မင်းအောင်လှိုင် စစ်ယူနီဖောင်းချွတ်ပြီး သမ္မတရာထူးယူရုံဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရနိုင်

မင်းအောင်လှိုင် စစ်ယူနီဖောင်းချွတ်ပြီး သမ္မတရာထူးယူရုံဖြင့်  ပြစ်ဒဏ်ကင်းလွတ်ခွင့် မရနိုင်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သမ္မတရာထူး ပြောင်းယူလိုက်ရုံနဲ့ သူ ကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့ အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သတိပေး ပြောလိုက်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဧပြီ ၃ ရက်မှာ မဲပေးရွေးချယ်ခဲ့တာပါ။

မင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူး ရယူလိုက်ရုံနဲ့ သူ ကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Amnesty International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းကတော့ မင်းအောင်လှိုင် အနေနဲ့ စစ်ယူနီဖောင်းချွတ်လိုက်ပေမဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုက ပြောင်းလဲသွားမှာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနဲ့ သူ့ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ကိုလည်း တိုက်တွန်းထားသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကို ICC ဆီကို လွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တုန်းက ICC ရှေ့နေချုပ် ကာရင်မ်ခမ်းက ဖမ်းဝရမ်းထုတ်ဖို့ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပြီး ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။

ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာကတော့ မင်းအောင်လှိုင် သမ္မတဖြစ်သွားရုံနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့အတွက် လမ်းကြောင်းတွေ နှောင့်နှေးသွားနိုင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်ခင်ဥမ္မာက “သူ သမ္မတဖြစ်ခြင်းသည် နိုင်ငံတကာ ဥပဒေရဲ့အောက်မှာ ဘာမှအကျုံးမဝင်ဘူး။ ပြီးတော့ ရောမစာချုပ်နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လုပ်ပိုင်ခွင့်အောက်မှာလည်း သူ သမ္မတဖြစ်ခြင်းသည် သူ့ကို အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်ခွင့်ရဖို့အတွက်ကို လုံးဝ ခွင့်မပြုထားဘူးပေါ့နော်။ ဆိုတော့ အဲဒါကတော့ ပြည်သူတွေအတွက် စိတ်ပူစရာမရှိဘူးပေါ့။ သို့သော်လည်း ကျမတို့ ဒီနေရာမှာ သိရမှာက နိုင်ငံတကာဥပဒေကို သုံးပြီးတော့မှ ဒီ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မင်းအောင်လှိုင် ကျူးလွန်နေတဲ့ ကိစ္စတွေကို ကိုင်တွယ်စီရင်မယ်ဆိုလို့ရှိရင် ဒီ တရားစီရင်ရေးက ကျမတို့ နေ့ချင်းညချင်း ၂၄ နာရီ၊ ခုနစ်ရက်၊ တလနဲ့ ပြီးမဲ့ ကိစ္စမျိုးတွေမဟုတ်ဘူး ဆိုတာကိုတော့ ကျမတို့ ပြည်သူတွေ ဒါ လက်တွေ့ပကတိ အနေအထားအရကိုတော့ ဒါ ကျမတို့ သိထားရမဲ့ဟာ ဖြစ်တယ်ပေါ့နော်”လို့ ပြောပါတယ်။

နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုတွေအတွက် ဘယ်သူပဲဖြစ်နေဖြစ်နေ တရားစွဲဆိုခံရခြင်းကနေ ကင်းလွတ်ခွင့် မရရှိနိုင်သလို ရုရှားနဲ့ အစ္စရေးတို့ ဖမ်းဝရမ်းထုတ်ခံရတဲ့ ဥပမာတွေလည်း ရှိတယ်လို့ အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲ ဥက္ကဋ္ဌ ဦးနေဆန်းလွင်က ဆိုပါတယ်။

“ရုရှားသမ္မတ ဆိုရင်လည်း ဒီအရင်နှစ်ကပေါ့နော် တောင်အာဖရိကမှာ BRICS က အစည်းအဝေးလုပ်ခဲ့တာ ရှိတယ်။ ဒီအစည်းအဝေးကို တောင်အာဖရိက အစိုးရကနေ ခေါ်သွားချင်ပေမဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေက သူ့ကိုလာရင် ဖမ်းကို ဖမ်းပေးရမယ် ဆိုတဲ့အတွက်ကြောင့် နောက်ဆုံး သူ့ကို အစည်းအဝေး မဖိတ်တဲ့အတွက်ကြောင့် အွန်လိုင်းကနေ အစည်းအဝေး တက်ခဲ့ရတယ်ပေါ့နော်။”

