26 May 2024
Photo: Frontier Myanmar
တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဖက်အဖွဲ့ (၁၉၅) ဖွဲ့၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ထုတ်ပြန်ချက်ပါ အချက်အလက်အချို့သည် အာရက္ခတပ်တော်-AA အပေါ် မှားယွင်းသော တဖက်သတ် စွပ်စွဲချက်များဖြစ်ကြောင်း AA က မေလ(၂၄)ရက်နေ့ရက်စွဲဖြင့်ပြန်လည် တုံ့ပြန်ထားသည်။
အစုအဖွဲ့ပေါင်း (၁၉၅)ဖွဲ့ က ရခိုင်ဒေသနေ ရိုဟင်ဂျာများနှင့် AA တို့အကြား စစ်ကောင်စီက လူမျိုးရေးသဘော ထားကွဲလွဲမှုကို ဖန်တီးလုပ်ဆောင်နေသည့်အတွက် AA အနေဖြင့် မိမိတို့ဒေသနေ ရိုဟင်ဂျာများအပါအဝင် လူမျိုးစုများအပေါ် စစ်ပွဲပစ်မှတ်မထားရေး နှင့် မီဒီယာများကို ဝင်ခွင့်ပြုရေး အစရှိသည့်အချက်များပါဝင်၍ မေလ ၂၂ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။
၎င်းပါ အချို့အချက်အလက်များသည် မှားယွင်းသော တဖက်သတ်စွပ်စွဲချက်များဖြစ်ပြီး နိုင်ငံတကာက အထင် အမြင်လွဲမှားစေသည့် အသုံးအနှုန်းများကိုပါ အသုံးပြုထားသောကြောင့် AA အနေဖြင့် အပြင်းအထန် ကန့်ကွက် သလို ပူးတွဲပါဝင်သော အဖွဲ့အချို့မှာလည်း မိခင်အဖွဲ့အစည်း၏ခွင့်ပြုချက်မပါဘဲ အမည်ထည့်သွင်း ခံခဲ့ရသော အဖွဲ့များအဖြစ် သိရကြောင်း AA က တုန့်ပြန်ထားခြင်းဖြစ်သည်။
ပူးတွဲထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ဥမ္မာက “လတ်မှတ်ထိုးတဲ့အဖွဲ့တွေက သူတို့ အဖွဲ့အစည်းရဲ့ မူနဲ့ ပေါ်လစီနဲ့ကိုက်လို့ ပါဝင်လတ်မှတ်ထိုးကြတာ။ ပြီးတော့ထွက်တာကလည်း တစ်ဖွဲ့တည်းထွက်တာပါ။ အဲဒီတစ်ဖွဲ့ ကလည်း သူတို့သဘောဆန္ဒနဲ့သူတို့ထွက်ကြတာ။ AA ကိုမတရားစွပ်စွဲထားတယ်ဆိုတာက မီဒီယာနဲ့ မျက်မြေ သက်သေတွေရဲ့အပြောအရလို့ ကျမတို့ရေးထားတယ်။ ဘူးသီးတောင်မီးရှို့တဲ့ကိစ္စဆိုရင်လည်း နိုင်ငံတကာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး စသဖြင့် သက်သေမှတ်တမ်းတွေ ဘယ်နေ့ဘယ် အချိန်ဆိုတာ ကအစ ဒါတွေက ညာလို့ရတာမဟုတ်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နယ်မြေအုပ်ချုပ်မှုအားကောင်းသော AA အနေ ဖြင့် တဖက်သတ်စွပ်စွဲခံရသည်ဟု ယူဆပါက ပွင့်လင်းမြင်သာပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်၍ နိုင်ငံတကာ သတင်းမီဒီယာများကို ဝင်ခွင့်ပေးခြင်းဖြင့် တာဝန်ယူမှုတာဝန်ခံမှုရှိသော ခေါင်းဆောင်မှု ပြစေလို ကြောင်းလည်း ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ဖြည့်စွက်ပြောသည်။
“ကျမတို့က စွပ်စွဲနေတယ်ဆိုတာမျိုး ပြန်မငြင်းဘဲနဲ့ ဒါတွေကမြေပြင်မှာဟုတ်လားမဟုတ်လား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့တွေဖွဲ့ပြီးစုံစမ်းရမယ်။ ပြီးတော့ နိုင်ငံတကာသတင်းမီဒီယာတွေကိုပေးပြီးဝင်မယ်ဆိုရင် ဒါတွေကအဖြေပေါ်ပါတယ်။ သူတို့ရဲ့ဂုဏ်သိက္ခာလည်းကောင်းသွားမယ်လေနော်။ ကျမတို့ အပြုသဘောနဲ့ တင်ပြတဲ့ဟာကို သူတို့ဘက်ကအပြုသဘောဆောင်ပြီးမြင်နိုင်တယ်ဆိုရင်တော့ အဖြေထွက်မှာပါ” ဟု ဒေါ်ခင်ဥမ္မာက ဖြည့်စွက်ပြောသည်။
AA ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့စုံစမ်းသိရှိချက်အရ (၁၉၅)ဖွဲ့အတွင်းပါဝင်သူ အဖွဲ့များ အနက် လူ့အခွင့် အရေးခေါင်းစဥ်တပ် အသုံးချခံခဲ့ရသည့်အဖွဲ့များ၊ လူတချို့မှ နိုင်ငံရေးအရ နာမည်စာရင်း အတွင်း ထည့်သွင်း ခဲ့သည့်အဖွဲ့များလည်း ပါဝင်နေပြီး ထုတ်ပြန်ချက်ပါအဖွဲ့နှင့်တာဝန်ခံများကိုလည်း AA အနေ ဖြင့် မှတ်တမ်းတင် ထားသည်ဟု ဖော်ပြထားသည်။
ထို့အတူ အကြောင်းအရင်း သေချာမသိဘဲ နာမည်ပါဝင်လာသော အဖွဲ့များအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့၏ ဆိုရှယ်မီဒီယာမှလည်းကောင်း၊ AA ၏ အီးမေးလ်သို့လည်းကောင်း ရှင်းလင်းချက်ထုတ်ပြန်ပေးရန် AA ဘက်က အသိပေးတောင်းဆိုထားသည်။
တဆက်တည်းမှာပင် AA အနေဖြင့် မိမိတို့ဒေသနေပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ စားဝတ်နေရေး ကူညီထောက်ပံ့ပေးနေသော်လည်း လူအမျိုးမျိုးမှ မျက်ကွယ်ပြု၍ ၎င်းတို့အကျိုးစီးပွားအတွက် လိုရာပြောဆို ရေးသားမှုများကို တွေ့ရှိလာရကြောင်းလည်း AAက နောက်ထပ်ထုတ်ပြန်ချက် ထုတ်ပြန်ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် သတင်းအမှား၊ အမှန်ကို သတိထား၍ အမှန် တကယ် မြေပြင်အခြေအနေကို သိရှိနားလည်ရန်နှင့် NGO အဖွဲ့များ၊ စေတနာရှင်အဖွဲ့များကလည်း ရခိုင်ဒေသရှိ စစ်ဘေးရှောင်များအတွက် အခြေခံလိုအပ်ချက်ကို ထောက်ပံ့ကူညီပေးကြရန် AA ကတောင်းဆိုထားသေးသည်။
AA ထိန်းချုပ်ထားသော ရခိုင်ဒေသတွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ (၅)သိန်းကျော်ရှိလာပြီး ၎င်းတို့ အနက် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ (၂)သိန်း၏ (၈၀)ရာခိုင်နှုန်းမှာ မွတ်ဆလင် လူမျိုးများဖြစ်ကြောင်း AA ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.