18 July 2026

ဤထုတ်ပြန်ချက်သည် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိပြည်သူ့လွှတ်တော်အမတ် Dato’ Sri Saifuddin Abdullah ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Khun Kasit Piromya နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့၏ တည်ထောင်သူများဖြစ်ကြသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်း သုံးဦးတို့က ပူးတွဲထုတ်ပြန်သည့်ကြေညာချက်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၈ ရက်။ ။ ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌသက်တမ်းကာလသည် အထိန်းအကွပ်မဲ့ ဖြစ်နေပြီးအာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးMa. Theresa Lazaro သည် အကြောက်လွန်ခြင်း နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းအားနည်းခြင်းတို့ ပေါင်းစပ်ထားသည့် ဖရိုဖရဲအခြေအနေတစ်ခုဖြစ်ပေါ်အောင် ဖန်တီးနေသည်။
အထူးသံတမန် Lazaro သည် ဇူလိုင်လ ၁၂ ရက်နေ့က စစ်အုပ်စုနှင့်ရင်းနှီးသည့် ထိုင်းနိုင်ငံထဲတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စု၏ “နိုင်ငံခြားရေးဝန်ကြီး” တို့ကြား အလွတ်သဘောအစည်းအဝေးတစ်ခု ပြုလုပ်ရန် လက်ခံသဘောတူလိုက်ခြင်းအားဖြင့် မြန်မာစစ်အုပ်စု၏ လူသတ်လုပ်ရပ်များနှင့် အာဆီယံအပေါ် ဆန့်ကျင်ဖီဆန်မှုကို ဆုချီးမြှင့်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်အမြင့်ဆုံးသံတမန်တစ်ဦးဖြစ်သော Lazaro က စစ်ရာဇဝတ်မှု၏တရားခံအဖြစ်စွပ်စွဲခံထားရသော စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ထံမှ မည်သည့်လိုက်လျောမှု တစ်စုံတရာမျှရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိပဲ ထိုသို့အစည်းအဝေးပြုလုပ်ရန် သဘောတူခဲ့ခြင်းသည် နားလည်ရခက်သောလုပ်ရပ်တစ်ခုဖြစ်သည်။ စစ်အုပ်စုကအရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ထိုအစည်းအဝေးလုပ်နေသည့် အချိန်တိုလေးအတွင်းတွင်ရပ်ဆိုင်းပေးရန်ပင် Lazaro ကတောင်းဆိုခဲ့ခြင်းမရှိချေ။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၏ ထုတ်ပြန်ချက်အရ စစ်အုပ်စုသည် ဇူလိုင်လ ၁၂ ရက်နေ့က ကရင်ပြည်နယ်၊ မူတြော်ခရိုင်ကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အသက် ၈ နှစ်အရွယ် ယောက်ျားလေး ကလေးငယ်တစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။
အမြင့်ဆုံးစွမ်းဆောင်မှုအဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ပြီးနောက် ငါးနှစ်အကြာတွင် စစ်တပ်က စတင်မီးမွှေးခဲ့သော အကျပ်အတည်းတစ်ခုကို အဆုံးသတ်နိုင်ရေး ကြားပွဲစားဝင်လုပ်နေသည့် အာဆီယံသည် စစ်အုပ်စု၏မထီမဲ့မြင်ပြုမှုကြောင့် အရှက်တကွဲဖြစ်နေရချိန် မိမိမျက်နှာကို ကိုယ်တိုင် ထပ်မံအိုးမဲသုတ်ရန် ဆုံးဖြတ်ထားပုံရသည်။
အဆိုပါဘန်ကောက်အစည်းအဝေးသည် စစ်အုပ်စု၏ အကြီးတန်းအရာရှိများနှင့် အဆင့်မြင့်သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုမပြုလုပ်ရေး အာဆီယံ၏တားမြစ်ပိတ်ပင်ချက်ကို အဆုံးသတ်လိုက်သည့်လုပ်ရပ်ဖြစ်သည်။ ဤတားမြစ်ချက်ကို ဘုံသဘောတူညီချက်ငါးရပ် အတည်ပြုအပြီး စာရွက်ပေါ်က မှင်မခြောက်သေးခင်မှာပင် မင်းအောင်လှိုင်က လိုက်နာရန် ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် မြန်မာနိုင်ငံ၏ တရားဝင်သက်ဆိုင်ပါဝင်သူအစုအဖွဲ့များနှင့် ပေါင်းကူးဆက်ဆံရေး တည်ဆောက်နိုင်ရန် များစွာအားစိုက်ကြိုးပမ်းခဲ့သော မလေးရှားနိုင်ငံသည် အခြေအနေကိုနားလည်သောကြောင့် အစည်းအဝေးသို့ ရာထူးအဆင့်ပိုနိမ့်သောအရာရှိတစ်ဦးကိုသာ စေလွှတ်ခဲ့သည်။ စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan ကလည်း လာမည့်နှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရသောအခါ စင်ကာပူနိုင်ငံက လက်ဆင့်ကမ်းယူရမည့်အကျပ်အတည်းကို ကြိုမြင်သောကြောင့် ဘုံသဘောတူညီချက်ငါးရပ်၏ “ပဓာနကျမှု” နှင့် စစ်အုပ်စုဘက်က “မြင်သာသောတိုးတက်မှုများ” ရှိလာအောင် လုပ်ဆောင်ရန်လိုအပ်မှုနှင့်ပတ်သက်၍ အထူးအလေးထားပြောဆိုခဲ့သည်။
မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ အကြီးအကျယ်ပျက်ကွက်မှုကို ကမ္ဘာကြီးက သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။ လွန်ခဲ့သောသီတင်းပတ်ကပင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခြေအနေနှင့်ပတ်သက်သည့် ၎င်း၏ ဆုံးဖြတ်ချက်အသစ်ထဲတွင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို စစ်အုပ်စုဘက်က အကောင်အထည်ဖော်မှု တိုးတက်မှု ကင်းမဲ့နေသည့် အခြေအနေနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ရိုဟင်ဂျာနှင့် အခြားလူနည်းစုအုပ်စုများအပါအဝင် စုံလင်သောအရပ်ဘက်လူမှုအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာလူထုများပါဝင်သည့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် လူ့အခွင့်အရေးကောင်စီက အာဆီယံကို တောင်းဆိုခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ မနီလာြမို့တွင် ကျင်းပရန်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အခွင့်အရေးတစ်ခုအဖြစ်အသုံးချကာ မိမိကိုယ်တိုင်၏လုပ်ရပ်ကြောင့်ဖြစ်သွားသော အာဆီယံအပေါ်ထိခိုက်မှုကို ပြန်လည်ကုစားရန်နှင့် တစ်စစီကျိုးပဲ့သွားသော အာဆီယံ၏ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ဆောင်ရွက်ရမည်။ ထို့အတွက် အာဆီယံသည် စစ်အုပ်စု၏ ထိပ်ပိုင်းအရာရှိများနှင့် ထိတွေ့ဆက်ဆံမှုမပြုရေး အထွေထွေတားမြစ်ပိတ်ပင်ချက်ကို ပြန်လည်အသက်သွင်းကာ စစ်အုပ်စု၏ အကြမ်းဖက်မှုများအားလုံးရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေးနှင့် အကူအညီလိုအပ်နေသူများအားလုံးထံသို့ လူသားချင်းစာနာမှုအကူအညီများ လွတ်လပ်စွာ ပေးပို့နိုင်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝ ချက်ချင်း အကောင်အထည်ဖော်ရန် စစ်အုပ်စုကို အခိုင်အမာတောင်းဆိုရမည်။
စစ်အုပ်စု၏ ကိုယ်ပွား “လွှတ်တော်” အသစ်သည် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် အာဆီယံအနေဖြင့် နောက်ဆုံးအဆုံးအဖြတ်ပေးမည့် ရှင်းလင်းသောလုပ်ငန်းမူဘောင်အသစ်တစ်ခုကို ရေးဆွဲချမှတ်နိုင်အောင် အမြန်ဆုံး ဆောင်ရွက်သင့်သည်။ ထိုထဲတွင် ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာရန် စစ်အုပ်စုက ဆက်လက်ပျက်ကွက်ပါက တစ်ဆင့်ချင်းစီ တိုးမြှင့်အရေးယူသည့်အစီအမံများ ပါဝင်ရမည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ တရားဝင်ဒီမိုကရေစီအစုအဖွဲ့များနှင့် တရားဝင်ဆွေးနွေးတိုင်ပင်မှုများလည်း အကြိမ်ကြိမ်ပြုလုပ်သင့်သည်။ ၎င်းတို့သည် မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒနှင့်မျှော်မှန်းချက်များကိုအခြေခံ၍ ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖွေနိုင်ရေး စီစဉ်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေညာထားပြီးဖြစ်သည်။ ထိုအစည်းအဝေးများကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အဖွဲ့ဝင်များအားလုံး၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ပြည်ပရောက်အစုအဖွဲ့များအပါအဝင် မြန်မာအရပ်ဘက်လူမှုအသိုင်းအဝိုင်းနှင့် လူနည်းစုလူမှုအသိုင်းအဝိုင်းကိုယ်စားလှယ်များအားလုံး တစ်စုတစ်စည်းတည်း တက်ရောက်ပါဝင်နိုင်အောင် ဆောင်ရွက်သင့်သည်။
တစ်နိုင်ငံလုံး စစ်မီးတောက်နေပြီး စစ်အုပ်စုက ခြေကုပ်ခိုင်မာလာအောင်ဆောင်ရွက်နေချိန် မြန်မာနိုင်ငံပေါ် အာဆီယံ၏ပျက်ကွက်မှုက အာဆီယံအစုအဖွဲ့၏ တည်တံ့ခိုင်မြဲမှုအပေါ် လေးလေးနက်နက် မေးခွန်းထုတ်စရာဖြစ်စေသည်။ လာမည့်အပတ်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အားလုံးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်ဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေသည်။ မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အာဆီယံကိုယ်တိုင်၏ အနာဂတ်သည် ထိုအစည်းအဝေးအပေါ် မူတည်နေသည်။
Dato’ Sri Saifuddin Abdullah
Khun Kasit Piromya
Marzuki Darusman
Yanghee Lee
Chris Sidoti

20 July 2026