မင်းအောင်လှိုင် သမ္မတဖြစ်ခြင်းနဲ့ စစ်အုပ်စုကို နိုင်ငံတကာက လက်ခံခြင်း၊ လက်မခံခြင်း ဆိုတာက တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ဦးဆောင်မှု၊ ညီညွတ်မှုတွေကို ချပြနိုင်ဖို့ကလည်း အရေးကြီးပြီး ဆက်စပ်နေတယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

ဒေါ်ခင်ဥမ္မာက “တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးဦးဆောင် အင်အားစုတွေ၊ NUG အပါအဝင်ပေါ့၊ သူတို့တွေရဲ့ လုပ်နိုင်အား၊ နိုင်ငံရေးအရ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက်အထိ သူတို့တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု အားကောင်းခိုင်မာစွာနဲ့ ကမ္ဘာကြီးကို ဘယ်လောက်အထိ သူတို့ သေချာ ဒီ နိုင်ငံရေး တိုင်းပြည်ရဲ့ အပြောင်းအလဲ အဖြေကို သူတို့ ဘယ်လောက်အထိ အာမခံပြီးတော့မှ ဖော်ဆောင်ပေးမယ်ဆိုတာကို ကမ္ဘာကြီးကို သူတို့ ဘယ်လောက် ချပြနိုင်မလဲ။ သူတို့ရဲ့ ဦးဆောင်မှု ညီညွတ်မှုတွေကို သူတို့ ဘယ်လောက်အထိ ကမ္ဘာကြီးကနေပြီးတော့မှ ယုံကြည်လက်ခံဖို့ကို ဘယ်လောက်အထိ သူတို့ ဒီကာလမှာ တည်ဆောက်ပြနိုင်မလဲ ဒါတွေကလည်း တစ်ဖက်မှာ မအလကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာမျိုးတွေနဲ့ ချိန်ထိုးပြီး စဉ်းစားဖို့ နိုင်ငံတကာကြားထဲမှာ ချိန်ထိုးစဉ်းစားမဲ့ အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်ပေါ့”လို့ ပြောပါတယ်။

ဦးနေဆန်းလွင်က “လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပြောင်းလဲမှု မဖြစ်လာတာကို အများစုက အားမရ ဖြစ်နေတာ ရှိတယ်။ ဒါကတော့ မရမချင်း ဆက်ကြိုးစားရမယ်၊ ကျနော်တို့ လုပ်နေတာတွေမှာ ဘာတွေ အမှားတွေရှိလဲ၊ ဘာတွေ အားနည်းမှုတွေရှိလဲ၊ ဒါတွေကို သေချာ သုံးသပ်ပြီးတော့ အင်အားနဲ့ သေချာ ဆက်ကြိုးစားမယ်ဆိုရင်တော့ ကျနော် ထင်တယ်၊ အချိန်တခုခုမှာ အပြောင်းအလဲတခု ဖြစ်လာမယ်၊ ဒီလိုပဲ မဖြစ်လာသေးလို့ဆိုပြီးတော့ စိတ်ဓာတ်ကျပြီးတော့ ပစ်ထားမယ် ဆိုရင်တော့ ဒီစနစ်အဆိုးအောက်မှာပဲ ဆက်နေရဦးမှာပါ”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တာဝန်ခံရမဲ့ နိုင်ငံတကာ တရားစွဲဆိုမှုတွေကတော့ ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ အမှုဖွင့်တိုင်ကြားမှု၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို အခြေခံပြီး အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ တီမောတရားရေးတို့မှာ အမှုဖွင့်တိုင်ကြားမှု၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးအမှုတွေ ဖြစ်ပြီး အဲဒီအမှုတွေထဲ အာဂျင်တီးနားမှာ စွဲဆိုထားတဲ့ အမှုကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ၂၅ ယောက်ကို ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူ ယာစမင်အူလာနဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားသူ ၁၀ ယောက်တို့ ပူးပေါင်းပြီး မြန်မာအာဏာသိမ်းစစ်တပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အစိုးရရှေ့နေရုံးဆီကို ဧပြီ ၆ ရက်မှာ အမှုဖွင့်တိုင်ကြားသွားဖို့လည်း ရှိနေပါတယ်။


မူရင်း original post.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia