၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ကာလအတွင်း ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံခဲ့ရမှုများ

၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ကာလအတွင်း ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံခဲ့ရမှုများ

၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်းတွင် ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်ကျင်းပသည့် ပထမဆုံး ‌ရွေးကောက်ပွဲ ဖြစ်သည်။ ဤရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြား အကောင်အထည်ဖော်ခဲ့သည်။ ပထမပိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် မြို့နယ် (၁၀၂) မြို့နယ်တွင်လည်းကောင်း၊ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မြို့နယ် (၁၀၀) တွင်လည်းကောင်း၊ တတိယပိုင်းကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် မြို့နယ် (၆၃) မြို့နယ်တွင် လည်းကောင်း ပြုလုပ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဤအတုအယောင် ရွေးကောက်ပွဲကို ပါတီစုံ ဒီမိုကရေစီ လုပ်ငန်းစဉ်အဖြစ် ရည်ညွှန်းခဲ့သော်လည်း လက်တွေ့တွင်မူ ရွေးကောက်ပွဲကာလ မစတင်မီထဲက လူထု
အပေါ် အကြမ်းဖက်မှု၊ မတရားသဖြင့် ဖမ်းဆီးဖိနှိပ်မှုများ ပြုလုပ်ခဲ့ပြီး မီဒီယာဖိနှိပ်မှုများလည်း စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီ (၈၄) ခုကို ဖျက်သိမ်းခဲ့ပြီး စစ်တပ်က လက်ခံထားသော ပါတီ (၆၃) ခုကို သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲကို ဘေးကင်းလုံခြုံသည်ဟု စစ်တပ်က ယူဆထားသည့် နေရာဒေသများတွင်သာ အဓိက ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် မဲဆန္ဒနယ် အနည်းဆုံး (၁၂၁) မြို့နယ်ခန့်ကို ချန်လှပ်ထားခဲ့ရသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကဲ့သို့ ပဋိပက္ခပြင်းထန်ရာ ဒေသများတွင် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သော်လည်း မဲပေးခွင့် အလွန်နည်းပါးခဲ့သည်။ ချင်းပြည်နယ်တွင် (၉) မြို့နယ်ရှိသည့် အနက် (၂) မြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် (၁၇) မြို့နယ်ရှိသည့်အနက် အနက် (၃) မြို့နယ်တွင်သာ ရွေးကောက်ပွဲများကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း မြို့နယ်အရေအတွက်မှ ၂၅ ရာခိုင်နှုန်းအောက်တွင်သာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ ဤအချက်က လူထုအများအပြား ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရခဲ့ကြောင်း သိသာထင်ရှားနေသည်။

အတုအယောင်ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အတိုက်အခံ မရှိဘဲနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမတ်နေရာ (၁,၀၂၅) နေရာအနက် (၇၃၉) နေရာ အနိုင်ရရှိကာ (၇၂) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

တချိန်တည်းမှာပင် စစ်တပ်သည် ၂၀၀၈ အခြေခံဉပဒေပါ အားသာချက်များကို ဆက်လက်ဆွဲကိုင်ထားခြင်းဖြင့် ၎င်း၏ နိုင်ငံရေးအရ တရားဝင်မှုကိုပါ ရရှိရန် ကြိုးစားခဲ့သည်။ လူထုမှ မဲပေးရွေးခြယ်ပြီးနောက်တွင် လွှတ်တော်အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို အခြေခံဉပဒေအရ စစ်တပ်ကိုယ်စားလှယ်များကအလိုအလျောက် ရရှိမည်ဖြစ်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ လွှမ်းမိုးနိုင်စွမ်းကို ကန့်သတ်ထားသည်။ အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားသည့် (၇၃၉) နေရာနှင့် အခြေခံဉပဒေအရ ရရှိမည့် ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်များ၏ နေရာနှင့် ပေါင်းလိုက်ပါက လွှတ်တော်အတွင်းတွင် စစ်တပ်၏ သြဇာလွှမ်းမိုးမှုမှာ အကြွင်းမဲ့နီးပါးဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဤအတုအယောင် ရွေးကောက်ပွဲသည် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရန် အမှန်တကယ် ရည်ရွယ်ခြင်းမဟုတ်ဘဲ စစ်တပ်အတွက် အားသာချက် ရှိနေပြီးဖြစ်သည့် ၂၀၀၈ အခြေခံဉပဒေပါ ပြဌာန်းချက်များကို အကာအကွယ်ယူကာ စစ်တပ်အာဏာတည်မြဲရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပနေသည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့သော်လည်း ရွေးကောက်ပွဲကာလအတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများတွင် ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီးနောက်ကာလများအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုကာလအတွင်းပင် ပါရာမော်တာအသုံးပြု တိုက်ခိုက်မှုများနှင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရစေသော ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။ ရွေးကောက်ပွဲကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု (၄၀၈) ကြိမ်ရှိခဲ့ပြီး အရပ်သား (၁၇၀) ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ ပြင်းထန်စွာ ချိုးဖောက်ခံခဲ့ရသည်ကို တွေ့ရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို အကာအကွယ်ပေးရန်အတွက် လူထု၏အသံကို နည်းလမ်းမျိုးစုံဖြင့်ပိတ်ဆို့ခဲ့သည်။တက်ကြွလှုပ်ရှားသူများ၊ဆန္ဒပြခေါင်းဆောင်များ၊ ကျောင်းသားများ၊အနုပညာရှင်များသာမက အရပ်သားပြည်သူများပါ လူမှုကွန်ယက်တွင် ထင်မြင်ယူဆချက်များကို ဖော်ပြခြင်းနှင့် မှတ်ချက်ပေးခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့အပြင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်လက်ကမ်းစာစောင်များဝေငှခြင်းနှင့်ဆန့်ကျင် ပြောဆိုခြင်းကဲ့သို့သော ငြိမ်းချမ်းစွာ ဖော်ပြသည့် ဆန္ဒထုတ်ဖော်မှုများအတွက်ပင် ပြင်းထန်သော ပြစ်ဒဏ်များချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

