မြန်မာပြည်သူလူထုတစ်ရပ်လုံးသည် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် အတုယောင် ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်ပယ်ချခဲ့ကြကြောင်း “အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်း” က ယနေ့ ပြောကြားလိုက်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ယင်း မှထွက်ပေါ်လာမည့် ရလဒ်များကို ပယ်ချခြင်းဖြင့်လည်းကောင်း၊ ယင်းလုပ်ငန်းစဉ်မှတဆင့် ပေါ်ပေါက်လာမည့် မည်သည့် အဖွဲ့အစည်းကိုမဆို ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် တရားဝင်အသိအမှတ်ပြုခြင်း မပြုလုပ်ကြရန် ငြင်းဆန်ခြင်းအားဖြင့်လည်းကောင်း မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို လေးစားလိုက်နာကြပါရန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းက တိုက်တွန်းနှိုးဆော်လိုက်သည်။
အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းသည် အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ ပြည်ပရောက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများ ပါဝင်ဖွဲ့စည်းထားသည့် လူထုလှုပ်ရှားမှု ပလက်ဖောင်း တစ်ခုဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၈ရက်၊ ဇန်နဝါရီ ၁၁ ရက် နှင့် ဇန်နဝါရီ ၂၅ ရက်နေ့တို့တွင် ကျင်းပရန် စီစဉ်ထားသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ရန်ရည်ရွယ်သည်။
လှုပ်ရှားမှုတွင်ပါဝင်သူ မရှီလာက “နိုင်ငံသားတွေအနေနဲ့ အကြောက်တရားကြောင့် မဲပေးရမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပါတယ်။ တရားမဝင် စစ်အုပ်စုက တရားဝင်မှုရယူဖို့ ကြိုးကိုင်ဖန်တီးထားတဲ့ အပြင် စစ်အုပ်စုရဲ့ လက်ဝေခံပါတီက အနိုင်ရဖို့ ကြိုတင်သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း လူဦးရေ ၃,၇၀၉ ဦးကို သဘောထားစစ်တမ်း ကောက်ယူခဲ့ရာ မြန်မာနိုင်ငံတွင်းမှ ဖြေဆိုသူ ၉၈% က ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ဖြေကြားခဲ့ပြီး ၉၆% က မဲသွားပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကလည်း စစ်အုပ်စု၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်လျက်ရှိသည်။ ဗမာ့ရေးရာ နှင့် ပဋိပက္ခလေ့လာရေး (BACS) က ပြုလုပ်သည့် Research on Electoral Security, Participation, Engagement, and Civil Trust (RESPECT) စစ်တမ်းတွင် တွေ့နိုင်ပါသည်။ ထိုင်းနိုင်ငံ မြို့ကြီး ၁၄ မြို့မှ မြန်မာနိုင်ငံသား ၂၀၉ လူတွေ့မေးမြန်းခဲ့သော ထိုစစ်တမ်းအရ ၉၈% က မဲပေးရန်ဆန္ဒ မရှိကြောင်း ဖော်ပြခဲ့ကြသည်။ အဆိုပါ ရွှေ့ပြောင်းလုပ်သားအများစုသည် မဲပေးရန် ငြင်းဆန်ပါက ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် ဆုံးရှုံးခြင်း၊ မြန်မာနိုင်ငံသို့ အဓမ္မပြန်ပို့ခံရခြင်းနှင့် အလုပ်အကိုင် မလုံခြုံမှု အပါအဝင် အခြားသော အန္တရာယ်များနှင့် ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည့်အခြေအနေများကိုလည်း စိုးရိမ်ပူပန်နေကြပါသည်။
ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ မြန်မာပြည်သူ ၁.၇၉ သန်းကျော်သည် အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြုထားကြသည်။ နိုင်ငံတစ်ဝှမ်း အင်တာနက် ဖြတ်တောက်မှု များနှင့် စစ်အုပ်စု၏ ပုံစံမျိုးစုံဖြင့်စောင့်ကြည့် ထောက်လှမ်းမှု အခတ်အဲအမျိုးမျိုးကြား ဤကဲ့သို့ သန်းနှင့်ချီသော ပြည်သူများ ဆန့်ကျင်နေသည်မှာ မှတ်တမ်းတင်ဖွယ်ရာ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက် (လူ့အခွင့်အရေးနေ့) ကလည်း မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ် ဆင်နွှဲကာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ အဆိုပါ သပိတ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၊ မြို့ နယ်များနှင့် ကျေးရွာများရှိ လမ်းမများသည် ခြောက်ကပ် တိတ်ဆိတ်ခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲ ဆန့် ကျင်ရေး လှုပ်ရှားမှုအပေါ် စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းမှုများ တိုးမြှင့်လုပ်ဆောင်နေသော်လည်း ဆန္ဒပြမှုများ မှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
“အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတဲ့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်အုပ်စုကို တွန်းလှန်ဖို့အတွက် မြန်မာပြည်သူ တွေဟာ အရာအားလုံးကို စွန့်စားပြီး ရင်ဆိုင်နေကြတာပါ။ ဒီအတုအယောင် ရွေးကောက်ပွဲဆိုတဲ့အရာကို အတုအယောင် အဖြစ် ကလွဲပြီး တခြားနည်းလမ်းနဲ့ အသိအမှတ် ပြုလိုက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒုက္ခခံစားရမှုကို ရှည်ကြာ စေမှာဖြစ်ပြီး ကျွန်တော်တို့အားလုံးရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သစ္စာဖောက်ရာ ရောက်ပါတယ်” ဟု အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားသူ စောအယ်လ်မှူး (Saw L Mhu) က ပြောကြားသည်။
အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် စစ်အုပ်စုသည် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် မြန်မာပြည်သူများအပေါ် လေကြောင်းမှ တိုက် ခိုက်မှုများကို ပြုလုပ်လျက်ရှိပြီး အီလက်ထရောနစ် စောင့်ကြည့်မှုများကို တိုးမြှင့်ခြင်း၊ အတုအယောင် ရွေး ကောက်ပွဲကို ဝေဖန်သူများအား တရားလက်လွတ် ဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အစဖျောက် ခြင်းများကို ကျူးလွန်လျက်ရှိသည်။ သို့သော် စစ်အုပ်စု၏ အလွန်အကျွံ ရက်စက်ကြမ်းကြုတ်မှုများက ပြည်သူများကို တိတ် ဆိတ်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။
“၂၀၁၀ ပြည့်နှစ်ကလည်း စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းသွားအောင်နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့ ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာက ဒါကို ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ်လို့ မှားယွင်းယုံကြည်ခဲ့ ကြတာပါ။ တကယ်တမ်းမှာတော့ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ လွှမ်းမိုးချုပ်ကိုင် မှုကို သက်ဆိုး ရှည်စေခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှုအတွက် အုတ်မြစ်ချပေးခဲ့တာသာ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် အတု အယောင် ရွေးကောက်ပွဲကတော့ ပိုပြီးသိသာထင်ရှားတဲ့ ထောင်ချောက်တစ်ခုဖြစ်သလို အကျိုးဆက်တွေ ကလည်း ပိုပြီး ဆိုးရွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျွန်မတို့ရဲ့ သမိုင်းသင်ခန်းစာကို ယူကြရ ပါမယ်” ဟု အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားသူ ဝတ်မှုန်ဝင်း (Wut Hmon Win) က ပြောကြား သည်။
အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို အောက်ပါအတိုင်း တောင်းဆိုလိုက်သည် –
• စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ၎င်း၏ ရလဒ်များကို လူသိရှင်ကြား ပယ်ချရန်၊
• အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် တရားဝင်မှု မပေးရန်နှင့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန်။
• စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများကို ထောက်ခံအားပေးရန်။
ဥရောပသမဂ္ဂ၊ ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ယူကေနှင့် နယူးဇီလန်နိုင်ငံတို့မှ အစိုးရများနှင့် လွှတ်တော်အမတ်များက အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြောဆိုထားသော်လည်း၊ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် ဤရွေးကောက်ပွဲကို လူသိရှင်ကြား ပြတ်ပြတ်သားသား ပယ်ချရန်နှင့် မြန်မာစစ်အုပ်စု၏ အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ပိုမိုထိရောက်စွာ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
မြန်မာပြည်သူများသည် ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ပြသပြီးဖြစ်သည်။ ဤအတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုပေးရန် ကြိုးပမ်းသည့် မည်သည့်လုပ်ရပ်မဆိုသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို တိုက်ရိုက်ထိခိုက်စေပြီး ပြည်သူများ၏ ဒုက္ခဝေဒနာများကို ပိုမိုရှည်ကြာစေမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သမိုင်းကြောင်း၏ မှန်ကန်သော ဘက်တော်သားများအဖြစ် ခိုင်မာစွာ ရပ်တည်ရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –
Platform Email : anti.sham.election@gmail.com
ရှီလာ (Shi Lar) (အင်္ဂလိပ်နှင့် မြန်မာ ဘာသာစကားဖြင့်၊ စာ၊ အသံနှင့် ဗီဒီယို အင်တာဗျူးများ ဖြေဆိုနိုင်ပါသည်။ မြန်မာစံတော်ချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။)
(Signal) +1 347 276 4316)
စောအယ်လ်မှူး (Saw L Mhu) (မြန်မာဘာသာစကားဖြင့်၊ စာနှင့် အသံအင်တာဗျူးများ ဖြေဆိုနိုင်ပါသည်။ မြန်မာစံတော်ချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။) (Signal) @Sawmhu_official.1221
(Email) sawlmhu@proton.me
ဝတ်မှုန်ဝင်း (Wut Hmon Win) (အင်္ဂလိပ်နှင့် မြန်မာ ဘာသာစကားဖြင့်၊ ပုံနှိပ်၊ အသံနှင့် ဗီဒီယို အင်တာဗျူးများ ဖြေဆိုနိုင်ပါသည်။ ဥရောပ အလယ်ပိုင်းစံတော်ချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
(Signal) +47 93614831
(email) wuthmonwin.no@gmail.com