15 January 2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်
ကျွန်ုပ်တို့ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အောက်တွင် လက်မှတ်ရေးထိုးထားသော အရပ်ဘက်အဖွဲ့အစည်း များသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro ၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်ခရီးစဉ်နှင့် မြန်မာ့တရားမဝင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်းနှင့် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားအပ်ပါသည်။
စစ်အုပ်စုနှင့် ဤကဲ့သို့ ထိတွေ့ဆက်ဆံခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စနစ်တကျ ဖိနှိပ်မှုများအတွက် တာဝန်ရှိနေသည့် — နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဟု အမည် ပြောင်းလဲထားသော — ဒီမိုကရေစီလုပ်ပိုင်ခွင့်အာဏာမရှိသည့် စစ်အုပ်စုကို မှားယွင်းသော တရားဝင်မှု ပေးအပ်ရာ ရောက်နေပါသည်။ စစ်အုပ်စု၏ ခေါင်းဆောင်များသည် စစ်ဝတ်စုံဖြင့်ဖြစ်စေ၊ အတုအယောင် ရွေးကောက်ပွဲပြဇာတ်နောက်ကွယ်မှ အရပ်သားဝန်ကြီးများ သို့မဟုတ် လွှတ်တော်အမတ်များအဖြစ် အယောင်ဆောင်ထားသည်ဖြစ်စေ ၎င်းတို့အား မြန်မာနိုင်ငံ၏ “ဗဟိုအစိုးရ” အဖြစ် ဆက်ဆံခြင်းသည် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကို ဆုချသကဲ့သို့ ဖြစ်စေပြီး ရာဇဝတ်ကောင်များ၏ အုပ်ချုပ်မှုကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ပေးရာ ရောက်ပါသည်။
ဤခရီးစဉ်သည် အောက်ပါကြီးမားသော စိုးရိမ်ပူပန်မှုများကို မြင့်တက်စေပါသည် –
အာဆီယံလုပ်ပိုင်ခွင့်ဘောင်ပြင်ပမှ လုပ်ကြံဖန်တီးထားသော နိုင်ငံရေးအစီအစဉ်ကို ပုံမှန်အဖြစ် သတ်မှတ်ခြင်း: နေပြည်တော်ရှိ စစ်အုပ်စုအား အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ဆက်ဆံခြင်းနှင့် ၎င်းတို့၏ ဟန်ပြ “အဆင့်သုံးဆင့် ရွေးကောက်ပွဲ” အစီအစဉ်ကို လက်ခံစဉ်းစားခြင်းသည် အန္တရာယ်ရှိသော စံနမူနာတစ်ခုကို အတည်ပြုပေးရာရောက်သည်။ ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူ လူထုကို အမှန်တကယ်ကိုယ်စားပြုသည့် ဒီမိုကရေစီအင်အားစုများ၏ တရားဝင်မှုကို ယုတ်လျော့စေ ပါသည်။
ဤချဉ်းကပ်မှုသည် အာဆီယံဘုံသဘောတူညီမှု (၅) ချက်နှင့် ကိုက်ညီမှု မရှိပါ။ ၎င်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတရားဝင်ဖြစ်မှုအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ မဖြေရှင်းနိုင်သေးသော ပဋိပက္ခတွင် တစ်ဖက်သတ် ပါဝင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်နေသော အဖွဲ့အစည်းကို မထိုက်တန်သော အသိအမှတ်ပြုမှု ပေးခြင်းနှင့် မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုသော သက်ဆိုင်သူများ၏ တရားဝင်မှုကို ယုတ်လျော့စေခြင်းတို့ ဖြစ်စေပါသည်။
