9 May 2026

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့၊ စစ်အာဏာရှင်ရဲ့ ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံ ဒေသတွင်း မဟာမိတ်တွေက တောင်းဆိုလိုက်ပါတယ်။
(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ မေ ၈ ရက်မှ ၉ ရက်အထိ ကျင်းပနေစဉ်အတွင်း စည်းလုံးညီညွတ်ရေးလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းမဟာမိတ်တွေက စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
အာဆီယံဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မဖြစ်သင့်ကြောင်း၊ အာဆီယံဟာ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့ မဟာမိတ်အဖွဲ့တွေက စီဘူး ကြေညာစာတမ်းထုတ်ပြန် တိုက်တွန်းပါတယ်။
ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံက ဖယ်ရှားပြီး မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ တရားမဝင်တဲ့ မသမာမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွေကို ရှုတ်ချတယ်လို့လည်းဆို ပါတယ်။
အဆိုပါ ရွေးကောက်ပွဲအတွင်း စစ်တပ်က အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု ၃၀၈ ကြိမ် အပါအဝင် တိုက်ခိုက်မှုပေါင်း ၁,၂၈၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၈၁ ယောက်ကို သတ်ဖြတ်ခဲ့သလို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ လူပေါင်း ၄၀၄ ယောက်ကို ဖမ်းဆီး တရားစွဲဆိုတာကိုလည်း ရှုတ်ချထားပါတယ်။
အာဆီယံနဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ စစ်အုပ်စုက တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတဲ့ အဆိုပါ ရွေးကောက်ပွဲအတုမှ ထွက်ပေါ်လာတဲ့ အဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ် တွေကို ငြင်းပယ်ဖို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမည်ပြောင်းထားတဲ့ စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖြားမှုတွေကို အယုံအကြည်မရှိဖို့ တိုက်တွန်းထားပါတယ်။
စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေတဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ အရင်းအမြစ် စီးဆင်းမှုကို ရပ်တန့်စေဖို့ အာဆီယံအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့လည်း ဒေသတွင်းမဟာမိတ် တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
အာဆီယံထိပ်သိမ်းအစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ်မှာ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။




မူရင်း original post.
19 May 2026