16 October 2025

(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း ရှေ့ပြေးအသံ(Progressive Voice) ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်ဥမ္မာ က ပြောဆိုသည်။
မလေးရှားနိုင်ငံ ၊ ကွာလမ်လန်ပူမြို့တွင် ယနေ့(အောက်တိုဘာလ၁၆) နေ့တွင် ပြုလုပ်သည့်
“ဒေသအတွင်း တာဝန်ယူမှု ၊တာဝန်ခံမှု အားကောင်းစေရေးအတွက် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ကျရှုံးမှု” ခေါင်းစဥ်ဖြင့် မြေပြင်၊ အွန်လိုင်း ကျင်းပသည့် ဖိုရမ်ဆွေးနွေးပွဲတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ အာဆီယံအပေါ်မှာ အင်မတန်စိတ်ပျက်မိပါတယ်၊ ကျမတို့အနေနဲ့ ဒေသန္တရအတွင်းမှာရှိတဲ့ လုံခြုံရေး အတွက်ကို ရေရှည်ထိန်းသိမ်းနိုင်ဘို့အတွက် ဆုံးဖြတ်ချက်တွေထုတ်တယ်၊ တကယ့် ပကတိအခြေအနေမှာတော့ မြန်မာအမျိုးသမီးတွေကို ဥပက္ခာပြုထားတာတွေ့ရတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများ အဓမ္မအကျင့်ခံရ ၊ ဖမ်းဆီးခံရနှင့် ကျေးရွာများမီးရှို့ဖျက်ဆီးနေချိန်တွင် ယင်းကိစ္စများနှင့်ပတ်သက်ပြီး အာဆီယံအနေဖြင့် မည်သည့်အချိန်ကမှ တိုင်ပင်ပြောဆိုခြင်းမရှိခဲ့ သည့်အပေါ် စဥ်းစား၍မရနိုင်ဟု ၎င်းကဆိုသည်။
အာဆီယံအဖွဲ့နှင့်ဌာနခွဲများတွင် ပြည်သူကို ကိုယ်စားမပြုသော စစ်တပ်ကစေလွှတ်ထားသူများကို တွေ့ရ ပြီး ကိုယ်စားပြုခွင့် ၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးများတွင် မြန်မာပြည်သူများကို ကိုယ်စားပြုသူများ ပါဝင်နိုင်ရေး အဆိုပြု အကြံပေးထားကြောင်း ဒေါ်ခင်ဥမ္မာကဆက်ပြောသည်။
ဖိုရမ်ဆွေးနွေးပွဲကို နံနက် ၇နာရီ၃၀မှ ၁၁နာရီအထိ အစီစဥ်နှစ်ခုဖြင့် ကျင်းပပြီးခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် မလေးရှားလူ့အခွင့်အရေးကော်မရှင်(SUHAKAM) ဥက္ကဋ္ဌ ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တို့က အဖွင့်အမှာစကားပြောခဲ့သည်။
၎င်းအပြင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဒေါ်ခင်ဥမ္မာ(ရှေ့ပြေးအသံ)၊ ဇူးပဒုမ္မာ( ကရင်နီအမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ) ၊ ဇူးဇူးမေယွန်း (နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ) Cecilia (ချင်းအမျိုးသမီး) ၊ အန်နာ(မြန်မာ့အမျိုးသမီးသမဂ္ဂ) ၊ Debbie Stothard (Altsean- Burma တည်ထောင်သူနှင့် ညှိနှိုင်းရေးမှုး) တို့က ပြောကြားခဲ့သည်။
ဒုတိယပိုင်းအစီအစဥ်တွင် လူငယ့်ရေးရာများနှင့်ပတ်သက်ပြီး ကြည်ငြိမ်း(QBA) ၊ နန္ဒာ(စစ်ငြိမ်းပန်းဖောင်ဒရေးရှင်း) ၊ မိုး (ရှေ့ပြေးအသံအဖွဲ့) ၊ Nick (A New Burma) ၊ MPi(အသံအဖွဲ့) ၊ YBhg. Dato Sri Saifuddin bin Abdullah( လွှတ်တော်ကိုယ်စားလှယ် – နိုင်ငံခြားရေးဝန်ကြီးဟောင်း) တို့ကပြောကြား ခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ဖြေကြားခဲ့ကြသည်။
အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် လူငယ်များ၏ အခြေအနေနှင့် ၎င်းတို့၏ ကြံကြံ့ခံနိုင်စွမ်း၊ စိန်ခေါ်မှုများနှင့် ဖက်ဒရယ်ဒီမိုကရေးစီ နိုင်ငံတော်အသစ်အတွက် ပြင်းပြသော စိတ်ဆန္ဒများကို သိရှိနားလည်စေရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ၏ ခိုင်မာသော သွေးစည်းညီညွတ်မှုနှင့် ထောက်ခံမှုများရယူနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ပါဝင်ဆွေးနွေးသူများ၏ အတွေ့အကြုံများ ၊ လူမှုအသိုက်အဝန်း၏ အခြေနေများကို သက်သေအဖြစ် မျှဝေပေးခဲ့ကြပြီး လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံနှင့် သက်ဆိုင်သူများအတွက် အကြံပြုချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဖိုရမ်ကို မလေးရှားလူ့အခွင့်ရေးကော်မရှင် (SUHAKAM)၊ ရှေ့ပြေးအသံအဖွဲ့(PV) နှင့် ALTSEAN-Burma တို့မှ ပူးတွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာ့အရေးအာဆီယံအထူးကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာလ ၁၀ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံခဲ့သေးသည်။
19 May 2026