အမေရိကန်သည် မြန်မာစစ်ဗိုလ်ချုပ်များ၏ ကလိမ်ကကျစ်လှည့်ကွက်များထဲ လုံးဝထပ်မဝင်မိရန် လိုအပ်

7 September 2025

အမေရိကန်သည် မြန်မာစစ်ဗိုလ်ချုပ်များ၏ ကလိမ်ကကျစ်လှည့်ကွက်များထဲ လုံးဝထပ်မဝင်မိရန် လိုအပ်

မိမိတို့မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ရရာနည်းဖြင့် ဆယ်စုနှစ်များစွာတွန်းလှန်လာခဲ့ကြ ပြီး အမေရိကန်သည်လည်း မိမိတို့နှင့်အတူ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်ပေးခဲ့သည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများကို ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တိုင်းပြည်မှ ထွက်ခွာသွားရစေခြင်း (သို့မဟုတ်) နှုတ်ဆိတ်အောင်ကြိုးပမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့သော အဆိုးရွားဆုံးအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရချိန်ကာလများတွင် အမေရိကန်လွှတ်တော်အတွင်း ရီပတ် ပလီကန်နှင့် ဒီမိုကရက်ပါတီမှ လူများစု၏ထောက်ခံချက်ဖြင့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုကို အကူ အညီပေးရန် ဥပဒေများပြဌာန်းနိုင်ခဲ့ကြသည်။ ထို ပါတီကြီးနှစ်ခုစလုံးမှ ခေါင်းဆောင်များသည် မြန်မာ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ရှုတ်ချခဲ့ကြပြီး လွတ်လပ်သော လူမှုအဖွဲ့အစည်းနှင့် မီဒီယာများကို ထောက်ခံအားပေးကာ ဒီမိုကရေစီရေးအတွက် အသက်အန္တရာယ်များကြားမှ တိုက်ပွဲဝင်နေကြသူများ နှင့်အတူ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာမှုဆိုင် ရာအကူအညီပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ကရက်ရွှေတံဆိပ်ဆုပေးအပ်ခြင်းများဖြင့် ဒီမို ကရေစီဟူသည် လွယ်ကူသောအရာတခုမဟုတ်ဘဲ ယုံကြည်ချက်ဖြင့်လျှောက်ရသောလမ်းတခုဖြစ် ကြောင်း အမေရိကန်နိုင်ငံက ရှင်းရှင်းလင်းလင်း သတင်းစကားပေးခဲ့သည်။

လက်ရှိတွင်မူ ဆန့်ကျင်ဘက်အခြေအနေများဖြစ်နေပြီး မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရ၏ရပ်တည်ချက်များ ပြတ်သားမှုမရှိတော့သည်မှာ အထူးစိုးရိမ်ဖွယ်ကောင်းလှသည်။ အမေရိကန် သည် လူသတ်စစ်တပ်၏ လက်နက်ပွဲစား ခရိုနီလေးဦးအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ အခြားတဖက်တွင်မူ ကြံရာမရဖြစ်နေသော ပြိုလဲလုဆဲဆဲစစ်တပ်သည် ၎င်း ၏ တရားမဝင်စုဖွဲ့မှုကို အမည်အသစ်ပေး၍ အသွင်ပြောင်းလိုက်ကာ ဒီဇင်ဘာလတွင် ကျင်းပရန်လျာ ထားသော အတုအယောင်ရွေးကောက်ပွဲမှတဆင့် ၎င်းတို့ကျုးလွန်ခဲ့သော နိုင်ငံတကာရာဇဝတ်မှုများကို ဖုံးဖိရန်၊ တာဝန်ယူမှုတာဝန်ခံမှုကို ခေါင်းရှောင်ရန်နှင့် အတုအယောင်တရားဝင်မှု ရယူရန်ကြိုးပမ်းနေ သည်။

စစ်တပ်လက်ဝေခံ ခရိုနီလေးဦးနှင့်လက်နက်ပွဲစားများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းခြင်းနှင့် စစ်တပ် ၏ မျက်နှာဖုံးအသွင်ပြောင်းမှုအပေါ် တစုံတရာတုန့်ပြန်မှုမရှိခြင်းသည် မြန်မာပြည်သူများအပေါ်လည်း ကောင်း၊ အမေရိကန်နိုင်ငံက ၎င်းတို့စွဲကိုင်ထားသည်ဆိုသော ဒီမိုကရေစီစံနှုန်းများအပေါ်လည်းကောင်း သစ္စာဖောက်လိုက်ခြင်း ဖြစ်သည်။

အမည်မှလွဲ၍ ဘာမှမပြောင်းသော စစ်အုပ်စု

၂၀၂၁ ခုနှစ် တရားမဝင် အကြမ်းဖက်အာဏာသိမ်းယူရန်ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်အတွင်း စစ်အုပ်စုကဖွဲ့ စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဟူသည့်အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း နှင့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်) ဟူသည့်အဖွဲ့ကို အစားထိုး ဖွဲ့စည်းလိုက်ကြောင်း စစ်အုပ်စုက ၂၀၂၅ ခုနှစ် ဇွန်လိုင်လ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ဤ အမည် အပြောင်းအလဲသည် ကမ္ဘာကြီးကိုလှည့်စားမည့် နောက်ထပ် ပရိယာယ်တခုသက်သက်သာဖြစ်သည်။ စစ်ကောင်စီကိုဦးဆောင်ခဲ့သော စစ်ရာဇဝတ်မှုတရားခံ မင်းအောင်လှိုင်နှင့် စိုးဝင်းတို့သည် စစ်ကော်မရှင် ၏ ဥက္ကဌ နှင့် ဒုဥက္ကဌများအဖြစ် ဆက်လက် တာဝန်ယူထားကြဆဲဖြစ်သည်။ စစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးလုံးသည်လည်း ကော်မရှင်မဖွဲ့မီတရက်အလိုအထိ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူများဖြစ်ကြသည်။ ဝန်ကြီးဌာနများ၊ အမိန့်ကွပ်ကဲရေးစနစ်များ၊ လက်နက်များ၊ မူဝါဒများနှင့် အကြမ်း ဖက်ခြိမ်းခြောက်မှုလုပ်ရပ်များက ပကတိအတိုင်း အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေသည်။

စစ်အုပ်စုသည် အဖွဲ့အမည်ပြောင်းရုံဖြင့် မြန်မာနိုင်ငံတွင်ပြောင်းလဲမှုအသစ်ဖြစ်ပေါ်နေပြီဟု ကမ္ဘာကြီးက ဟန်ဆောင်လက်ခံပေးရန်မျှော်လင့်နေသည်။ ပြည်သူ့ဆက်ဆံရေးဗျူဟာမှလွဲ၍ မည်သည့်အပြောင်း အလဲမှမရှိချေ။ တကယ်တမ်းအားဖြင့် ထိုဗျူဟာသည်ပင် ယခင် စစ်အာဏာရှင်အဆက်ဆက်က ကျင့် သုံးခဲ့သော ခေါက်ရိုးကျိုးနည်းစနစ်ဟောင်းသာ ဖြစ်သည်။

အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံဥပဒေများအရ မြန်မာစစ်ကောင်စီသည် အစုအဖွဲ့ တခုအနေဖြင့် တရားဝင်ဒဏ်ခတ်အရေးယူခံထားရသည်။ ဆိုလိုသည်မှာ ထိုအစုအဖွဲ့ထိန်းချုပ်မှုအောက် ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ယန္တရားများသည်လည်း အလားတူ ပိတ်ဆို့ခြင်းခံခဲ့ရသည်။

စစ်အုပ်စုသည် စစ်ကောင်စီမှ စစ်ကော်မရှင်သို့အမည်ပြောင်းကာ ဥပဒေဟာကွက်ကို အမြတ်ထုတ်ရန် ကြိုးစားနေသည်။ အမည်သစ်၊ အဖွဲ့သစ်သည် အာဏာပိုင်အသစ်တရပ်ကို ကိုယ်စားပြုကြောင်း ပြည်ပ အစိုးရများနှင့် စီးပွား‌ရေး လုပ်ငန်းများက ဟန်ဆောင်သဘောထားပေးရန် စစ်အုပ်စုကလိုလားနေသည်။ သို့မှသာ ၎င်းတို့အနေဖြင့်လည်း ကုန်သွယ်မှုများပြန်လည်စတင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်နှီးမြှုပ်နှံမှု များ ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကာ၊ တစ်ဖက်တွင် မြန်မာပြည်သူများအပေါ် ရမ်းကားအကြမ်း ဖက်မှုများ ဆက်လက်ကျူးလွန်နေချိန် တဖက်တွင် “ပုံမှန်အခြေအနေပြန်လည်တည်ဆောက်ခြင်း”လမ်း ကြောင်းပေါ် ပြန်ရောက်အောင် တိတ်တဆိတ် ဆွဲခေါ်သွားနိုင်မည် ဖြစ်သည်။

အမှန်ပင် စစ်အုပ်စုသည် အမည်ပြောင်းလိုက်သည့်နေ့တွင်ပင် မြန်မာနှင့်အမေရိကန်နိုင်ငံ နှစ်နိုင်ငံကြား “ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်” ရည်ရွယ်ချက်ဖြင့် ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီတခု နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ပြင် နောက်တရက်တွင်လည်း နောက်ထပ် စာချုပ်တခုကို ထပ်မံချုပ်ဆိုခဲ့ သည်။

ဤလုပ်ရပ်များသည် စစ်အုပ်စု၏ရာဇဝတ်မှုများကို ဖုံးဖိပေးရန်၊ မြန်မာနိုင်ငံ၏ မြေရှားသတ္တုကို အမေရိ ကန်က စိတ်ဝင်စားလာအောင်စည်းရုံးပေးရန်နှင့် စစ်ကောင်စီအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရှောင်လွှဲနိုင်ရန် ကြိုတင်အကွက်ချထားသော ကြိုးပမ်းချက်များဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။

အမေရိကန်သည် လက်ရှိအချိန်အထိ ထိုဟာကွက်ကို ဖာထေးရန် ဆောင်ရွက်ခြင်း မရှိသေးချေ။

မြေပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ လျော့မသွားပါ

စစ်အုပ်စုက ဥပဒေရေးရာကစားကွက်များခင်းနေချိန်တွင် မြန်မာပြည်သူများက ဆင်းရဲဒုက္ခများဆက် ကြုံနေရသည်။ နာမည်ပြောင်းပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် စစ်အုပ်စုသည် ရမ်းကား အကြမ်းဖက်မှု လုပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

စစ်အုပ်စုသည် ဇွန်လနှောင်းပိုင်းမှစ၍ နိုင်ငံတဝှမ်းမှ ဒေသခံရပ်ရွာလူထုများကိုပစ်မှတ်ထားကာ လေ ကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်လာခဲ့သည်။ အသေအပျောက်များခဲ့သည့် ပြီးခဲ့သောလ တပတ်တာအတွင်းကအဖြစ်အပျက်များက ဤအခြေအနေကို ထင်ဟပ်ဖော်ပြနေသည်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကရင်နီပြည်နယ်၊ မော်ချီးမြို့တွင် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး သူငယ်များအပါအဝင် ပြည်သူအနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ရသည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းတခုကို စစ်အုပ်စုကဗုံးကြဲခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးဦးအပါ အဝင် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ရသည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းအတွင်းက အရပ် သားပြည်သူများရှိရာနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၁၆ ဦး သေဆုံးခဲ့ရသည်။ ဤဖြစ်ရပ်များသည် မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်း ငလျင် ကြောင့် နာလန်ထူရန်ကြိုးစားနေသော မြန်မာလူထုထပ်မံရင်ဆိုင်ခဲ့ရသော ဘေးဒုက္ခများဖြစ်သည်။ စစ် အုပ်စုသည် ငလျင်ကပ်ဘေးကာလတွင်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကယ်ဆယ်ရေး အကူအညီများကို တားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့သောကြောင့် ကပ်ဘေးကို ပိုမိုဆိုးရွားစေခဲ့သည်။

စစ်အုပ်စုသည် နိုင်ငံရေးပါတီအများအပြားကိုဖျက်သိမ်းခဲ့သလို သတင်းမီဒီယာများကိုနှိပ်ကွပ်ခဲ့ပြီး နိုင်ငံ ရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကိုလည်း ဆက်လက်ချုပ်နှောင်ထားသည်။ ထိုအကျဉ်းသားများသည် လွတ်ရက်မရှိ ချုပ်နှောင်ခံထားရပြီး မကြာခဏဆိုသလို ညှဉ်းပန်းနှိပ်စက်ခြင်းလည်း ခံနေရသည်။

ဤသို့ အကြမ်းဖက်မှုများ ပိုမိုတိုးများလာသည့်တိုင် အချို့သောအင်အားကြီးနိုင်ငံများသည် စစ်အုပ်စုကို “အသွင်ကူးပြောင်းမှု”အတွက်ပြင်ဆင်နေသော တရားဝင်အစုအဖွဲ့တခုသဖွယ် သဘောထားဆက်ဆံနေ ကြသည်။ မကြာသေးမီကကျင်းပခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Shanghai Cooperation Organization) အစည်းအဝေးကိုကြည့်လျှင် ဤအချက်ကို ရှင်းရှင်းလင်းလင်းတွေ့နိုင်သည်။ ထိုအစည်း အဝေးတွင် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့်အင်ဒိုနီးရှားအပါအဝင် အင်အားကြီးနိုင်ငံများမှခေါင်းဆောင်များ သည် နိုင်ငံတကာရာဇဝတ်မှုတရားခံ မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

သတင်းဌာနများသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(SSPC) ကို တရားဝင်မှု မပေးမိအောင် သတိထားရန်လိုအပ်သည်

နိုင်ငံတကာသတင်းဌာနများသည် စစ်အုပ်စု၏ဝါဒမှိုင်းများကို မေးခွန်းထုတ်ရန်ပျက်ကွက်လျှင် တရားဝင် မှုရရန်ကြိုးပမ်းနေသော စစ်အုပ်စု၏အစီအစဉ်ကို အားပေးအားမြောက်ပြုရာ ရောက်နိုင်သည်။ ဥပမာ မကြာသေးမီက ထုတ်ဝေခဲ့သော ရိုက်တာသတင်းဌာန၏ ဆောင်းပါးတပုဒ်တွင် Davis Brunnstrom က စစ်ကော်မရှင်ကို “အရပ်သားဦးဆောင်သော ကြားကာလအစိုးရ”ဟု ရည်ညွှန်းထားသည်ကိုတွေ့ရသည်။ နောက်ထပ် DW က ထုတ်ဝေသော ဆောင်းပါးတပုဒ်တွင်လည်း ဆောင်းပါးရှင် Zsombor Peter က အလားတူ စစ်ကော်မရှင်ကို “ကြားကာလ အရပ်သားအစိုးရ”ဟု ရည်ညွှန်းထားသည်။ ၎င်းတို့သည် စစ် အုပ်စုက မိမိကိုယ်ကိုရည်ညွှန်းခေါ်ဆိုထားသည့်အသုံးအနှုန်းများကို ဝေဖန်ဆန်းစစ်မှုမရှိဘဲ သံယောင် လိုက်ထားကြသည်ကို တွေ့ရသည်။ ဤအသုံးအနှုန်းများသည် မှားယွင်းယုံသာမက မြေပြင်ပကတိအရှိ တရားများကို ဖုံးဖိပေးရာရောက်နေသည်။ ထို့ပြင် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ကြီးမားသောရင်း နှီးပေးဆပ်မှုများပြုလုပ်လာခဲ့သော ပြည်သူလူထု၏ရုန်းကန်မှုကိုလည်း မှေးမှိန်စေသောကြောင့် အန္တ ရာယ်များသည့် အသုံးအနှုန်းများဖြစ်သည်။

ဤသို့သော စကားအသုံးအနှုန်းများသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် လူထောင် ပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပြီး မြန်မာတနိုင်ငံလုံးကို ရမ်းကားအကြမ်းဖက်လာခဲ့သော ရာဇဝတ်မှုတရား ခံ စစ်အုပ်စုကို အကာအကွယ်ပေးရာရောက်သည်။ ပြည်သူနှင့်ပြန်လည်စစ်ခင်းနေပြီး နိုင်ငံတကာအမြင် ကို လိုရာဆွဲပုံဖော်နိုင်အောင် အစွမ်းကုန်ကြိုးစားလာခဲ့သည့် တရားမဝင်အစုအဖွဲ့တခုကို တရားဝင်မှုပေး ရာလည်းရောက်သည်။ ထို့ပြင် ကမ္ဘာသိသတင်းဌာနကြီးများကိုယ်တိုင်ကပင် အလွန်ကြီးမားသော လူ့ ဘဝဆင်းရဲဒုက္ခများဖြင့်ပြည့်နေသည့် မြန်မာနိုင်ငံအကျပ်အတည်းကို အပေါ်ယံသာနားလည်ကြောင်း ဖော်ပြနေသည့်အပြင် ဤအပြုအမူသည် ကျင့်ဝတ်သိက္ခာမဲ့သော ရေးသားပုံဖော်မှုလည်း ဖြစ်သည်။

ရိုက်တာနှင့် DW အပါအဝင် သက်ဆိုင်ရာသတင်းဌာနအသီးသီးအနေဖြင့် နိုးကြားသတိရှိရန်နှင့် စစ်အုပ်စု ၏ ဝါဒမှိုင်းများအား ဆင့်ကဲဖြန့်ဝေပေးခြင်းမပြုမိအောင် ရှောင်ရှားရန် မိမိအနေဖြင့်တောင်းဆိုသည်။ စစ် အုပ်စုသည် မည်သည့်နည်းနှင့်မျှ အရပ်သားဦးဆောင်သော အဖွဲ့တခုမဟုတ်ပါ။ ၎င်းတို့သည် အလုံးစုံ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်ဖြင့် အတိုက်အခံများကိုအကြမ်းဖက်ဖိနှိပ်ကာ ၎င်းတို့၏ တရားမဝင်အုပ် ချုပ်မှုကို သွတ်သွင်းရန်ကြိုးပမ်းနေသည့် အမည်ပြောင်း မူလစစ်အာဏာရှင်အုပ်စု အဟောင်းသာဖြစ် သည်။

သိက္ခာရှိသော သတင်းဌာနများကိုယ်တိုင်က စစ်အုပ်စု၏ ဝါဒဖြန့်မှုအတိုင်း လိုက်ပါပြောဆိုကြသောအခါ အများပြည်သူကို လှည့်စားမှုဖြစ်စေသည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံမူများကို ထိန်း သိမ်းရန်လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူ နိုင်ရန်လည်းကောင်း ဆောင်ရွက်နေသည့်‌ ပြည်တွင်းပြည်ပကြိုးပမ်ဆောင်ရွက်မှုများကိုလည်း ထိခိုက်မှု ဖြစ်စေသည်။ ထို့ပြင် ဤသို့သော သတင်းရေးသားတင်ဆက်မှုများသည် မြန်မာအရပ်ဘက် အဖွဲ့အစည်း များက ချဉ်းကပ်စည်းရုံးနေသည့် မူဝါဒချမှတ်သူများကိုလည်း အမြင်လွဲမှားစေနိုင်သည်။

အမေရိကန်၏ အခြေခံစံတန်ဖိုးများကို သစ္စာဖောက်ဖျက်ခြင်း

လွန်ခဲ့သော ဆယ်စုနှစ်တခုကျော်ကာလ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်၏ စစ်တပိုင်းအစိုးရလက်ထက် မြန်မာနိုင်ငံ‘ပွင့်လင်း’လာခဲ့ချိန်က အမေရိကန်နှင့်အခြားအနောက်နိုင်ငံများက လုပ်ခဲ့သည့်အမှားအတိုင်း လက်ရှိတွင် နိုင်ငံတကာအစိုးရများသည် ဤ ထပ်တူအမှားကို ထပ်မံပြုလုပ်မိနိုင်သည့် အန္တရာယ်ရှိနေ သည်။ ထိုစဉ်က နိုင်ငံတကာအစိုးရများသည် ရှင်းလင်းသောဗျူဟာနှင့် အရန်အစီအစဉ်မရှိဘဲ ဒဏ်ခတ် ပိတ်ဆို့မှုများကို အဆောတလျင်ပယ်ဖျက်ခဲ့ကြသည်။ ၎င်းတို့သည် တိုးတက်ဖြစ်ထွန်းမှုများအတွက် ဆု ပေးသည့်ပုံဖော်ဆောင်ကာ ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကာလရှည်ကြာ ချမှတ်ထားခဲ့သော အဆိုပါအစီအမံများကို အလဟဿဖြုန်းတီးခဲ့ကြသည်။ တကယ်တမ်း ထိုအစီအမံ များသည် ထိုကာလ စစ်အုပ်စုက မြန်မာနိုင်ငံကို ကမ္ဘာကြီးနှင့်ပြန်လည်ထိတွေ့နိုင်ရေး တံခါးဖွင့်ပေး လာအောင် ကြီးကြီးမားမားတွန်းအားဖြစ်စေခဲ့သော အရာများဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ပြု ပြင်ပြောင်းလဲမှုများက အပေါ်ယံသာဖြစ်ခဲ့ပြီး စစ်တပ်၏ အာဏာဆုတ်ကိုင်ထားမှုကို စိုးစင်းမျှ ထိခိုက်ခဲ့ ခြင်းမရှိသလို တိုင်းပြည်၏ ပြဿနာအရင်းခံ အကြောင်းတရားများကိုလည်း ဖြေရှင်းပေးခဲ့ခြင်း မရှိချေ။ စစ်ခေါင်းဆောင်များသည် နိုင်ငံတကာအသိုင်းအဝိုင်း မျက်စိကျစရာဖြစ်စေသည် ဆိုရုံလောက်သာ လုပ် ပြခဲ့ကြပြီး စောင့်ကြည့်ခဲ့ကြသည်။ ထို့နောက်ပိုင်း ရလဒ်များမှာ ကြိုတင်မှန်းဆနိုင်သော အရာများဖြစ် သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်သည် နောက်တကြိမ် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြန်သည်။ အရပ်သား အစိုးရ ကို ဖယ်ရှားရန်ကြိုးပမ်းခဲ့ပြီး အကြမ်းဖက်ခြောက်လှန့်မှုလှိုင်းအသစ်တခုနှင့်အတူ တိုင်းပြည်ကို စစ်အာ ဏာရှင်စနစ်အောက်သို့ ပြန်လည်သွတ်သွင်းရန်ကြိုးပမ်းခဲ့သည်။ လက်ရှိ မိမိတို့သည် ထိုဒဏ်ခတ်ပိတ်ဆို့ မှုများကို အဆောတလျင် ပယ်ဖျက်ခဲ့ကြသည့်အမှား၏ နောက်ဆက်တွဲ အကျိုးဆက်များထဲတွင် ရှင်သန် ရုန်းကန်နေကြရသည်။

ဤစစ်တပ်သည် ၎င်းတို့လိုချင်သည့်အရာတခုခု ရလိုက်ရုံဖြင့် အာဏာစွန့်လွတ်သွားမည့် စစ်တပ်မဟုတ် ကြောင်း မိမိကောင်းကောင်းသိသည်။ အမေရိကန်နိုင်ငံခြားရေးဌာနကိုလည်း ထိုအကြောင်း မိမိ သတိ ပေးခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို အလွယ်တကူ မပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။ တခါက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပြီးနောက်ပိုင်း ထိပ်ပိုင်း အမေရိကန်သံတမန်တဦးက မိမိပြောတာ မှန် ကြောင်းနှင့် သူ့အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း မိမိကို ပြောခဲ့သည်။ ယခုလည်း မိမိ နောက်ထပ် တကြိမ် ထပ်မံတိုက်တွန်းလိုသည်။ မပြောင်းလဲသော လူသတ်စစ်တပ်က ဆင်ထားသည့်အကွက်ဟောင်း ထဲ ထပ်မဝင်ကြပါနှင့်။ ဤ ရာဇဝတ်တရားခံစစ်တပ်ကို လိုချင်တာပေးပြီး ဆုမချပါနှင့်။ ထိုအစား ဤလူသတ်စစ်တပ်ကိုဖြိုခွင်းရန် ဒီမိုကရေစီလှုပ်ရှားမှုကို ပံ့ပိုးကူညီပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည် ဆောက်နိုင်အောင် မြန်မာပြည်သူများကို ကူညီပါ။ မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုဝင် အပေါင်းအပါ များနှင့် ခရိုနီများကိုအရေးယူကာ ပြည်သူများကိုပြန်လည်တိုက်ခိုက်နေသော ၎င်းတို့၏ အကြမ်းဖက် စစ်ပွဲများကိုဟန့်တားရန် နိုင်ငံတကာအသိုင်းအဝိုင်းက အသုံးပြုနိုင်သော နည်းလမ်းအနည်းငယ် သာရှိ သည်။ ထိုထဲတွင် ဒဏ်ခတ်ပိတ်ဆို့မှုက တခုအပါအဝင်ဖြစ်သည်။

ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့များကိုပယ်ဖျက်မည့်အစား အမေရိကန်အစိုးရသည် စစ်အုပ်စုကို အမည်အသစ်နှင့်တွဲ၍ နောက်ထပ် ဒဏ်ခတ်အရေးယူမှုအသစ်များကို ချက်ချင်းချမှတ်ရမည်။ စစ်အုပ်စု ၏လက်နက်ပွဲစားများနှင့် ခရိုနီများအပေါ် ဒဏ်ခတ်ပိတ်ဆို့များကို မလျော့ချဘဲ ပိုမိုအားကောင်းလာ အောင် တိုးမြှင့်ချမှတ်ရမည်။ စစ်တပ်၏ မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ထွက်ပြေးနေ ရပြီး နိုင်ငံတကာအကူအညီမရနိုင်အောင် ပိတ်ဆို့ခံထားရသော အထိခိုက်လွယ်ဆုံး ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးသူ ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ်များကိုလည်း ပြန်လည်စတင်ကာ တိုးချဲ့ဆောင်ရွက်သွားရမည်။ ထိုသို့ပေးရာတွင်လည်း ဒေသခံအစုအဖွဲ့များကိုယ် တိုင်ဦးဆောင်သော အကူအညီပေးရေးအဖွဲ့များမှတဆင့် နယ်စပ်လမ်းကြောင်းများမှ တိုက်ရိုက်ပံ့ပိုးကူ ညီရမည်။

အမေရိကန်အစိုးရသည် လက်ရှိအခိုက်အတန့်ကို မြေရှားသတ္တုရရှိရေးပြိုင်ဆိုင်ရန် စီးပွားရေးအရ အပေး အယူလုပ်နိုင်သည့် အချိန်ကောင်းဟု မြင်ကောင်းမြင်နိုင်သည်။ သို့သော် စစ်တပ်၏အကြမ်းဖက်မှုကို အဆုံးသတ်ရန် လူထုတော်လှန်ရေးကို လက်တွေ့ပံ့ပိုးကူညီမှု ပေးရမည့်အစား ဤရာဇဝတ် စစ်တပ်ကို မျက်နှာသာပေးကာ ဒဏ်ခတ်ပိတ်ဆို့မှုများကိုဖယ်ရှားခြင်းသည် သံတမန်ဆက်ဆံရေး လုပ်ရပ်တခု မဟုတ်ပါ။ သွေဖယ်၍မရသော အမေရိကန် စံတန်ဖိုးများကို သစ္စာဖောက်ဖျက်လိုက်ခြင်းသာ ဖြစ်ပေ မည်။

မြန်မာပြည်သူများသည် ရက်စက်ကြမ်းကြုတ်သော ဤစစ်အာဏာရှင်စနစ်ကို ဖြိုချရန် ဆယ်စုနှစ်ပေါင်း များစွာ တိုက်ပွဲဝင်လာခဲ့ကြသည်။ ၎င်းတို့သည် လက်ရှိတွင် သမိုင်းတလျှောက် အောင်မြင်မှုရနိုင်ခြေ အမြင့်ဆုံးအခြေအနေတွင် ရှိနေသည်။ အမေရိကန်နိုင်ငံသည် လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီ ခုခံတွန်းလှန်ရေး လှုပ်ရှားမှုကို ထိခိုက်စေသော လုပ်ရပ်များ လုပ်မိပြီး ပြိုလဲလုနည်းပါး ဖြစ်နေသော တရားမဝင် လူသတ် စစ်အုပ်စုကို ဝင်ကယ်မိသည့် အဖြစ်သို့ လုံးဝအရောက်ခံ၍ မရပါ။

ယခုဆောင်းပါးကို ခင်ဥမ္မာရေးသားသည်။ ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့သည့် မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူဖြစ်သည်။ ၎င်းသည် လူ့အခွင့်အရေးအဖွဲ့ Progressive Voice ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။


ဆောင်းပါးကိုမူလနေရာတွင် ဖတ်ရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia