24 April 2026

သို့ – အာဆီယံခေါင်းဆောင်များ
H.E. Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah – ဝန်ကြီးချုပ်၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ
H.E. Hun Manet – ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ
H.E. Prabowo Subianto Djojohadikusumo – သမ္မတ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ
H.E. Sonexay Siphandone – ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
H.E. Datuk Seri Anwar Ibrahim – ဝန်ကြီးချုပ်၊ မလေးရှားနိုင်ငံ
H.E. Ferdinand Romualdez Marcos, Jr. – သမ္မတ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ
H.E. Lawrence Wong – ဝန်ကြီးချုပ်၊ စင်ကာပူသမ္မတနိုင်ငံ
H.E. Anutin Charnvirakul – ဝန်ကြီးချုပ်၊ ထိုင်းဘုရင့်နိုင်ငံ
H.E. José Manuel Ramos-Horta – သမ္မတ၊ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
H.E. Le Minh Hung – ဝန်ကြီးချုပ်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ
မိတ္တူ – ဒူဝါလရှီးလ – ယာယီသမ္မတ၊ မြန်မာနိုင်ငံ
၂၀၂၆ ခုနှစ်၊ ဧပြီလ၂၄ ရက်
အကြောင်းအရာ။ ။မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများအား အဆုံးသတ်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရန်နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ စတင်လက်တွေ့ အကောင် အထည်ဖော်ရန် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့အစည်းများက အာဆီယံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ
လေးစားအပ်ပါသော ဂုဏ်သရေရှိ အစိုးရအကြီးအကဲများ ရှင့်/ခင်ဗျား
မြန်မာစစ်တပ်က ဖန်တီးထားသော အထွေထွေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကွဲပြားစုံလင်သော မြန်မာပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိသော အနာဂတ်တစ်ခု တည်ဆောက်နိုင်အောင် ပံ့ပိုးကူညီပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထံသို့ မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀၁ ဖွဲ့မှ အောက်ပါအတိုင်း အကြံပြုတင်ပြချက်များ ပေးပို့လိုက်ပါသည်။
၂၀၂၆ ခုနှစ် မတ်လ သည် ဖေဖော်ဝါရီ ၂၀၂၁ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း အရပ်သား ထိခိုက်သေဆုံးမှုအများဆုံး လတစ်လ ဖြစ်ခဲ့သည်။ စစ်အုပ်စုသည် ၂၀၂၆ ခုနှစ် မတ်လ တစ်လထဲတွင်ပင် အရပ်သားပြည်သူနှင့် တိုက်ပွဲဝင်စစ်သည်မဟုတ်သူ ၅၁၈ ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် အောက်ပါ လက်တွေ့လုပ်ဆောင်ချက်များကို အရေးပေါ်ဆောင်ရွက်ရန် ပိုမိုအရေးတကြီး လိုအပ်လာနေသည်။
၁။ စစ်အုပ်စု၏ တရားမဝင် နိုင်ငံရေးယန္တရားနှင့် အစုအဖွဲ့အမျိုးမျိုးကို အသိအမှတ်ပြုမှု ငြင်းပယ်ခြင်း
ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုနှင့် ကန့်သတ်ပိတ်ပင်မှု များစွာအောက်တွင် ကျင်းပခဲ့သည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ် တရားဝင်မှု ပျက်ပြယ်ကြောင်း အာဆီယံမှ တရားဝင် ကြေညာရမည်။ ဆန္ဒမဲပေးသူ ၁၀.၅ သန်းခန့် ချန်လှပ်ခံခဲ့ရပြီး ၁၁ သန်းခန့်က ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက် ခဲ့ကြသည်။ ဆန္ဒမဲအရေအတွက်သည် စစ်တပ်က ပယ်ဖျက်ရန် ကြိုးစားခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲအရေအတွက်၏ တဝက်ခန့်သာ ရှိခဲ့သည်။ အာဆီယံသည် စစ်တပ်ဦးဆောင်သော ဟန်ပြအစိုးရ၊ လွှတ်တော်နှင့် ထိုမှထွက်ပေါ်လာမည့် ကိုယ်စားလှယ်များကို တရားဝင်မှု ငြင်းပယ်ရမည်။ ထို့ပြင် အာဆီယံသည် စစ်အုပ်စု ကိုယ်စားလှယ်များကို မည်သည့် အာဆီယံ အစည်းအဝေးကိုမျှ တက်ရောက်ခွင့်မပြုပဲ ပိတ်ပင်ရမည်။ စစ်အုပ်စုက “လွှတ်တော်” ခေါ်ယူကျင်းပခဲ့သော မတ်လ ၂၀၂၆ ခုနှစ်သည် လွန်ခဲ့သော ငါးနှစ်ကျော်ကာလအတွင်း လူအသေအပျောက် အများဆုံးလတစ်လ ဖြစ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။
၂။ ဒေသခံများဦးဆောင်သော နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေး ယန္တရားများကို ပံ့ပိုးကူညီခြင်း
စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ထိခိုက်နစ်နာသောပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီ မဝင်ရောက်နိုင်အောင် ပိတ်ပင်မှုများကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း ထိုအခြေအနေများအကြောင်း ထုတ်ဖော်သတိပေးထားရာ ဤအကျပ်အတည်းကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူ ၃.၇ သန်းကျော်ရှိပြီး စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ကပ်ဘေးအဆင့်အထိ ကြီးကြီးမားမား ဆက်ရှိနေကာ ၂၀၂၆ ခုနှစ်တွင် ခန့်မှန်းခြေပြည်သူ ၁၂ သန်း ပေါ်အထိ သက်ရောက်မှုရှိနေသည်။ ၂၀၂၂ ခုနှစ်မှစ၍ တိုက်ခိုက်ခံခဲ့ရသော ကျန်းမာရေး အဆောက်အအုံ ၁,၈၅၃ ခန့်ရှိပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့သည်။ စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသတွင်း လူသားလုံခြုံမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် သက်ရောက်မှုသာ ဖြစ်လာစေခဲ့သည်။ အောက်ပါအချက်များကို အကောင်အထည်ဖော်ရန် အာဆီယံကို မိမိတို့ တိုက်တွန်းတောင်းဆိုပါသည်။
၃။ လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားဆီးရန် အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း
အရပ်ဘက်ပစ်မှတ်များကို လေကြောင်းနှင့် အခြားနည်းလမ်းဖြင့် မရပ်မနားတိုက်ခိုက်မှုများ ဆက်ရှိနေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မြို့နယ် ၃၃၀ အနက် ၃၂၈ မြို့နယ်တွင် အရပ်သားပြည်သူများကို ထိခိုက်စေသော နှင့်/သို့မဟုတ် ပစ်မှတ်ထားသော လက်နက်ကိုင် တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ ၆၅,၉၇၈ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး အရပ်သားပြည်သူ ၁၇,၈၇၁ ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်။[1] စစ်အုပ်စုသည် လေယာဉ်ဖြင့် တိုက်ခိုက်မှု ၇,၃၃၀ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁,၃၀၅ ကြိမ်၊ စက်တပ်လေထီးဖြင့် တိုက်ခိုက်မှု ၈၂၀ ကြိမ်နှင့် အပေါ့စားရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ၃၃၉ ကြိမ် အပါအဝင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ၉,၇၉၄ ကြိမ်အထိ လုပ်ဆောင်ခဲ့သည်။[2] ထိုတိုက်ခိုက်မှုများအတွင်း မှတ်တမ်းတင်ထားနိုင်သည့် သေဆုံးသူအရေတွက် ၄,၈၅၃ ဦးရှိပြီး စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာနေရာများ နှင့် မရေမတွက်နိုင်သော လူနေအိမ်များ အပါအဝင် အရပ်ဘက်အဆောက်အအုံ ၁,၂၀၀ ကျော် ပျက်စီးခဲ့ရသည်။ အာဆီယံအနေဖြင့် ပဋိပက္ခလျော့ချရန် အမှန်တကယ် လိုလားပါက အောက်ပါတို့ကို ဆောက်ရွက်ရန် လိုအပ်သည်။
၄။ နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများကို ပံ့ပိုးကူညီခြင်း
ဆိုးရွားသော နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများကို ကိုင်တွယ်နိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့် အာဏာကို ကျင့်သုံးလိုက်သည့် တီမောလက်စ်တေနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ကြိုးပမ်းအားထုတ်မှုများ အပါအဝင် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ကမကထပြု ကြိုးပမ်းအားထုတ်မှုများကို တက်ကြွစွာ အားပေးပံ့ပိုးကူညီသင့်သည်။ ဤလုပ်ဆောင်ချက်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး၊ အများပြည်သူယုံကြည်မှု တည်ဆောက်ရေးနှင့် ရာဇဝတ်မှုများ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန် တားဆီးရေးအတွက် မရှိမဖြစ်လိုအပ်သည်။ အာဆီယံသည် ILO ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၃၃ အရ ချမှတ်ခဲ့သော အဓမ္မတပ်သားသစ် စုဆောင်းခြင်း၊ စစ်တပ်ထိန်းချုပ်နယ်မြေများတွင် အတင်းအကျပ်ခိုင်းစေခြင်းနှင့် ငွေလိမ်စင်တာများတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း အပါအဝင် ပဋိပက္ခနှင့်ဆက်နွှယ်သော အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ ILO ၏ ဇွန်လ ၂၀၂၅ ခုနှစ် ဆုံးဖြတ်ချက်ကို ကတိကဝတ်ပြု အားစိုက် အကောင်အထည်ဖော်ရမည်။
၅။ အားလုံးပါဝင်မှုရှိသော တရားဝင် နိုင်ငံရေးဖြစ်စဉ်ကို အားပေးပံ့ပိုးခြင်း
စစ်မှန်သော အားလုံးပါဝင်မှုရှိမှုနှင့် ဂုဏ်သိက္ခာရှိသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်စေရန်နှင့် ထိုဖြစ်စဉ်အပေါ် အများယုံကြည်စိတ်ချမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိလာစေရန်အတွက် အာဆီယံအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် မိမိတို့ တောင်းဆိုပါသည်။
မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ်တွင် တရားမဝင် အကြမ်းဖက်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အာဆီယံသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၄ ရက်နေ့တွင် ဘုံသဘောတူချက် (၅) ရပ်ကို အတည်ပြု ချမှတ်ခဲ့သည်။ ထိုနောက်ပိုင်း ၅ နှစ်အကြာ လက်ရှိအချိန်အထိတိုင် အာဆီယံ၏ တုန့်ပြန်မှုများသည် မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် လုံးဝလုံလောက်မှု မရှိချေ။ မင်းအောင်လှိုင်မှ ဘုံဘောတူချက် (၅) ရပ်ကို ဂျာကာတာတွင် လက်မှတ်ရေးထိုး ပြီးကတည်းက စစ်အုပ်စုသည် ထိုသဘောတူချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံရေးစိတ်ဆန္ဒရှိကြောင်း လုံးဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ ထိုအစား စစ်အုပ်စုသည် ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်ဖြင့် အကြမ်းဖက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့ပြီး တချိန်တည်းတွင် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို အမြတ်ထုတ်ကာ ၎င်း၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုလုပ်ရပ်နှင့် အသားကျသွားစေရန် နှင့် နိုင်ငံရေး တရားဝင်မှုကို လိမ်ညာဖန်တီးရယူရန် ကြိုးပမ်းလာခဲ့သည်။ မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေလျက်ရှိရာ လေးနက်သော အကောင်အထည်ဖော်မှု၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် အားလုံးပါဝင်မှု မရှိသည့် အာဆီယံ၏ ဘုံသဘောတူချက် (၅) ရပ် သည် မြန်မာစစ်တပ်၏ အရေးလုပ်ခြင်းမခံရသည့် အသက်မဝင်သော စာတစ်စောင်အဖြစ်သာ ဆက်ရှိနေသည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ပြီး ၎င်းတို့ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြသခဲ့သည့် ယခင် မလေးရှားဥက္ကဋ္ဌလက်ထက်တွင် အာဆီယံ၏ ကျင့်ဝတ်စံနှုန်းခိုင်မာသော ရပ်တည်မှုကို မိမိတို့ ကြိုဆိုပါသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် အာဆီယံ၏ တုန့်ပြန်ဆောင်ရွက်မှုများက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် အရေးကြီးသော ခြေလှမ်းများ ဖြစ်သည်။
အလားတူ လက်ရှိ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်ဥက္ကဋ္ဌ လက်ထက်တွင်လည်း ပိုမိုအားကောင်းသော ခေါင်းဆောင်မှု၊ မူဝါဒခိုင်မြဲမှုနှင့် လုပ်ဆောင်ချက် ပြတ်သားမှုရှိအောင် အခိုင်အမာဆောင်ရွက်ရန် မိမိတို့ တောင်းဆိုပါသည်။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကိုသာမက မကြာသေးမီက နေပြည်တော်တွင် ဖွဲ့စည်းလိုက်သော တရားမဝင် အစိုးရယန္တရားများကိုပါ တရားဝင်လူသိရှင်ကြား ဆက်လက် ငြင်းပယ်ထားခြင်းအားဖြင့် မလေးရှား လက်ထက်တွင် ချမှတ်ခဲ့သော အစဉ်အလာကို ပိုမိုခိုင်မာအောင် ဆက်လက်တည်ဆောက်ရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နှင့် အထူးသံတမန် မာရီယာထရီဇာလာဇာရို ကို မိမိတို့ တိုက်တွန်းပါသည်။ ထိုအစား ဖိလိစ်ပိုင်သည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် လူ့အခွင့်အရေး၊ တာဝန်ယူမှုတာဝန်ခံမှု၊ တရားမျှတမှုနှင့် အများပါဝင်မှုကို အခြေခံသည့် လူထုဗဟိုပြုချဉ်းကပ်ပုံ နည်းလမ်းကို ပိုမိုအားကောင်းအောင် အဓိကအားစိုက် ဆောင်ရွက်သင့်သည်။
ဤချဉ်းကပ်ပုံ နည်းလမ်းအတွက် အဓိကအကျဆုံး လုပ်ဆောင်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ပြတ်ပြတ်သားသား ဖိအားပေးတောင်းဆိုပေးခြင်း ဖြစ်သည်။
လေးစားအပ်ပါသော ဂုဏ်သရေရှိ အစိုးရအကြီးအကဲများ ရှင့်/ခင်ဗျား
၂၀၂၆ ခုနှစ် အခြေအနေသည် အာဆီယံ၏ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များကို လည်းကောင်း၊ လူထုဗဟိုပြု အာဆီယံဖြစ်ရေး ကတိကဝတ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာပြည်သူလူထုကို ဥပဒေအရရော ကျင့်ဝတ်အရပါ အကာအကွယ်ပေးရမည့် အာဆီယံ၏ ဝတ္တရားများကို လည်းကောင်း တိုက်ရိုက်စိန်ခေါ်မှုများ ဖြစ်စေသည့် အလွန်အရေးကြီးသော အချိုးအကွေ့ကာလတစ်ခုကို ထင်ဟပ်ဖော်ပြနေသည်။
စစ်အုပ်စုသည် အလိမ်အညာများ၊ အကြမ်းဖက်မှုများနှင့် ကန့်သတ်ပိတ်ပင်မှုများဖြင့် ပြည့်နက်နေသော ၎င်း၏ အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ကျင်းပခဲ့ပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသော စစ်တပ်အရာရှိများနှင့် သစ္စာခံများက ကြီးစိုးထားသော လွှတ်တော်ယန္တရားများကို တည်ဆောက်ရန် ဆက်လက် ဆောင်ရွက်လာခဲ့သည်။ ၎င်းသည် “အရပ်သားအစိုးရ” အရေခြုံထားသည့် စစ်အုပ်ချုပ်မှု တရားဝင် အမြစ်တွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ စီမံထားသော ဗျူဟာတစ်ခုဖြစ်သည်။
တချိန်တည်းတွင် မြန်မာနိုင်ငံ၏ လူသားလုံခြုံရေး အရေးပေါ်အခြေအနေများသည် ဒေသတွင်း လုံခြုံရေးပြဿနာများနှင့် ပေါင်းစပ်မိကာ ပိုမိုကြီးထွားလာနေသည်။ စစ်အုပ်စု ထိန်းချုပ်နယ်မြေများသည် လူကုန်ကူးမှုများ နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ အခြေစိုက်ရာ ဗဟိုချက်မ နေရာများ ဖြစ်လာနေပြီး အာဆီယံပြည်သူများကို တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်စေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်စေလျက်ရှိသည်။
အာဆီယံ၏ လက်ရှိ ချဉ်းကပ်ပုံနည်းလမ်းကို မိမိတို့ အထူးစိုးရိမ် ပူပန်မိပါသည်။ လက်ရှိချဉ်းကပ်ပုံသည် –
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်တွင် ပါရှိထားသည့်အတိုင်း အကြမ်းဖက်မှုရပ်စဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်ရုံသာမက အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးအဖြေတစ်ခု ရှာဖွေနိုင်ရန်အတွက် ကြိုတင်ဖော်ဆောင်ထားရမည့် အခြေခံလိုအပ်ချက် တစ်ခုလည်းဖြစ်သည်။ ဤအချက်ကို ဆောင်ရွက်ထားခြင်း မရှိပါက မည်သို့သော တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ကြွေးကြော်မှုမျိုး သို့မဟုတ် တရားဝင်မှု ကြွေးကြော်မှုမျိုးမဆို အဓိပ္ပါယ်မဲ့နေပါလိမ့်မည်။
လက်ရှိအချိန်သည် အာဆီယံဥက္ကဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာပြည်သူများအတူ ရပ်တည်မည်လား သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို လျစ်လျူရှုထားသော မူဘောင်တစ်ခုကို ဆက်လက် စွဲကိုင်သွားမည်လား ဟူသည်ကို ရွေးချယ်မှု ပြုလုပ်ရမည့် အဆုံးအဖြတ် အခိုက်အတန့်တစ်ခုဖြစ်သည်။ အာဆီယံအနေဖြင့် မိမိ၏ အရးပါမှုကို ဆက်လက် ထိန်းသိမ်းလိုလျှင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် တာဝန်ယူတာဝန်ခံမှုအပေါ်တွင် အခြေခံသော လူထုဗဟိုပြု ချဉ်းကပ်မှုလမ်းစဉ်သို့ မဖြစ်မနေ ကူးပြောင်းရမည်။
မြန်မာပြည်သူများနှင့်အတူ ရပ်တည်သွားမည်လား သို့မဟုတ် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ်ပါဝင်ရန် စွန့်စားမှု ပြုလုပ်သွားမည်လား အာဆီယံအနေဖြင့် တခုခုကို မဖြစ်မနေ ရွေးချယ်ရပါလိမ့်မည်။
မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို အားပေးထောက်ခံပြီး ကျင့်ဝတ်စံနှုန်းခိုင်မာမှု၊ လူ့အခွင့်အရေးကို အခြေခံမှု၊ အားလုံးပါဝင်မှု နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိသော ချဉ်းကပ်ပုံ နည်းလမ်းတစ်ခုကို ချမှတ်ကျင့်သုံးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို မိမိတို့ တောင်းဆိုပါသည်။ ဤသို့သော ကြိုးပမ်းအားထုတ်မှုများကို မိမိတို့အနေဖြင့် အားပေးပံ့ပိုးကူညီရန် အသင့်ရှိပါသည်။
ဆက်သွယ်ရန်
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်လိုသော အဖွဲ့အစည်း ၂၃ ခု အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၁ ဖွဲ့က ပါဝင်ထောက်ခံလက်မှတ် ရေးထိုးထားပါသည်။
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026

09 June 2026