ဖမ်းဆီးခံရသူများမှ အချို့မှာ နေ့စဉ်ပုံမှန်အပြုအမူများဖြစ်သည့် လူမှုကွန်ယက် ဖော်ပြချက်များကို တုံ့ပြန်မှု (reaction) ပေးခြင်း၊ စနောက်သည့်ဖော်ပြချက် (post) များ တင်ခြင်းတို့ကြောင့် ဆယ်စုနှစ်များစွာအထိ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသည်။ ဤမတရားဖမ်းဆီးမှုများသည် ရွေးကောက်ပွဲကိုကာကွယ်ရန် အဓိကရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ နိုင်ငံရေး သဘောထားကွဲလွဲမှုကို နှုတ်ဆိတ်စေရန်နှင့် လူထု၏ နိုင်ငံရေးနှင့် စစ်တပ်အပေါ် ထင်မြင်ယူဆချက်ကို ထိန်းချုပ်ရန် ဉပဒေကို အသုံးပြုခဲ့ကြောင်း ပြသနေသည်။ ပြည်သူလူထုဘက်မှ ကြည့်မည်ဆိုပါက ဖိအားပေးခံရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းများကြောင့် မိမိတို့၏ နိုင်ငံရေး အမြင်များကို ဖော်ပြခြင်းသည် အန္တရာယ်ရှိသည်ဟူသည့် အတွေးအမြင် ဖြစ်ပေါ်လာသည့် အခြေအနေကို ဖန်တီးထားသည်။ စစ်တပ်၏ စနစ်တကျ ဖိနှိပ်မှုများကြောင့် ရွေးကောက်ပွဲအပေါ် လူထု၏ထင်မြင် ယူဆချက်များကို လွတ်လပ်စွာမျှဝေခွင့်၊ ဝေဖန်ခွင့်များ မရတော့ဘဲ ကျင်းပခဲ့သည့် အချက်များက အတုအယောင် ရွေးကောက်ပွဲဟု ထပ်လောင်းဆိုနိုင်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဤရွေးကောက်ပွဲကို စစ်ကောင်စီက စီစဉ်ကျင်းပသော အတုအယောင် ရွေးကောက်ပွဲ (sham election) တရပ်အဖြစ် တရားဝင်မှုမရှိသော၊ လှည့်ဖြားမှုပါဝင်သော ရွေးကောက်ပွဲဟု ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချထားသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဤရွေးကောက်ပွဲကို ဖိအားနှင့် အကြမ်းဖက်မှုများအောက်တွင် ပြုလုပ်သည့်လုပ်ဇာတ်ရွေးကောက်ပွဲဟု ဖော်ပြကာ ရလဒ်များကို လက်မခံသင့်ကြောင်း တိုက်တွန်းထားသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဉရောပသမဂ္ဂနှင့် သြစတြေးလျတို့ကလည်း ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံပါတီများ ဖယ်ရှားခံထားရခြင်းနှင့် ဖိနှိပ်မှုများ ပြင်းထန်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် ဤရွေးကောက်ပွဲကို လွတ်လပ်မှု၊ မျှတမှုနှင့် တရားဝင်မှုကင်းမဲ့သော လုပ်ငန်းစဉ်အဖြစ် ဝေဖန်ရှုံ့ချခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် လူထုပါဝင်ခွင့်ရှိသည့် ကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးမှုများ မရှိသရွေ့ ရွေးကောက်ပွဲများကို မထောက်ခံနိုင်ကြောင်း ထောက်ပြထားသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကလည်း ဤရွေးကောက်ပွဲသည် ဒီမိုကရေစီပုံစံကို ဖန်တီးပြသရန် ရည်ရွယ်သည့် လှည့်ဖြားမှုတရပ်သာဖြစ်ကြောင်း ထောက်ပြကြသည်။ ၎င်းအပြင် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြား လေ့လာစောင့်ကြည့်သူ အဖွဲ့အစည်းများက စစ်တပ်၏ အကြမ်းဖက်မှု၊ ဖမ်းဆီးမှုများနှင့် လူထု၏ လွတ်လပ်ခွင့် မရရှိခြင်းအပေါ် စိုးရိမ်မှုများ ထုတ်ဖော်ခဲ့ကြသည်။ 12 သို့ဖြစ်ရာ အာဏာသိမ်းစစ်တပ်၏ ဟန်ပြရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တရားဝင်အသိအမှတ်ပြုမှုကို မရရှိခဲ့ရုံမျှမက၊ စစ်အာဏာ ရှင်စနစ်ရေရှည် တည်မြဲရေးကိုသာ ဦးတည်နေသည့် အန္တရာယ်ရှိသော လုပ်ရပ်တခုဖြစ်ကြောင်း ကျယ်ပြန့်စွာရှု့မြင်ခံရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကို ဝေဖန်ကန့်ကွက်မှုများအပေါ် ဖမ်းဆီးအရေးယူမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုသို့ အရေးယူရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ‘ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဉပဒေ” ကို အဓိကလက်နက်သဖွယ် အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ စစ်တပ်က ၎င်းဉပဒေ ၏ ရည်ရွယ်ချက်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏ လုပ်ငန်းဆောင်တာများအား အနှောင့်အယှက်များမှ ကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။ လက်တွေ့တွင်မူ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို ပစ်မှတ်ထားနှိမ်နင်းရန် ဉပဒေပြဌာန်းထားခြင်းဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန်နှင့် ခိုင်မာစေရန် ရည်ရွယ်ထားခြင်းသာဖြစ်သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေသည် စစ်တပ်၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည့် ဝေဖန်မှု၊ ပြောဆိုမှုများနှင့် ဟောပြောစည်းရုံးမှုသို့မဟုတ်ဆန္ဒပြမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပြီးအဆိုပါ ချိုးဖောက်မှုများအတွက် ထောင်ဒဏ် (၂၀) နှစ်အထိ သို့မဟုတ် သေဒဏ်အထိ ပြစ်ဒဏ်များ ချမှတ်နိုင်သည်။


အစီရင်ခံစာအပြည့်အစုံရယူရန် (မြန်မာဘာသာ)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia