24 June 2026

ဇွန် ၂၄ ၊၂၀၂၆
နိုင်ငံတကာ သတင်းဌာနတွေအနေနဲ့ အကြမ်းဖက် မင်းအောင်လှိုင် ကို နိုင်ငံတော်သမ္မတလို့ ညွှန်းဆိုပြီး သုံးနှုန်းနေတာတွေကို ရပ်တန့်သင့်ပြီလို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ရဲ့ ဒေါ်ခင်ဥမ္မာ က သတိပေး ပြောကြားလိုက်ပါတယ်။
“မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတတဦး မဟုတ်ပါ။ ဒါကြောင့် Reuters, Associated Press, Agence France-Presse, DW နဲ့ Al Jazeera English တို့က ၎င်းအား သမ္မတတဦးအဖြစ် ရည်ညွှန်း ခေါ်ဆိုနေခြင်းကို ရပ်တန့်သင့်တယ်” လို့ ဒေါ်ခင်ဥမ္မာ ရဲ့ ပြောကြားချက်ကို Progressive Voice က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က Reuters သတင်းတပုဒ်မှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က “မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ” ကို သူတို့နှစ်ဦး ပေကျင်းမှာတွေ့ဆုံစဉ် အားပေးထောက်ခံလိုက် တယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီမတိုင်ခင် နှစ်ပတ်ခန့် မေလ ၂၈ ရက်နေ့ကလည်း “မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတ” စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံး ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မယ့် အကြောင်း Reuters သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။
“ဒီလုပ်ရပ်က ကမ္ဘာ့ဩဇာအကြီးဆုံး သတင်းဌာနတွေထဲက တခုက မင်းအောင်လှိုင် စတင်ခဲ့တဲ့ ငါးနှစ်တာ လေကြောင်း တိုက်ခိုက်မှုတွေ၊ အစုလိုက်သတ်ဖြတ်မှုတွေ၊ အစုလိုက် ဖမ်းဆီးအကျဉ်းချမှု တွေနဲ့ ကမ်းကုန်အောင် ဆိုးသွမ်းခဲ့တဲ့အကြမ်းဖက်မှုတွေကို လျစ်လျူရှုကာ သူလိုချင်နေတဲ့ တရားဝင်မှုကို အလွယ်တကူ ပေးလိုက်တဲ့ လုပ်ရပ်တခု ဖြစ်တယ်” လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်ချုပ်မှုကို အသားကျသွားစေနိုင်တဲ့ ဒါမှမဟုတ် တရားဝင်မှု ပေးရာရောက်စေတဲ့ အဲဒီလိုတရားဝင် ထိတွေ့ဆက်ဆံမှု ပြုလုပ်တဲ့အကျိုးသက်ရောက်မှုတွေကို သေချာစွာ ချိန်ဆဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယအစိုးရထံ စာရေးသား တောင်းဆိုခဲ့ပါတယ်။
မီဒီယာအရေးအသားတွေက အဲဒီယန္တရားရဲ့အစိတ်အပိုင်း တခုဖြစ်သလို မည်သည့် အထူးပြုညွှန်းဆို ချက်မှမပါဘဲ “နိုင်ငံတော်သမ္မတ မင်းအောင်လှိုင်”လို့ သုံးနှုန်းတဲ့ ရေးသားပြောဆိုမှုမှန်သမျှက ရှေ့လျှောက် အကြမ်းဖက် မင်းအောင်လှိုင် နဲ့ လက်ဆွဲနှုတ်ဆက်တဲ့ လုပ်ရပ်မှန်သမျှအတွက် ဆင်ခြေပေးရ ပိုမို လွယ်ကူသွားစေပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုလက်အောက်က နိုင်ငံရဲ့နယ်နမိတ်အများစုကို တိုက်ယူပြီး ဖက်ဒရယ်ဒီမိုကရေစီကို မြေပြင်မှ အဆင့်ဆင့် တည်ဆောက်လာခဲ့ကြတဲ့ မြန်မာပြည်သူတွေကို စကားထဲထည့်မပြော၊ ထည့်မတွက်ပဲ ဖယ်ထုတ်လိုက်ရာ ရောက်တယ်လို့ ရှေ့ပြေးအသံ(Progressive Voice)အဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ထောက်ပြထားပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတတဦး လုံးဝ(လုံးဝ) မဟုတ်ဘဲ ရာထူးဂုဏ်ပုဒ်တခုကို ခိုးယူထားတဲ့ စစ်ရာဇဝတ်တရားခံတဦး ဖြစ်တာကြောင့် သူ့ကိုအမှန်အတိုင်းသာ အမည်တပ် ခေါ်ဆိုပါလို့ Progressive Voice အဖွဲ့တည်ထောင်သူဒေါ်ခင်ဥမ္မာက အသိပေး ပြောကြားထားပါတယ်။
See the original post.

23 July 2026

08 July 2026