3 July 2026

သို့
ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ရက်စွဲ။ ။၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၃ ရက်နေ့
အိတ်ဖွင့်ပေးစာ။ ။တရားမဝင်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ အနည်းဆုံး ထိတွေ့ဆက်ဆံရေးမူကို ကြပ်မတ်အကောင်အထည်ဖော်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက် ဆောင်ရွက်ရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်း အားထုတ်မှုများကို အားပေးပံ့ပိုးကူညီရန် UNGA မှ သဘောတူ ဆုံးဖြတ်ချက်အသစ် တစ်ခု မဖြစ်မနေချမှတ်ရမည်။
လေးစားအပ်ပါသော အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ
အောက်ပါဆောင်ရွက်ချက်များပါဝင်သည့် ခိုင်မာအားကောင်းသော ညီလာခံသဘောတူဆုံးဖြတ်ချက် အသစ် တစ်ခုချမှတ်ရန် ဤအိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း ၁၉၁ ဖွဲ့တို့မှ ပါဝင်လက်မှတ်ရေးထိုးထားသည့် မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ကို အရေးပေါ် တိုက်တွန်း တောင်းဆိုအပ်ပါသည်။
၁။ စစ်အုပ်စု၏ အလိမ်အညာရွေးကောက်ပွဲကို ငြင်းပယ်ပြီး အရပ်သားအစိုးရအသွင် ပုံပြောင်းထားသည့် မည်သည့် စစ်အုပ်စုယန္တရားကိုမဆို အသိအမှတ်ပြုမှု ငြင်းပယ်ရန်။
၂။ စစ်အုပ်စုနှင့် အနည်းဆုံးနိုင်ငံရေးထိတွေ့ဆက်ဆံမှုပြုလုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ဝါဒကို အတိအကျ လိုက်နာအကောင်အထည်ဖော်ရန်။
၃။ ပိုမိုဆိုးရွားပြင်းထန်လာသော လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးအခြေအနေနှင့် ပတ်သက်ပြီး ထိရောက်သော တုန့်ပြန်အရေးယူဆောင်ရွက်မှု ပြုလုပ်ရန်။
၄။ လေယာဉ်ဆီ၊ လက်နက် နှင့် အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး နည်းပညာများ ပိတ်ပင်ခြင်းအားဖြင့် စစ်အုပ်စုကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နိုင်စွမ်းမရှိအောင် ကန့်သတ်မှုများပြုလုပ်ရန်။
၅။ စစ်အုပ်စု၏ ရမ်းကားအကြမ်းဖက်မှုလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှုပေးနေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်ရန်။
၆။ ရှိနေသော ဥပဒေလမ်းကြောင်းအားလုံးမှတစ်ဆင့် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက်ဆောင်ရွက်ရန် တို့ဖြစ်သည်။
အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ
တရားမဝင်စစ်အုပ်စုသည် လွန်ခဲ့သော ငါးနှစ်အတွင်း ပြည်သူအပေါ် ရမ်းကားအကြမ်းဖက်မှုများ အကြီးအကျယ် ကျူးလွန်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှစ၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၃၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မှတ်တမ်းတင်ထားနိုင်သော အရေအတွက်များအရ အုပ်စုလိုက်သတ်ဖြတ်မှု ၅၀၁ ကြိမ်အထိ ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားပြည်သူ ၄,၈၅၃ ဦးအထိ သေဆုံးစေခဲ့သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၉,၇၉၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ထိုသို့သော အကြမ်းဖက်လုပ်ရပ်များ မှတစ်ဆင့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှု အဓမ္မဖန်တီးရယူနိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။ မဲပေးပွဲ ကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကြား ကာလ တစ်ခုထဲတွင်ပင် အတိုက်အခံများကို နှိမ်နင်းရန် ရည်ရွယ်သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၁၇၀ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)က မှတ်တမ်းတင်ထားသည်။ စစ်အုပ်စုသည် ရွေးကောက်ပွဲဆိုင်ရာ လျှို့ဝှက်လုံခြုံမှုမရှိအောင် စနစ်တကျစီမံဖျက်ဆီးခဲ့ပြီး ပြည်သူအနည်းဆုံး ၄၀၄ ဦးကို အမည်ခံ ‘ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေ’ အရ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုကာလအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာခဲ့ခြင်းက ထို ‘ရွေးကောက်ပွဲ’ သည် နိုင်ငံရေးဖြစ်စဉ် တစ်ခုမဟုတ်ပဲ စစ်လက်နက်တစ်ခုသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ထို့ပြင် စစ်တပ်သည် လိင်ပိုင်းအကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခြင်းကို စစ်ဗျူဟာ တစ်ခုအဖြစ် စနစ်တကျအသုံးချနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံချက်က အတည်ပြု ခဲ့သည်။ ဤသို့သောရက်စက်ကြမ်းကြုတ်မှုများအပြင် မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ အခြေစိုက်ရာ ဒေသတွင်းဗဟိုချက်မနေရာတစ်ခုလည်း ဖြစ်လာနေသည်။ ဆိုက်ဘာ ငွေလိမ်လုပ်ငန်းစင်တာများ နှင့် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများသည် စစ်အုပ်စုလက်အောက်တွင် ကြီးထွားလာနေပြီး စစ်အုပ်စုအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ကျော်လွှားနိုင်စေသည့် အဓိကကျသော ငွေရလမ်းတစ်ခု ဖြစ်လာနေကာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ မတည်ငြိမ်မှုများ ပြန့်နှံ့ဖြစ်ပေါ်စေလျက်ရှိသည်။ တစ်ဖက်တွင်မူ ကွဲပြားစုံလင်သော မြန်မာလူမှုအသိုင်းအဝိုင်းနှင့် ဒီမိုကရေစီတော်လှန်ရေးအစုအဖွဲ့များသည် လူထုဦးဆောင်သော အုပ်ချုပ်ရေးစနစ်ကို မြေပြင်အဆင့်မှစ၍ ရဲဝင့်စွာ တည်ဆောက်နေကြကာ ရေရှည်တည်တံ့ ခိုင်မြဲသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို တက်ကြစွာ ကိုယ်တိုင်ထုဆစ်ပုံဖော်နေကြသည်။
ဤသို့ အကြမ်းဖက်အကျပ်ကိုင်မှုများဖြင့် ပြည့်နေသည့် ရွေးကောက်ပွဲအမည်ခံ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ပြီးနောက် စစ်အုပ်စုသည် အရပ်သားမျက်နှာဖုံးစွပ်ကာ ၎င်း၏ပုံရိပ်အသစ်တစ်ခုကို ပုံဖော်လိုက်ပြီး မင်းအောင်လှိုင်မှာလည်း သမ္မတတစ်ဦးအဖြစ် မိမိကိုယ်ကို ပြန်လည်ခန့်အပ်ခဲ့သည်။ စစ်အုပ်စု၏ ‘ရွေးကောက်ပွဲ’ သည် လွတ်လပ်မျှတမှုမရှိကြောင်း လူ့အခွင့်အရေးကောင်စီက အတိအလင်း အတည်ပြု ထားပြီးသားဖြစ်သည်။ ထို့ကြောင့် UNGA သည် သံအမတ်ကြီး ဦးကျော်မိုးထွန်း ၏ အရေးပေါ် မေတ္တာရပ်ခံ တိုက်တွန်းချက်အတိုင်း အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် နှင့် ထိုမှ ထွက်ပေါ်လာသော အုပ်ချုပ်ရေး ယန္တရားများကို အသိအမှတ်ပြုမှုပေးသည့် အဓိပ္ပါယ်သက်ရောက်နိုင်သော လုပ်ဆောင်မှုများကို ရှောင်ရှားရန် မဖြစ်မနေဆောင်ရွက်ရမည်။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုမှုနှင့် ကိုယ်စားပြုခွင့် ဆိုင်ရာကိစ္စများသည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ၎င်းတို့၏ ဒီမိုကရေစီမျှော်မှန်းချက်များကို မဖြစ်မနေ ဆက်လက်ထင်ဟပ်မှုရှိရန် လိုအပ်ပြီး စစ်အုပ်ချုပ်မှုကို တရားဝင်မှု ပေးသည့် အသုံးချခံအရာတစ်ခု လုံးဝ မဖြစ်ရန်လိုအပ်သည်။ စစ်အုပ်စု၏ ယန္တရားများကို တရားဝင်မှုပေးသည့် မည်သို့သော အသိအမှတ်ပြုမှု သို့မဟုတ် ထိတွေ့ဆက်ဆံမှုမဆို လက်ရှိ ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအား ပုံမှန်အခြေအနေသဖွယ် အသားကျသွားစေနိုင်သည့် အန္တရာယ်ရှိပြီး နိုင်ငံတကကာ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေသည်။
UNGA အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို ရပ်တန့်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အား လက်နက်ပိတ်ဆို့အရေးယူမှု ချမှတ်ရန် သီးသန့်တောင်းဆိုခြင်းအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် လက်နက်ပိတ်ဆို့မှုများ ချမှတ်လာစေရေးတို့အတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပေးရန် မိမိတို့မှ UNGA အား တောင်းဆိုပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်နေသော စစ်တပ်၏ စွမ်းဆောင်ရည်ကို အထောက်အကူပြုနေသော စက်ကိရိယာများနှင့် ရန်ပုံငွေများ စီးဝင်မှုကို တားဆီးရန်အတွက်လည်း နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို မဖြစ်မနေ တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်သည်။ UNGA အနေဖြင့် မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ထောက်ပံ့မှုကို တားမြစ်ပိတ်ပင်သည့် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် UNSC သို့ တောင်းဆိုသင့်ပါသည်။
ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေခြင်းက မြန်မာစစ်အုပ်စုအား နိုင်ငံတကာဥပဒေများကို နေ့စဉ်နှင့်အမျှ ဆက်လက်ချိုးဖောက်ရန် တွန်းအားပေးရာရောက်စေပြီး လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေကို လိုက်နာရန်နှင့် ဥပဒေချိုးဖောက်မှုများကို ရပ်တန့်ရန် တောင်းဆိုထားသည့် UNGA ၏ ဆုံးဖြတ်ချက်များကို ဆယ်စုနှစ်ပေါင်းများစွာ ပယ်ချ လျစ်လျူရှုခဲ့သည်။ ယခုအခါ UNGA အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေကို အလေးထား လိုက်နာစေရန်အတွက် ယခင်ကထက် ပိုမိုပြတ်သားသော ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ အထူးသဖြင့် UNGA သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေအနေများကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေး UNSC သို့ တောင်းဆိုသင့်သည့်အပြင်၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားသည့် ကြားကာလအစီအမံများကို မြန်မာစစ်တပ်မှ ချိုးဖောက်နေခြင်းအား ကိုင်တွယ်ဖြေရှင်းရန် အတွက် အစည်းအဝေးတစ်ရပ် ခေါ်ယူပေးရန် UNSC သို့ တောင်းဆိုသင့်သည်။ ထို့ပြင် မြန်မာစစ်တပ်၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို အရေးယူရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ကျင့်သုံးဆောင်ရွက်လာမှုအပေါ် ကြိုဆိုထောက်ခံသင့်သည်။
အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ
ကုလသမဂ္ဂက တင်းကျပ်စွာ ချမှတ်ထားသည့် စစ်အုပ်စုနှင့် အနည်းဆုံးထိတွေ့ဆက်ဆံရေးဆိုင်ရာမူဝါဒကို မိမိတို့ အသိအမှတ်ပြုသော်လည်း လက်ရှိတွင် ကုလသမဂ္ဂအေဂျင်စီအချို့က ကျင့်သုံးနေသည့် လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ အလေ့အထများသည် အောက်ဖော်ပြပါ နည်းလမ်းများမှတစ်ဆင့် ကုလသမဂ္ဂက ချမှတ်ထားသော အခြခံမူများ၊ မူဝါဒများနှင့် သွေဖယ်နေလျက်ရှိကြောင်း တွေ့ရှိရပြီး ထိုအခြေအနေအပေါ် မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။
၂၀၁၉ ခုနှစ် ရိုစန်သယ်အစီရင်ခံစာ (Rosenthal Report) ထဲတွင် ရိုဟင်ဂျာ အကျပ်အတည်းအပေါ် တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးပျက်ကွက်မှုများကို ဖော်ထုတ်တင်ပြ ထားသော်လည်း ထိုအစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်မှု နှင့်ပတ်သက်ပြီး ကြီးမားသော စိုးရိမ်ပူပန်ဖွယ်ရာများ ယနေ့အချိန်အထိ ဆက်ရှိနေသည်။ ထိုအတွေ့အကြုံများကရသည့် သင်ခန်းစာများကို ကုလသမဂ္ဂစနစ်တစ်ခုလုံးတွင် အမှန်တကယ် အပြည့်အဝ ပြန်လည်ပေါင်းစပ်အကောင်အထည်ဖော်မှုရှိကြောင်း သေချာစေရန်အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ပိုမိုအားကောင်အောင် ဆောင်ရွက်ရန် လိုအပ်နေသည်။ ကုလသမဂ္ဂအေဂျင်စီများ အားလုံးသည် လူ့အခွင့်အရေး ပထမဦးစားပေးရေး ဆိုင်ရာ လုပ်ငန်းစီမံချက် (Human Rights Up Front Action Plan) ကို တင်းကျပ်စွာ ကြပ်မတ်အကောင်အထည်ဖော်ရန် လိုအပ်ပြီး ထို့အတွက် အောက်ဖော်ပြပါ အဖွဲ့တွင်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးလုပ်ဆောင်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရမည်။
အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ
တစ်ကွဲတစ်ပြားစီဖြစ်နေသော အဖွဲ့အစည်းဆိုင်ရာ ချဉ်းကပ်ပုံနည်းလမ်းများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံအတွင်း အခြေစိုက်တည်ရှိနေမှုအပေါ် စစ်ရာဇဝတ်အုပ်စုက အသုံးချအမြတ်ထုတ်ခွင့် ရလာခဲ့သည်မှာ အလွန်ကြာမြင့် လာခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂအေဂျင်စီများသည် ကုလသမဂ္ဂက ချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ကာ ကျင့်ဝတ်စံနှုန်းနှင့်အညီ တစ်သံတည်းထွက်အောင် မဖြစ်မနေဆောင်ရွက်ရမည်။
ထို့ပြင် ဆုံးဖြတ်ချက်အသစ် မချမှတ်နိုင်အောင် ဗီတိုအာဏာသုံးပိတ်ပင်မှုများ ပြုလုပ်လေ့ရှိသည့် အဖွဲ့ဝင်အချို့ ပါဝင်နေသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) ပါ ၎င်း၏ လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံး၍ မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အကြိမ်ကြိမ် ပျက်ကွက်လာခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပိုမိုပြတ်သားသော ခေါင်းဆောင်မှုကို ပြသရန် မိမိတို့အနေဖြင့် အရေးတကြီး တိုက်တွန်းတောင်းဆိုပါသည်။ UNGA သည် အကျပ်အတည်း၏ အရေးပေါ် အခြေအနေကို ထင်ဟပ်မှုရှိသော၊ အတုအယောင်ရွေးကောက်ပွဲ မှတစ်ဆင့် စစ်အုပ်ချုပ်မှုတရားဝင်မှုရရှိရေး ကြိုးပမ်းနေသည့် ပုံစံပြောင်းစစ်အုပ်စုကို ငြင်းပယ်သော၊ နိုင်ငံတကာဥပဒေ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုကို အခြေခံသည့် လူ့အခွင့်အရေးအခြေပြု ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို အားပေး ထောက်ခံသော ခိုင်မာအားကောင်းသည့် ညီလာခံသဘောတူဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချမှတ်ရန် လိုအပ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၂ ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၁၉၁ ဖွဲ့တို့က လက်မှတ်ရေးထိုးထားပါသည်။
PDF ဖိုင်ကိုရယူရန် (English I မြန်မာဘာသာ)
19 May 2026

03 July 2026

02 July 2026