အာဆီယံ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖောက်လျက် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုပေးခြင်း: စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်များကို “နွေးထွေးပြီး အပြုသဘောဆောင်သော” ဆွေးနွေးမှု ခေါင်းစဉ်အောက်တွင် ထည့်သွင်းခြင်းသည် အာဆီယံ၏ သဘောတူညီထားသော ရပ်တည်ချက်နှင့် ဆန့်ကျင်သွေဖယ်နေသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်တွင် “အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများသည် ရွေးကောက်ပွဲများထက် ဦးစွာ ပေါ်ပေါက်ရမည်” ဟု ရှင်းလင်းစွာ ဖော်ပြထားပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ နိုင်ငံရေးခေါင်းဆောင်များ ထောင်သွင်းအကျဉ်းချခံထားရသကဲ့သို့ နိုင်ငံရေးပါတီ ၄၀ ကျော်မှာလည်း ဖျက်သိမ်းခံထားရသည်။ ထိုကဲ့သို့သောအခြေအနေများအောက်တွင် ကျင်းပသော မည်သည့် ရွေးကောက်ပွဲမဆိုသည် မသမာမှုများသာဖြစ်ပြီး ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု၍မရနိုင်ပါ။ ထိုကဲ့သို့သော လုပ်ငန်းစဉ်ကို ထောက်ခံခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ၏ ညီညွတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို ထိခိုက်စေပါသည်။
အာဆီယံ ဗဟိုပြုမှုနှင့် စုပေါင်းခေါင်းဆောင်မှုကို ထိခိုက်စေခြင်း: ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဗဟိုပြုမှုကို ထိန်းသိမ်းရန်နှင့် စုပေါင်းသဘောတူညီထားသော မူဘောင်များအတွင်း တိကျစွာဆောင်ရွက်ရန် အထူးတာဝန်ရှိသည်။ ဘုံသဘောတူညီချက် (၅) ရပ်၏ ပြင်ပမှနေ၍ စစ်အုပ်စုနှင့် နှစ်နိုင်ငံသီးသန့် နိုင်ငံရေးထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ၏ ညီညွတ်မှုကို အားနည်းစေပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ဒေသတွင်း ကတိကဝတ်များကို တစ်ဖက်သတ် ပြန်လည်သတ်မှတ်နိုင်သည်ဟူသော စံနမူနာဆိုးများကို ဖြစ်စေပါသည်။ တရုတ်နှင့် ရုရှားအပေါ် နက်ရှိုင်းစွာ မှီခိုနေရသော မြန်မာစစ်အုပ်စုကို ပုံမှန်အခြေအနေအဖြစ် ဆက်ဆံခြင်းသည် အာဆီယံ၏ စုပေါင်း အချုပ်အခြာအာဏာကို ပိုမိုအားနည်းသွားစေမည့် အန္တရာယ်ရှိသည်။
တရားဝင် ဒီမိုကရေစီအင်အားစုများကို ဖယ်ထုတ်ခြင်း: အစုလိုက်အပြုံလိုက် အကြမ်းဖက်မှု ကျူးလွန်သူ များနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကို ဦးစားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင် ဒီမိုကရေစီကိုယ်စားလှယ်များ နှင့် အနှစ်သာရရှိရှိ ထိတွေ့ဆက်ဆံရန် ပျက်ကွက်ခြင်းသည် စစ်အုပ်ချုပ်ရေးကို ငါးနှစ်နီးပါးကြာ တွန်းလှန် နေကြသည့် မြန်မာပြည်သူလူထုကြီးကို လျစ်လျူရှုရာ ရောက်ပါသည်။
နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုနှင့် လူကုန်ကူးမှုများကို အားပေးရာရောက်ခြင်း: မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များမှ အကျိုးအမြတ်ရယူနေသော အုပ်စုကို ဆုချခြင်းဖြစ်သည်။ စစ်အုပ်စုလက်ထက်တွင် မြန်မာနိုင်ငံသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓိကဆုံချက်ဖြစ်လာပြီး ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်းများ ဖြစ်စေခဲ့သည်။ စစ်အုပ်စုသည် ဤရာဇဝတ်မှုများကို ဖြေရှင်းမည့် မိတ်ဖက်မဟုတ်ဘဲ ဤရာဇဝတ်မှုများကို အဓိကအားပေးကူညီနေသူအဖြစ်သာ အသိအမှတ်ပြုရမည်ဖြစ်သည်။
အကြမ်းဖက်မှု ပိုမိုကြီးထွားလာမှုကို အားပေးခြင်း: ပ်ကြံဖန်တီးထားသော ရွေးကောက်ပွဲရလဒ်များကို လက်ခံခြင်းသည် မြန်မာ့ပဋိပက္ခကို လျော့နည်းစေမည်မဟုတ်ဘဲ ပိုမိုပြင်းထန်လာစေမည်သာ ဖြစ်သည်။ စစ်အုပ်စုအတွက် ရွေးကောက်ပွဲများသည် ညှိနှိုင်းမှုဆီသို့ ဦးတည်သောခြေလှမ်းမဟုတ်ဘဲ တရားဝင်မှုနှင့် စစ်ရေးလှုပ်ရှားမှုများအတွက် အချိန်ရယူသည့် ကိရိယာတစ်ခုသာ ဖြစ်သည်။
ဖိလစ်ပိုင်နှင့် အာဆီယံ၏ မဟာဗျူဟာနှင့် လုံခြုံရေးအကျိုးစီးပွားများကို အန္တရာယ်ပြုခြင်း: စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် ဆက်ဆံခြင်းသည် ဖိလစ်ပိုင်၏ အမျိုးသားအကျိုးစီးပွားနှင့် အာဆီယံဒေသတွင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေပါသည်။ တရုတ်နှင့် ရုရှားအပေါ် မှီခိုနေရသော ဤအုပ်စုသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် တောင်တရုတ်ပင်လယ်အရေး အပါအဝင် အာဆီယံ၏ စုပေါင်းအကျိုးစီးပွားအတွက် ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်၍ မရနိုင်ပါ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဖိလစ်ပိုင်အစိုးရအား အောက်ပါတို့ကို တောင်းဆိုလိုက်ပါသည် –
၁။ မည်သည့်အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကမဆို မြန်မာစစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု လုံးဝမပေးအပ်ကြောင်း သေချာစေခြင်းဖြင့် ဒီမိုကရေစီအပေါ် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန်။
၂။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲရလဒ်များကို လူသိရှင်ကြား ငြင်းပယ်ရန်နှင့် ဤမသမာသော လုပ်ငန်းစဉ်မှ ပေါ်ပေါက်လာမည့် မည်သည့်အဖွဲ့အစည်းကိုမဆို အသိအမှတ်ပြုခြင်းကို ငြင်းဆန်ရန်။
၃။ အကြမ်းဖက်မှုလျှော့ချရေးသည် ဦးစွာပထမဖြစ်ရမည်ဟူသော အာဆီယံ၏ ဘုံသဘောတူညီမှု (၅) ချက်ပါ အစီအစဉ်အဆင့်ဆင့်ကို လိုက်နာကျင့်သုံးရန်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် တရားဝင်၊ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရန်။
၅။ စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်ကြောင်း အတည်ပြုရန်နှင့် ၎င်းတို့ကို အာဆီယံအစည်းအဝေး များတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မပြုရန်။
၆။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မိမိ၏အာဆီယံဥက္ကဋ္ဌသက်တမ်း၏ ဗဟိုချက်တွင် ထားရှိရန်။
ကျွန်ုပ်တို့သည် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင် နေကြသော မြန်မာပြည်သူများနှင့်အတူ ခိုင်မာသော သွေးစည်းညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိသည်။
လုံခြံရေးအရ အမည်မဖော်ပြနိုင်သော အဖွဲ့ ၆ ဖွဲ့ အပါအဝင် (၉၉) ဖွဲ့မှ ဤပူတွဲထုတ်ပြန်ချက်ကို လက်မှတ်ရးထိုးသည်။
လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ –
“ပြည်သူ့လှုပ်ရှားမှုပလပ်ဖောင်း (မြန်မာ) မှ ဤထုတ်ပြန်ချက်ကို ဦးစီးဆောင်ရွက်ပါသည်”
PDF ဖိုင်ကိုရယူရန် in English I မြန်မာဘာသာ
19 May 2026

28 May 2026

28 May 2026