16 June 2025

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဌာန်းထုတ်ပြန် ခဲ့သည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်သည့် နိုင်ငံရေးအန်တုမှုနည်းလမ်းဖြင့် ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းတဦးချင်းစီအား ကျွန်တော်တို့ အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ယူပါသည်။
ထို့ကြောင့် CDM ဝန်ထမ်းများအား တော်လှန်ရေးကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပံ့ပိုးပေးရန်နှင့် နွေဦးတော်လှန်ရေးအောင်ပွဲရပြီးသည့်အချိန်တွင်လည်း ထိုက်သင့်သည့် ချီးမြှောက်မှုများ ပေးအပ်ရန် လိုလားပြီး CRPH ၏ CDM ဝန်ထမ်းများအပေါ် ဥပဒေအရ အကာအကွယ် ပေးရန် ကြိုးပမ်းမှုကိုလည်း ကြိုဆိုပါသည်။
သို့သော် CDM လှုပ်ရှားမှုသည် တဦးတယောက်၊ အစုအဖွဲ့ တခုခု၏ အာဏာသုံးဖိအားပေးမှုကြောင့် ပါဝင်ရသည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမဟုတ်ဘဲ မိမိ၏ လေးနက်သည့်ခံယူချက်၊ စိတ်ဆန္ဒ သဘောထားအရ ပါဝင်လှုပ်ရှားသည့် နိုင်ငံရေးအန်တုမှုနည်းလမ်းတခုဖြစ်ပြီး CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ဝန်ထမ်းများ၏ ရွေးချယ်မှုသည်လည်း လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတန်ဖိုးများအရ ၎င်းတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးဖြစ်ပေသည်။
CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဌာန်းချက်များအရမူ CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းတိုင်း မဖြစ်မနေ ပါဝင်ရမည့် အာဏာသုံးဖိအားပေးသည့် သဘောသက်ရောက်နေသည့်အပြင် အချိန်ကာလသတ်မှတ်ပြီး CDM ဝန်ထမ်း ဖြစ် မဖြစ် ဘောင်ခတ်ဆုံးဖြတ်မှုများသည်လည်း CDM လှုပ်ရှားမှု၏ အနှစ်သာရ အခြေခံသဘောတရား၊ စံတန်ဖိုးများနှင့် ကွဲလွဲနေသည်။
ထို့အပြင် CDM မလုပ်သည့် အရပ်ဘက်ဝန်ထမ်းများအား လိုအပ်သလို အပြစ်ပေးအရေးယူနိုင်သည့် သဘောသက်ရောက်နေသော အဆိုပါ ဥပဒေပါ ပြဌာန်းချက်များသည် ဒီမိုကရေစီ စံနှုန်းများနှင့် သွေဖည်နေပြီး CDM လှုပ်ရှားမှုတွင် မပါဝင်နိုင်သေးသည့် ဝန်ထမ်းများအား မတရားဖမ်းဆီးအပြစ်ပေးမှုများ ကျူးလွန်လာမည်ကို ကျွန်တော်တို့ အထူးစိုးရိမ်ပါသည်။
CDM လှုပ်ရှားမှုသည် အကြမ်းမဖက်သည့် နိုင်ငံရေးအန်တုမှု နည်းလမ်းတခုဖြစ်ပြီး ယင်းနိုင်ငံရေးအန်တုမှုအခြေခံသဘောတရားများအရ CDM လှုပ်ရှားမှုတွင် ရာနှုန်းပြည့်မပါဝင် နိုင်သေးသည့် နိုင်ငံ့ဝန်ထမ်းများအား ၎င်းတို့၏ အခက်အခဲစိန်ခေါ်မှုဘောင်အတွင်းမှ တတ်နိုင်သည့်ဘက်မှ ပါဝင်ခွင့်ရှိနေမည် ဖြစ်သည်။
ထိုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး နိုင်ငံရေးအန်တုမှုနည်းနာများ၏ အခြေခံသဘောတရားများနှင့် ကွဲလွဲနေပြီး လစ်ဘရယ်ဒီမိုကရေစီစံနှုန်းများနှင့် သွေဖည်နေသည့် CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ကျွန်တော်တို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီအနေဖြင့် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန် လိုက်သည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)
19 May 2026

19 June 2026