညီချက်ငါးရပ်ပါအချက် တခုမျှ လိုက်နာခြင်းမရှိသော ရာဇဝတ်ကောင် အဖွဲ့အစည်းအား နာလန်ပြန်ထူနိုင်အောင် နိုင်ငံရေးအရ အပြည့်အဝ လူရာသွင်း အားပေးအားမြှောက်ပြုရန် ခြေလှမ်းပြင်လိုက်ခြင်းသာ ဖြစ်သည်။

ရာဇဝတ်စစ်အုပ်စုက ၎င်းတို့ကျူးလွန်ထားသော ရက်စက်ကြမ်းကြုတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသေးသရွေ့ မြန်မာနိုင်ငံအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး ဖြစ်လာနိုင်ဖွယ်ရာ မရှိပါ။

ရာဇဝတ်တရားခံ မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ထိုအချိန်အထိ ၎င်း၏ “ငြိမ်းချမ်းရေးအစီအစဉ်” သည် မည်သည့် ငြိမ်းချမ်းမှုကိုမှ ဖော်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ဘဲ ထို့နောက်ပိုင်းတွင်လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်ရှိနေလိမ့်ဦးမည် ဖြစ်သည်။

ထိုအခါ ငါးနှစ်တိုင်အောင် အချိန်ဆွဲနေခဲ့သည့် အာဆီယံသည် အပေါ်ယံ သကာရည်လောင်းထားသော စစ်အုပ်စု၏ လမ်းစဉ်ကို ဆက်လက်အားပေးထောက်ခံမည်လား သို့မဟုတ် မြန်မာနိုင်ငံ၏ အနာဂတ်ကို အောက်ခြေမှ တဆင့်ချင်း တည်ဆောက်နေကြသည့် ပြည်သူလူထုဘက်က ရပ်တည်မည်လား ဟူသည်ကို ရွေးချယ်မှု ပြုလုပ်ရတော့မည်။

မြန်မာပြည်သူများသည် အာဆီယံကို ခက်ခဲသော အရာများ လုပ်ပေးရန် တောင်းဆိုနေကြခြင်း မဟုတ်ပါ။ ၎င်းတို့သည် ခက်ခဲသောအပိုင်းကို မိမိလက် မိမိခြေဖြင့် ဆောင်ရွက်နေကြပြီး ဖြစ်သည်။ ပြည်သူများ တောင်းဆိုနေသည်မှာ ၎င်းတို့အပေါ် ရာဇဝတ်ကောင် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသာ အကြမ်းဖက်မှုသံသရာထဲတွင် အာဆီယံက ကြံရာပါ ပါဝင်ပတ်သက်နေခြင်းကို ရပ်တန့်ပေးရန်သာ ဖြစ်သည်။

တရားမျှတမှုကို နှုတ်ဆိတ်မှုနှင့် လဲလှယ်ခိုင်းသည့် အတုအယောင် ငြိမ်ချမ်းရေးအစီအစဉ်ထဲသို့ လူထုလှုပ်ရှားမှုတခုကို အတင်းတွန်းပို့ခြင်း မပြုပါနှင့်။ မင်းအောင်လှိုင်၏ ရာဇဝတ်ဂိုဏ်းကိုလည်း တခါးဖွင့်ကြိုဆိုခြင်း မပြုပါနှင့်။

စစ်အုပ်စုကို ကမ်းလှမ်းလိုက်သည့် ထိုင်ခုံမှန်သမျှသည် တည်ငြိမ်အေးချမ်းသော အနာဂတ် မြန်မာနိုင်ငံအတွက် အမှန်တကယ် အသက်ပေးကာ တိုက်ပွဲဝင်နေကြသူများထံမှ လုယူလိုက်သော ထိုင်ခုံများဖြစ်ပြီး ထိုနေရာများကို ပြည်သူများကသာ အမှန်တကယ် ရသင့်ရထိုက်ပေသည်။

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)


မူရင်း original ဆောင်းပါးကို ဖတ်ရန်။

Announcements



PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia