20 June 2025
Burmese Rohingya Organisation UK, Chin Human Rights Organization, Human Rights Foundation of Monland, Kachin Women’s Association Thailand, Karen Human Rights Group, Karen Peace Support Network, Karenni Civil Society Network, Karenni National Women’s Organization, Progressive Voice, RW Welfare Society

ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက်
၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော လူထုအသိုင်းအဝိုင်းများအား နယ်စပ်အခြေပြု အကူအညီများနှင့် ဥပဒေအရကာကွယ်မှုများမှတစ်ဆင့် ပံ့ပိုးကူညီပေးရန်
အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုကို ပိုမိုဆိုးရွားစေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ပေးရန်
ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသော လူထုအသိုင်းအဝိုင်းများ အလွန်အမင်း လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို နယ်စပ်အခြေပြုလမ်းကြောင်းများမှ တစ်ဆင့် ပံ့ပိုးကူညီခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာဒုက္ခသည်များကို ဥပဒေအရအကာအကွယ်ပေးရန် ခိုင်မာအားကောင်းသည့် လုပ်ဆောင်ချက်များကို ချက်ချင်း လုပ်ကိုင်ဆောင်ရွက်ပေးရန် မိမိတို့မှ ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
၂၀၂၅ ခုနှစ် အမေရိကန်အစိုးရမှ စာနာမှုကင်းမဲ့စွာ အကူအညီ ရုတ်တရက်ဖြတ်တောက်မှု ကြုံနေရချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာလူထုအသိုင်းအဝိုင်းများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အခြားသော ထောက်ပံ့မှုများကို ပြန်လည်ပံ့ပိုးပေးရန်နှင့် တိုးမြှင့်ပေးရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ယင်းအကူအညီများကို ယုံကြည်စိတ်ချရသော မြန်မာနိုင်ငံ ရှေ့တန်းမျက်နှာစာရှိ ဒေသခံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်သူများအား နယ်စပ်အခြေပြု လမ်းကြောင်းများတစ်ဆင့် တိုက်ရိုက်ပေးအပ်ရမည် ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ အလွန်အမင်းလိုအပ်နေသော အကူအညီများကို ပေးပို့နိုင်မည်ဖြစ်သည့်အပြင် ထိုလူထုတို့၏ ကြံ့ကြံ့ခံတွန်းလှန်နိုင်စွမ်းကိုလည်း ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်ပေးခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသော လူထုအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော ဖြေရှင်းမှုများ ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် နယ်စပ်အခြေပြု လမ်းကြောင်းများ မှတစ်ဆင့် ဆောင်ရွက်နေသည့် အကူအညီများ သယ်ယူပို့ဆောင်မှုနှင့် ဒေသခံများဦးဆောင်သည့် လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး၊ အထူးသဖြင့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် အတင်းအကျပ် ပြန်မပို့ရေး အပြည်ပြည်ဆိုင်ရာတာဝန်ဝတ္တရားကို လေးစားလိုက်နာရန်၊ နှင့် မြန်မာပြည်သူများကို တရားလက်လွတ် ဖမ်းဆီးခြင်း၊ ၎င်းတို့အား နိုင်ငံမှနှင်ထုတ်ခြင်း၊ အဝင်မခံဘဲနှင်ထုတ်ခြင်း၊ နှင့် အတင်းအကျပ်ပြန်ပို့ခြင်းတို့ကို အဆုံးသတ်ရန် မိမိတို့မှ တောင်းဆိုသည်။ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ နိုင်ငံအားလုံးသည် အကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာသူ အားလုံးအတွက် လုံခြုံရေးနှင့် အကာအကွယ်ပေးရေးကို သေချာစွာ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာဒုက္ခသည်များအတွက် ဒုက္ခသည်များအခြေချ နေထိုင်ရေးအခွင့်အလမ်းများ ပြန်လည်ဖွင့်ပေးရန်နှင့် ပိုမိုတိုးချဲ့ပေးရန်အပြင်၊ အလုပ်လုပ်ခွင့်၊ ကျောင်းသားဗီဇာများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော အခြေခံကျသည် ဝန်ဆောင်မှုများရပိုင်ခွင့်တို့အပါအဝင် ယာယီ ဥပဒေနှင့်အညီ အကာအကွယ်ပေးမှုများကို ပံ့ပိုးကူညီပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် သံသရာကို အဆုံးသတ်နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ဘက်စုံအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေရန် ကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် တရားမဝင်စစ်အုပ်စုတို့မှ နိုင်ငံတကာဥပဒေအရ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို ခိုင်မာအားကောင်းပြီး ဟန်ချက်ညီသော လုပ်ဆောင်ချက်များဖြင့် အရေးယူဆောင်ရွက်ရန် မိမိတို့မှ ထပ်မံတောင်းဆိုလိုက်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အုပ်စု၏ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည့်လုပ်ဆောင်နိုင်စွမ်းကို အချိန်အဆိုင်းဘဲ ချက်ချင်း ပိတ်ပင်တားဆီးရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) မှ တရားသူကြီးများအနေဖြင့် အချိန်မဆွဲဘဲ တရားစွဲအရာရှိ၏ လျှောက်ထားချက်ကို အလျင်အမြန်လက်ခံပေးရန်နှင့် မင်းအောင်လှိုုင်ကို ဖမ်းဆီးနိုင်ရန်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ပေးရန် မိမိတို့မှ မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာစစ်အုပ်စုကြောင့် လူပေါင်း ၃.၅ သန်းကျော်သည် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရခြင်း
မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကြောင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုအခြေအနေကို ဆက်လက်ဆိုးရွားလာစေသည်သာမက နိုင်ငံတစ်ဝှမ်းနှင့် နိုင်ငံ၏နယ်စပ်ဒေသများရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေသည်။ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ (Internal displaced persons – IDPs) ပမာဏ နှစ်ဆကျော် တိုးမြှင့်လာခြင်းနှင့်အတူ၊ နိုင်ငံတစ်ဝန်း လူဦးရေ ၃.၂ သန်းကျော်သည် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်အုပ်စုကြောင့် အာဏာသိမ်းရန်ကြိုးပမ်းမှု မတိုင်မီကတည်းကပင် အထူးသဖြင့် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ကာလကြာရှည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ခန့်မှန်းခြေ ၃၂၈,၀၀၀ ခန့်ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် အဆိုပါအရေအတွက်များသည် ထိခိုက်ခံရသည့် ပြည်သူလူထုနှင့် တိုက်ရိုက်လက်လှမ်းမီမှုရှိသည့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်း (Community-based organization – CBO) များနှင့် လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ဆောင်ရွက်သူများမှ မှတ်တမ်းတင်ထားသည့် ပိုမိုကြီးမားထင်ရှားသော အရေအတွက်များနှင့် ယှဥ်ထိုးလျင် အထူးလျှော့ပေါ့ တွက်ချက်ထားခြင်းသာ ဖြစ်သည်။
ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းစတင်ချိန်မှစ၍ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် အများအပြားမှာ IDP စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုဌာနများ၊ သာသနိကနယ်မြေများနှင့် IDP များ ခိုလှုံရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် လေကြောင်းတိုက်ခိုက်မှု ၁၀၄ ရာခိုင်နှုန်း ပို၍ လုပ်ဆောင်ထားပြီး ဖြစ်သည်။ ယင်းအပြင် ပြီးခဲ့သောခြောက်လအတွင်း စစ်အုပ်စုသည် IDP အသိုင်းအဝိုင်းများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် စက်တပ်လေထီးဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ နှင့် အခြားသောလေကြောင်းတိုက်ခိုက်မှုပုံစံများကို တစ်ဟုန်ထိုး တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ထိုကဲ့သို့သော တိုးမြှင့်လုပ်ဆောင်သည့် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး IDP အသိုင်းအဝိုင်းများကို ထပ်ခါတလဲလဲ ထွက်ပြေးတိမ်းရှောင်ရမှုထဲ တွန်းပို့နေသည်။ စစ်အုပ်စုသည် ပြိုကျတော့မည့်ဆဲဆဲ ဒယိမ်းဒယိုင်ဖြစ်နေပြီဖြစ်ရာ ယင်းတိုက်ခိုက်မှုများသည် စစ်အုပ်စုကို အဆုံးသတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန်၊ နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်မည့် မြန်မာပြည်သူများ၏ အောက်ခြေလူထုတော်လှန်ရေးအပေါ် စစ်အုပ်စုမှ သိမ်းကြုံး၍စုပေါင်း ပြစ်ဒဏ်ခတ်မှု၏ တစ်စိတ်တစ်ပိုင်းတစ်ခုပင် ဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇.၇ မဂ္ဂနီကျုရှိသည့် မြေငလျင်ကြီးတစ်ခု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့်အတွက် လူဦးရေ ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁,၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ လူပေါင်း ၂၀၀,၀၀၀ ကျော်သည် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီး နောက်ဆက်တွဲငလျင်များ၊ ပြင်းထန်လွန်းသည့် အပူဒဏ်နှင့် မိုးသက်မုန်တိုင်းများ၏ အန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသော အခြေအနေတွင် ယာယီတည်ဆောက်ထားသော တဲအိမ်များနှင့် ယာယီခိုလှုံစခန်းများတွင် အသက်ဆက်နေခဲ့ကြရသည်။ မြန်မာပြည်သူများသည် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကြည့်ရှုစောင့်ရှောက်နေခဲ့ကြပြီး၊ ပြည်သူမှပြည်သူသို့ သွေးစည်းညီညွတ်မှုမှတစ်ဆင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အားထုတ်မှုများကို ကူညီပံ့ပိုးပေးနေချိန်တွင် စစ်အုပ်စုသည် အကူအညီပံ့ပိုးမှုများကို လက်နက်သဖွယ် အသုံးပြုခြင်း၊ ခြယ်လှယ်အသုံးချခြင်း၊ နှင့် ပိတ်ဆို့တားမြစ်ခြင်းများကို လုပ်ဆောင်နေသည့်အပြင် အရပ်သားများအပေါ် အသက်ဘေးကျရောက်စေသည့် တိုက်ခိုက်မှုများကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ပိုမို တိုးမြင်စေပြီး ဘေးဒဏ်သင့်ပြည်သူများ၏ ခံစားရမှုများကိုလည်း ပို၍ ဆိုးရွားလာစေခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စုသည် ငလျင်ဗဟိုချက်နေရာဖြစ်သည့် စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးများ အပါအဝင် နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ၉၈၂ ကြိမ် လုပ်ဆောင်ခဲ့ရာ အနည်းဆုံး လူဦးရေ ၆၀၈ ဦး သေဆုံးခဲ့သည်။
စစ်အုပ်စုသည် အရပ်သားများအပေါ် လုပ်ဆောင်နေသည် ၎င်း၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများနှင့်အတူ အဓမ္မစစ်သားစုဆောင်ရေးလှုပ်ရှားမှုများဖြင့် အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုကို ပိုမိုဆိုးရွားလာစေခဲ့ပြီး ယင်းသည် ထောင်နှင့်ချီသောလူငယ်များက လူသတ်စစ်အုပ်စုထံတွင် စစ်မှုထမ်းရမည့်ဘေးမှ လွတ်မြောက်ရန်နှင့် ၎င်းတို့၏ အသက်ဘေးမှလွတ်မြောက်ရန် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများသို့ သို့မဟုတ် နိုင်ငံတကာ နယ်စပ်များဆီ ထွက်ပြေးတိမ်းရှောင်ရမှုကို ဖြစ်ပွားစေခဲ့သည်။ စစ်အုပ်စု၏အဖွဲ့ဝင်များသည် အတင်းအဓမ္မစစ်သားစုဆောင်ရေး အတွက် LGBTQIA+ အသိုင်းအဝိုင်းကို ပစ်မှတ်ထားလာခဲ့ခြင်းကြောင့် ၎င်းတို့အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ငွေညှစ်ခြင်းခံရခြင်း၊ သို့မဟုတ် စစ်မှုထမ်းရမည့်ဘေးမှ လွတ်မြောက်နိုင်ရန် ပုန်းအောင်းနေရခြင်းတို့ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ LGBTQIA+ များမှလည်း ဘေးဖယ်ကြဥ်ခံရမှုများ ပိုမို၍ ကြုံတွေ့ခံစားနေကြရသည်။
မြန်မာဒုက္ခသည်များသည် ဥပဒေနှင့်မညီသည့် နှင်ထုတ်ခံရခြင်းနှင့် စိတ်ပျက်ဖွယ်အခြေအနေများနှင့် ဆက်လက်ရင်ဆိုင်နေရခြင်း
နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်၍ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ ဘေးကင်းလုံခြုံရေးအား ရှာဖွေနေသည့် သန်းနှင့်ချီသော မြန်မာပြည်သူများအတွက် အကာအကွယ်ရရှိနိုင်ရေး အာမခံမှုများမှာ ဆက်လက်၍ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းချိန်မှစ၍ သိန်းနှင့်ချီသော ပြည်သူများသည် စစ်အုပ်စု၏ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် တခြားသောနိုင်ငံများသို့ ဝင်ရောက် ခိုလှုံလာခဲ့ကြသည်။ နိုင်ငံမှနှင်ထုတ်ခြင်း၊ နိုင်ငံအတွင်းဝင်ခွင့်မပြုဘဲ နှင်ထုတ်ခြင်း၊ နှင့် အခြားသော နယ်နှင်မှုပုံစံများ အပါအဝင် မြန်မာနိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ခြင်းကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံများက ကျင့်သုံးနေကြပြီး ယင်းက အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းပင် ဖြစ်သည်။ မြန်မာစစ်အုပ်စု၏လက်ထဲသို့ ပြန်လည်ပို့ဆောင်ခံရသူ မည်သူမဆိုသည် အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ညှဥ်းပန်းနှိပ်စက်ခံရခြင်း၊ သို့မဟုတ် ပေါ်တာ၊ လူသားဒိုင်းနှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် အသုံးပြုခံရခြင်းတို့အပါအဝင် ပြန်လည်ကုစား၍ မရနိုင်သောအန္တရာယ်များ ခံစားရမည်မှာ ငြင်းဆန်မရနိုင်သော အရှိတရားပင်ဖြစ်သည်။
သိသာသောအချက်တစ်ခုအနေဖြင့် အိန္ဒိယအစိုးရသည် စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဥ်းပန်းမှုများမှ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများကို လက်မခံဘဲနှင်ထုတ်သည့် အိန္ဒိယ၏ မူဝါဒနှင့် ကျင့်သုံးဆောင်ရွက်မှုများကို ကျယ်ကျယ်လောင်လောင် ကြေညာလာနေသည့်တစ်ချိန်တည်းတွင် မြန်မာဒုက္ခသည်များကို စနစ်တကျ ဖိနှိပ်မှုတစ်ရပ် လုပ်ဆောင်လာကာ ၎င်းတို့အား တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဥပဒေနှင့်မညီဘဲ နှင်ထုတ်လျက် ရှိသည်။ မေလအစောပိုင်းတွင် အိန္ဒိယရေတပ်က ရိုဟင်ဂျာဒုက္ခသည် ၄၀ ဝန်းကျင်ကို အန်ဒမန်ပင်လယ် ထဲသို့ အတင်းအဓမ္မ နှင်ထုတ်ခဲ့ခြင်းဖြင့် အတင်းအကျပ် ပြန်မပို့ရေး အခြေခံမူကို လုံးဝချိုးဖောက်ခဲ့ပြီး ဒုက္ခသည်များ၏ အသက်နှင့်ဘေးကင်းလုံခြုံရေးကို မလိုလားကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် အလှူရှင်အစိုးရများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ ရုတ်တရက် ချမှတ်ခဲ့သည့် စာနာမှုကင်းမဲ့သော ကြီးကြီးမားမား အကူအညီဖြတ်တောက်မှုများသည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနှင့် အခြား အိမ်နီးချင်းနိုင်ငံများရှိ သန်းနှင့်ချီသော မြန်မာဒုက္ခသည်များ၏ အလွန်အမင်း လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားလာစေခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာဒုက္ခသည်များသည် ဒုက္ခသည်များ၏ ဥပဒေဆိုင်ရာ အကာအကွယ်၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြား အခြေခံကျသောဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရေးကို စနစ်တကျ ငြင်းဆန်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် အမုန်းစကား၊ ခွဲခြားဆက်ဆံမှုနှင့်ဘေးဖယ်ကြဥ်ခံရမှုများကိုလည်း ဆက်လက် ရင်ဆိုင်ခံစားနေကြရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ယခင်တစ်ခါမျှ မဖြစ်ခဲ့ဖူးသည့်အဆင့်ကို ရောက်လာခဲ့ပြီဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်သည် ပြန်လည်ပြုပြင်၍ မရနိုင်သော လူမဆန်သည့် အခြားသော အခြေအနေများနှင့်အတူ လူဦးရေပြည့်သိပ်မှု၊ မီးဘေး၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မလောက်ငှမှုနှင့် အကန့်အသတ်များရှိနေမှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲခံရခြင်းကို ကြောက်ရွံ့နေရမှုနှင့် သွားလားလှုပ်ရှားမှုများအပေါ် ပြင်းထန်သောကန့်သတ်မှုများကို ဆက်လက်ရင်ဆိုင်နေကြရသည်။ ဒုက္ခသည်လူဦးရေ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေသည့် ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးသူငယ်များသည် အထူးသဖြင့် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုခံရနိုင်ခြေ မြင့်မားနေသည့်အပြင် ပညာရေးဆိုင်ရာအခွင့်အလမ်းများ ဆိုးရွားစွာ ကင်းမဲ့နေသည့် အခြေအနေကို ရင်ဆိုင်နေကြသည်။ ကြီးမားသော အကူအညီဖြတ်တောက်မှုများက ရိုဟင်ဂျာဒုက္ခသည် များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ပိုမိုဆိုးရွားသည့် အန္တရာယ်ကျရောက်စေလိမ့်မည်ဖြစ်ပြီး ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာနှင့် အခြားသော အသက်ကယ်ရေးအကူအညီများ ထောက်ပံ့မှုများကို အမေရိကန်ပြည်ထောင်စုနှင့် အခြားအလှူရှင်အစိုးရများကို ပြန်လည်ပံ့ပိုးပေးရန်နှင့် တိုးမြှင့်ပေးရန် လိုအပ်နေကြောင်းကို မီးမောင်းထိုး ဖော်ပြနေသည်။
နှစ်စဥ်နှစ်တိုင်း ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံရှိ လူမျိုးသုဥ်းသတ်ဖြတ်မှုမ့ေသော ဖိနှိပ်ညှဥ်းပန်းမှု များနှင့် အထက်တွင်ဖော်ပြခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိုးရွားလှသော အခြေအနေများမှ ထွက်ပြေးလွတ်မြောက်ရန် အလွန်ပင်အန္တရာယ်များသော မြေပြင်နှင့် ပင်လယ်ပြင် ဖြတ်ကျော်မှုများမှတစ်ဆင့် လုပ်ဆောင်နေသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ၂၀၂၄ ခုနှစ်သည် ရိုဟင်ဂျာများအတွက် ပင်လယ်မြစ်ကြောင်း ခရီးလမ်းများအတွင်း အသေအပျောက် အများဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ဖြစ်ရပ်တစ်ခုမှာ စစ်အုပ်စုက ရိုဟင်ဂျာဒုက္ခသည် ၁၈၀,၀၀၀ ကို နေရပ်ပြန်ရေး လက်ခံနိုင်ဖွယ်ရှိသည်ဟု အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၂၅ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့ခြင်းပင် ဖြစ်သည်။ ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ လူမျိုးသုဥ်းသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာများကို အတင်းအကျပ်နေရပ်ပြန်ပို့ခံရခြင်းမှ အကာအကွယ်ပေးရန်နှင့် ဒုက္ခသည် များကို နေရာချထားရေးအစီအစဉ်အပါအဝင် ရိုဟင်ဂျာများ၏ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ပေးမှုများကို ကြားဝင် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူစလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ ကုလသမဂ္ဂ၏ ညီလာခံတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံမှုရှိပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ၎င်းတို့၏ ဆန္ဒအလျောက်နေရပ်ပြန်ရေး၊ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေးနှင့် ၎င်းတို့အား အကာအကွယ်ပေးရေးဆိုင်ရာ အကူအညီများကို အာမခံပေးမည့် ခိုင်မာသော လုပ်ငန်းစဥ်များပါဝင်သည့် လမ်းပြမြေပုံတစ်ရပ်ကို စတင်ရေးဆွဲရမည် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းခေါင်းဆောင်များတို့နှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ရာတွင် ရိုဟင်ဂျာများ၏ ဝိသေသလက္ခဏာကို အသိအမှတ်ပြုခြင်းအပါအဝင် ရိုဟင်ဂျာဖြစ်မှုကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ်သာမက နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်တွင် တန်းတူညီမျှမှု ရှိသော နိုင်ငံရေးအရ သက်ဆိုင်ပါဝင်သူတစ်စုအဖြစ် အသိအမှတ်ပြုရေး သေချာစွာလုပ်ဆောင်ရမည် ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ကိုးခုမှ ကရင်နှင့် ကရင်နီလူမျိုးများ အဓိကပါဝင်သည့် ဒုက္ခသည် ၁၁၀,၀၀၀ ဦးတို့သည်လည်း အမေရိကန်အစိုးရ၏ ကြီးမားသော အကူအညီဖြတ်တောက်မှု၊ စားနပ်ရိက္ခာ လျှော့ချမှု၊ အမေရိကန်အစိုးရ၏ ဒုက္ခသည်လက်ခံရေးအစီအစဥ် ဆိုင်းငံ့မှုနှင့် ထိုင်းနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်းမှု လက်လှမ်းမီနိုင်မှု ကင်းမဲ့နေခြင်းတို့ကြောင့် ယင်းဒုက္ခသည်များသည် ကြီးမားလှသော အခက်အခဲများကို ရင်ဆိုင် ခံစားနေကြရသည်။ အသက်ငါးနှစ်အောက် ကလေးများအတွက် စားနပ်ရိက္ခာကို တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ငါးပြားအထိ လျှော့ချခံရပြီး၊ ငါးနှစ်အထက် ကလေးများအတွက်မူ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ရှစ်ပြားသာ ရရှိမည် ဖြစ်သည်။ အမေရိကန်အကူအညီ ဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း အနည်းဆုံး အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် နှစ်ဦးအပါအဝင် ဒုက္ခသည်များ သေဆုံးစေသည်အထိ ဖြစ်ပွားခဲ့ပြီး အသက်ကယ်ရေး ဆေးဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုးနေသော အဖွဲ့အစည်းများ၏ ဆေးကုသမှု လုပ်ငန်းများကို ရပ်ဆိုင်းဖိအားပေးခံရခြင်း၊ နှင့်/သို့မဟုတ် လူနာများအနေဖြင့် ဒေသခံဆေးရုံများသို့ ပြောင်းရွှေ့ကုသခြင်းကြောင့် ကုန်ကျစားရိတ် အလွန်ကြီးမားခြင်းက ဆေးကုသမှုခံရန် ရှောင်ကြဉ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
မလေးရှားနိုင်ငံတွင် ချင်းနှင့် ရိုဟင်ဂျာ အပါအဝင် မြန်မာဒုက္ခသည် ၁၈၀,၀၀၀ ကျော်သည် ကျန်းမာရေး၊ ပညာရေး၊ နှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်များ လက်လှမ်းမီမှု မရှိသလောက်ကြုံတွေ့ခံစားနေရချိန်တွင် မလေးရှားအစိုးရမှ တရားလက်လွတ် ဖမ်းဆီးခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အတင်းအကျပ် ပြန်ပို့ခြင်း အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ မလေးရှားနိုင်ငံ လူဝင်မှုကြည့်ကြပ်ရေး အာဏာပိုင်များမှလည်း ဒုက္ခသည်အဖွဲ့အစည်း များမှ လုပ်ဆောင်သော ဘာသာရေးဆိုင်ရာစုဝေးမှုများ၊ ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်းများကို ဝင်ရောက်စီးနှင်းပြီး လူနေအဆောက်အဦးများနှင့် မြန်မာဒုက္ခသည်များ နေထိုင်ရာ အခန်းများနှင့် နေရာများကို “ကန့်သတ်ပိတ်ပင်ခြင်းများ” လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သောနှစ်က မလေးရှား အာဏာပိုင်များက ချင်းတိုင်းရင်းသား ၅,၀၀၀ အပါအဝင် ထောင်နှင့်ချီသော မြန်မာဒုက္ခသည်များကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ရာနှင့်ချီသော ရိုဟင်ဂျာများကို သယ်ဆောင်လာသော ဒုက္ခသည်လှေများကို နောက်ပြန်လှည့်ထွက်ခွာစေခဲ့သည်။ ချင်းဒုက္ခသည် အဖွဲ့များ၏ ထုတ်ပြန်ချက်အရ တရားမဝင်အာဏာသိမ်းရေးကြိုးပမ်းမှုချိန်မှစ၍ ချင်းတိုင်းရင်းသား ဒုက္ခသည်ဦးရေ ခန့်မှန်းခြေ ၁၂,၀၀ ခန့်သည် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရပြီး ဖြစ်သည်။
စစ်အုပ်စု၏ တိုက်ခိုက်မှုများနှင် ကြီးမားလှသည့် အကူအညီဖြတ်တောက်မှုများကြောင့် ပိုမိုမြင့်တက်လာနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ IDP များ၏ လိုအပ်ချက်များ
မြန်မာနိုင်ငံရှိ IDP များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသည်လည်း ယခင်ကတစ်ခါမျှ မဖြစ်ခဲ့ဖူးသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ IDP သန်းပေါင်းများစွာသည် အစားအစာ၊ ဆေးဝါး၊ သန့်ရှင်းသောရေ၊ ခိုလှုံရန်နေရာ၊ တစ်ကိုယ်ရေသန့်ရှင်းဆိုင်ရာပစ္စည်းများကို ပိုမို၍ လိုအပ်လာနေလျက် ရှိသည်။ စစ်အုပ်စု၏ တိုင်းပြည်ပျက်စီးရေး ကျယ်ပြန့်သော လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးပြိုကျမှုတွင် IDP များသည် ၎င်းတို့၏ဌာနေလူမျိုးစုအသိုင်းအဝိုင်းများ ဘဝနေထိုင်မှုပုံစံများကို လက်လွတ်ဆုံးရှုံးသွားကြရပြီး လက်ရှိတွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် ရုန်းကန်နေကြရသည်။ နိုင်ငံတစ်ဝန်းတွင် IDP များသည် စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်း၊ မုတ်သုံရာသီအတွင်း ဆိုးဆိုးရွားရွား ရေကြီးမှုကဲ့သို့ ဆိုးရွားပြင်းထန်သော ရာသီဥတုအခြေအနေများ၊ ပညာရေး သို့မဟုတ် ကျန်းမာရေး လုံးဝလက်လှမ်းမီမှု မရှိခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ ရှားပါးမှု၊ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် စိတ္တ-လူမှုဆိုင်ရာ အထောက်အပံ့များရရှိမှု အကန့်အသတ်ကြီးစွာဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ရေရှည်စိတ်ဒဏ်ရာများ ကိုလည်း ခံစားနေကြရသည်။
စစ်အုပ်စု၏ လေကြောင်းဖြင့် အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် IDP များသည် အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး စွမ်းဆောင်ရည်များကို ကျဆင်းစေခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတစ်လျှောက် အတင်းအကျပ်နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရမှုများကြောင့် အမျိုးသမီးနှင့်ကလေးများသည် အာဟာရ ရရှိမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး လက်လှမ်းမီမှုများကို ဆုံးရှုံးရခြင်းအပြင် လူကုန်ကူးမှုခံရမည့် အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားလာနေသည်ဖြစ်ရာ ၎င်းတို့အပေါ် သက်ရောက်မှုအခြေအနေများမှာ ပို၍ ဆိုးရွားလာနေသည်။ နောက်ဆက်တွဲအနေဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားမှုနှင့် စပ်လျဉ်းသော သေဆုံးမှုများနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးရလဒ်များကို ခံစားနေကြရသည်။
ရခိုင်ပြည်နယ်တွင် စစ်အုပ်စုက လွတ်လပ်စွာ ရွေ့လျားသွားလာခွင့်မရှိဘဲ စစ်အုပ်စုထိန်းချုပ်ထားသည့် အကျယ်ချုပ် ဒုက္ခသည်စခန်းများအတွင်း ထိန်းသိမ်းခံထားရပြီး ပြင်ပလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကိုသာ လုံးဝမှီခိုနေရသည့် ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၁၄၅,၀၀၀ အပေါ် ငတ်မွတ်ခေါင်းပါးခြင်းကို လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ လက်နက်သဖွယ် အသုံးချနေသည်။ ၂၀၂၅ ခုနှစ် ဧပြီလနှောင်းပိုင်းအထိ စစ်တွေ IDP စခန်းများရှိ ရိုဟင်ဂျာဒုက္ခသည် ၁၁၂,၀၀၀ အနက် ၇၀ ရာခိုင်နှုန်းသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရသည်။ မြန်မာရိုဟင်ဂျာအသင်း ယူကေ (Burmese Rohingya Organisation UK) အဖွဲ့၏ ဥက္ကဌ ကိုထွန်းခင်က “ငတ်မွတ်ခေါင်းပါးမှုက ကျည်ဆန်တွေအစား နေယူလာနေပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် အဓိကလက်နက် ဖြစ်လာတယ်။ အမေရိကန်အစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဖြတ်တောက်လိုက်တာဟာ ကျနော်တို့အပေါ် ငတ်မွတ်ခေါင်းပါးမှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတဲ့ မြန်မာစစ်အုပ်စုရဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာမူဝါဒကို အထောက်အပံ့ဖြစ်သွားစေတယ်” ဟု ပြောခဲ့သည်။ ထို့အပြင် စစ်အုပ်စုသည် အခြားပြည်နယ်နှင့်တိုင်းများတွင် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရခိုင်ပြည်နယ်သို့ မရောက်ရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆက်လက် ပိတ်ပင်တားဆီးလျက် ရှိသည်။ အကူအညီများကို ရည်ရွယ်ချက်ရှိရှိ တားမြစ်ပိတ်ပင်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပြီး ယင်းကို နိုင်ငံတကာမှ ဝေဖန်ရှုံ့ချမှုများနှင့် လျင်မြန်သောတုံ့ပြန်ဆောင်ရွက်မှုများဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။
စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းတွင် အကူအညီပေးရေး အေဂျင်စီများ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လည်ပတ်မှုများကို ကန့်သတ်ခြင်း၊ အဝင်အထွက်လမ်းကြောင်းများကို ပိတ်ဆို့ခြင်း၊ အထောက်အပံ့ ပစ္စည်းများကို သိမ်းယူခြင်း၊ ဝန်ဆောင်မှု ပေးသည့်ဝန်ထမ်းများ၊ ဆေးဝန်ထမ်းများ၊ ဒေသခံ ကူညီတုံ့ပြန်ရေးလုပ်ဆောင်သူများနှင့် စေတနာ့ဝန်ထမ်းများကို ဖမ်းဆီးခြင်းနှင့် တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးချခြင်း၊ ဖျက်ဆီးခြင်းနှင့် အမြတ်ထုတ်ခြင်းတို့ ဆက်လက်လုပ်ဆောင်နေလျက် ရှိသည်။ စစ်အုပ်စုမှတစ်ဆင့် ပေးပို့သည့် မည်သည့် အကူအညီမဆို အကူအညီအလိုအပ်ဆုံး ဖြစ်သည့် IDP များထံ လုံးဝ ရောက်ရှိမည်မဟုတ်သည်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြနေသည်။
နယ်စပ်အခြေပြုအကူအညီလမ်းကြောင်းများသည် အယုံကြည်ရဆုံး၊ အထူးသဖြင့် စစ်အုပ်စု၏ တိုက်ခိုက်မှုကို ခံနေရသည့် အကူအညီများ အမှန်တကယ်လိုအပ်နေသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများထံ ထိရောက်စွာ ရောက်ရှိစေသော နည်းလမ်းတစ်ခုအဖြစ် သက်သေထူထားပြီး ဖြစ်သည်။ ဒေသခံတိုင်းရင်းသား လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများသည် ထိုနယ်ပယ်များနှင့်ပတ်သက်၍ နက်ရှိုင်းသော ဗဟုသုတနှင့် အတွေ့အကြုံရှိခြင်း၊ ဒေသခံလူမှုအသိုင်းအဝိုင်း များ၏ ယုံကြည်မှုရရှိထားခြင်း၊ အကျပ်အတည်းဆိုင်ရာ တိကျသေချာမှုရှိသည့် နောက်ဆုံးရ သတင်းအချက်အလက်များကို စုဆောင်းခြင်းနှင့် တင်ပြဖလှယ်နိုင်ခြင်း၊ အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများကို အမှန်တကယ်လိုအပ်သည့် နေရာများသို့ လျင်မြန်စွာဖြင့် လုံခြုံမှုရှိရှိ ထိရောက်စွာ ပေးပို့မှုများကို လုပ်ဆောင်နေကြသည်။ ထားဝယ်အရှေ့ပိုင်းရှိ ကရင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတစ်ဦးက “ကျနော်တို့ ဒေသတွေမှာရှိတဲ့ IDP တွေရဲ့ တကယ်အလုပ်ဖြစ်တာက နယ်စပ်ဖြတ်ကျော် အကူအညီတွေနဲ့ ဒေသခံတိုင်းရင်းသား ဝန်ဆောင်မှုပေးသူတွေဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ အလှူရှင်တွေက စစ်အုပ်စုကတစ်ဆင့် အကူအညီတွေ ပေးပို့ပြီး အသက်ကယ်မယ်ဆိုတဲ့ အတွေးတွေကို အမြန်ဆုံး ရပ်တန့်သင့်တယ်။ အလုပ်မဖြစ်ဘူး…။ အကူအညီတွေကို ပိတ်ပင်တားဆီးတာတွေ၊ လုယူခံရတာတွေ၊ ဒါမှမဟုတ် ထိန်းချုပ်ကန့်သတ်ခံရတာတွေကို ကျတော်တို့ ထိပ်တိုက် မျက်မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အဲ့ဒါကြောင့် တကယ်မြေပြင်မှာ လုပ်ကိုင်နေပြီး ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှု၊ သမာသမတ်ရှိမှုနဲ့ လက်လှမ်းမီမှုတွေ ရှိတဲ့သူတွေဆီမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းချင်တယ်။” ဟု ပြောကြားခဲ့သည်။
ဟန်ချက်ညီသော စုပေါင်း အရေးယူဆောင်ရွက်မှုများအား တောင်းဆိုခြင်း
မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ အကြောင်းရင်းခံ ဖြစ်သည်။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကြောင့် ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေကြရသည့်အတွက် ပြည်သူသန်းပေါင်းများစွာမှာ ပြည်တွင်းနှင့် ပြည်ပတို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာပြည်သူများသည် မည်သူမျှမသိမမြင်ဘဲ အမေ့ခံများဖြစ်နေသည်ဟု ခံစားနေကြရကြောင်းကို မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ တစ်နေရာတွင် နေထိုင်နေသော အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျမတို့ နေရပ်ရင်းကနေ တမင်ထွက်ပြေးချင်လို့ ထွက်ပြေးလာတာတော့ မဟုတ်ဘူး။ (နွေဦးတော်လှန်ရေးစပြီး) တကယ့်ကို နေလို့မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဆက်နေရင် သေမှာလေ..။ ကျမဇာတိမှာ ဒေသခံ လူနာတွေကို ဆေးကုပေးတယ်။ ဒါကို သူတို့ (စစ်တပ်နဲ့ သူ့ယန္တရားတွေ)က ကျမကို သူလျှို၊ သစ္စာဖောက်လို့ စွပ်စွဲပြီး မရမက လိုက်ဖမ်းခဲ့ကြတယ်။” ဟု ပြောပြသည်။
မြန်မာပြည်သူလူထုများ ခံစားနေရသည့် အကျပ်အတည်းကို ကမ္ဘာကြီးက မျက်ကွယ်ပြုမနေသင့်တော့ပေ။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများမှ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်အတွက်သာမက စစ်အာဏာရှင်စနစ် ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်နှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုံခြုံမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ၊ ကြိုတင်ပြင်ဆင်မှုရှိသော နေရပ်ပြန်နိုင်ရေးအတွက် မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ စိတ်ပိုင်းဖြတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာကြီးအနေဖြင့် ခိုင်မာအားကောင်းပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော ထောက်ခံအားပေးမှုတို့ဖြင့် တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာပြည်သူလူထုနှင့်အတူ သွေးစည်းညီညွတ်မှု ဆိုသည်မှာ မူဝါဒရေးဆွဲချမှတ်ခြင်း၊ အစီအမံရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် ၎င်းတို့၏ အသံများကို ဗဟိုပြုခြင်းကို ဆိုလိုခြင်းဖြစ်ပြီး၊ ၎င်းတို့၏ဦးဆောင်မှုကို ထောက်ပံ့ပေးခြင်းနှင့် အခွင့်အရေးများကို အကာအကွယ်ပေးရေးတို့ကို သေချာစွာလုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာ IDP များနှင့် ဒုက္ခသည်များ၏ စုံလင်ကွဲပြားသောအတတ်ပညာ၊ ဗဟုသုတ၊ နှင့် စွမ်းရည်များအတွက် အထောက်အပံ့များကို တိုးမြှင့်ပေးပြီး၊ မိမိတို့လူမှုအသိုင်းအဝိုင်းအတွက် ရေရှည်တည်တံ့သော အဖြရလဒ်များအတွက် တတ်ကြွသော ငြိမ်းချမ်းရေးတည်ဆောက်သူ၊ အပြောင်းအလဲ ဖော်ဆောင်သူများအဖြစ် ၎င်းတို့၏ အသံများကိုမြှင့်တင်၊ အလေးထားလိုက်နာပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးရမည် ဖြစ်သည်။
ဤကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာအိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့ မိမိတို့မှ အောက်ပါအတိုင်း အကြံပြုတိုက်တွန်းချက်များကို တောင်းဆိုလိုက်သည်။
လက်မှတ်ရေးထိုးထားသောအဖွဲ့အစည်းများ
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
PDF ဖိုင်ရယူရန် မြန်မာဘာသာ၊ English
19 May 2026

19 June 2026