စစ်အာဏာရှင်ကို အရေးယူနိုင်ရန် နိုင်ငံတကာဖိအား အရေးတကြီးလိုအပ်

စစ်အာဏာရှင်ကို အရေးယူနိုင်ရန် နိုင်ငံတကာဖိအား အရေးတကြီးလိုအပ်

သမ္မတရာထူးကို အဓမ္မရယူထားတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေး Universal Jurisdiction တို့က အမြန်ဆုံး အရေးယူနိုင်ဖို့ နိုင်ငံတကာရဲ့ဖိအားတွေ လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်တွေမှုကြောင့် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်လက်မလုပ်နိုင်အောင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ အရေးတကြီးလိုအပ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က တိုက်တွန်းပါတယ်။

BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က “ICC ဖမ်းဝရမ်းကို အမြန်ဆုံးထုတ်ဖို့အတွက် နိုင်ငံတကာ အစိုးရတွေကို ကျနော်တို့ ပြောနေတယ်။ ဒီဟာက နိုင်ငံတကာရဲ့ ဖိအားပေးမှု လျော့ပါးသွားလို့ ဒီလို အကြမ်းဖက်စစ်တပ်က နေ့စဉ်နဲ့အမျှ သူက ပိုအားရှိလာတာပေါ့နော်။ ICC မှာလည်း ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရုံးကနေ လျှောက်ထားတာ တနှစ်ကျော်သွားပြီ။ အဲဒါကိုလည်း အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အရင်က ရိုဟင်ဂျာကို လုပ်ပြီးတော့ အခု တနိုင်ငံလုံး အတိုင်းအတာနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေပြီ။ ဒီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တနေ့ထက်တနေ့ ပိုပိုပြီး ရဲတင်းလာတယ်။ ဒါတွေကို ရပ်တန့်ဖို့ ဖိအားပေးမှုက ပိုလိုတယ်။ နိုင်ငံတကာမှာရှိနေတဲ့ ICC, ICJ အာဂျင်တီးနားဖမ်းဝရမ်းနဲ့ တရားမျှတမှုရရှိရေး မဏ္ဍိုင်တွေကို အရေးတယူ လုပ်ပြီးတော့ အားပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်” လို့‌ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စတင်တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြားနာမှုကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံက တရားရုံးတခုခုလည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် အပါအဝင် တခြား မြန်မာစစ်တပ်နဲ့ အရာရှိ ၂၄ ယောက်ကိုလည်း ဖမ်းဆီးအမိန့် ထုတ်ပေးခဲ့ပါတယ်။

ဒါတွေအပြင်  အင်ဒိုနီးရှားနဲ့ တီမောလက်စတေနိုင်ငံတွေမှာလည်း ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် (universal jurisdiction) အောက်ကနေ စစ်ခေါင်းဆောင်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအတွင်း ကျူးလွန်မှုတွေအတွက် တာဝန်ရှိကြောင်း အမှုဖွင့် တရားစွဲဆိုထားပါတယ်။

လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင်ကို ICC ကနေ ဖမ်းဝရမ်းထုတ်တာ အမြန်လုပ်ဆောင်ဖို့ကို ဗြိတိန်လွှတ်တော်အမတ် ၁၀ ယောက်က ၂၀၂၄ နှစ်ကုန်ကတည်းက လက်မှတ်ရေးထိုး တိုက်တွန်းထားရာကနေ အခုနှစ် ဖေဖော်ဝါရီလမှာတော့ နောက်ထပ် လွှတ်တော်အမတ်တယောက် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အဆိုပြုချက်မှာ ပါဝင်သူ အမတ် စုစုပေါင်း ၁၁ ယောက်ထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက “၂၀၂၅ အလွန် ၂၀၂၆ ကာလကနေ စမဲ့ နိုင်ငံရေး အခင်းအကျင်းဟာ ဒီမိုကရေစီကို ဦးတည်သော၊ တိုင်းပြည်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်သော လမ်းစပွင့်မှုတခု မဟုတ်ဘူးဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားစေရတဲ့ဟာလို့ပဲ ပြောရမယ်လို့ ထင်ပါတယ်။ ပါဝါပေါ့၊ အာဏာကို သူတို့ မင်းအောင်လှိုင် ကနေပဲ လုံးဝ အကုန်လုံးကို ထိန်းချုပ်မယ်ဆိုတာကို သေချာ ရှင်းရှင်းလင်းလင်း သူတို့ ချလိုက်တဲ့ ပုံစံကွက်တွေက နေပြီးတော့ မြင်လိုက်ရတဲ့ အခါမှာတော့ ကမ္ဘာကြီးအနေနဲ့လည်း မြင်သွားပြီ။ ပြောချင်တာက မင်းအောင်လှိုင် သူ့ဘာသာ စစ်ဝတ်စုံ ချွတ်ပြီးတော့ အရပ်သားဝတ်စုံဝတ်ဝတ်၊ ဘုရင်ဝတ်စုံပဲဝတ်ဝတ် မင်းအောင်လှိုင်က မင်းအောင်လှိုင်ပါပဲ။ ရာဇဝတ်သားဟာ ရာဇဝတ်သားပါပဲ။ ဥပဒေကြောင်းကနေပြီးတော့မှ သူ ရှောင်ကွင်း လွတ်ငြိမ်းလို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

တရားသူကြီးတွေအနေနဲ့ ဖမ်းဝရမ်းတွေကို လျှို့ဝှက်ထုတ်ပြန်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က DVB သတင်းဌာနကို အတည်ပြု ပြောပါတယ်။ ဆိုလိုတာက မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ထားပြီးသား ဖြစ်နိုင်ခြေရှိနေတာမျိုး ဖြစ်ပါတယ်။

ICC အဖွဲ့ဝင်နိုင်ငံတွေ လက်မှတ်ထိုးရတဲ့ ရောမစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတာ မရှိလို့ စစ်အာဏာရှင်ကို တိုက်ရိုက်အရေးယူတာမျိုး မလုပ်နိုင်ပေမဲ့ ICC အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ ဖမ်းဆီးပေးတာ ခံရနိုင်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူက DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။


မူရင်း original post.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia