22 May 2024
Photo: CJ
စစ်အုပ်စု၏ အသုံးချခံ ရိုဟင်ဂျာအရပ်သားများအပါအဝင် ရခိုင်ဒေသနေ ရခိုင်နှင့်အခြားသောလူမျိုးစု၊ ဘာသာ ဝင်များအား စစ်ပွဲအတွင်း ပစ်မှတ်မထားရန်၊ မီဒီယာများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များကို မိမိတို့ထိန်းချုပ်ဒေသအတွင်း ဝင်ခွင့်ပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ (၁၉၄)ဖွဲ့က အာရက္ခတပ်တော်(AA) ကို ယနေ့ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် AA ၏ အောက်ခြေတပ်သားများ လက်ချက်ဖြင့် ရိုဟင်ဂျာများ အစု လိုက်အပြုံလိုက် သတ်ဖြတ် ဖမ်းဆီးခံရမှု၊ ၎င်းတို့ပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုတို့ကို သိရှိရသဖြင့် AA အနေဖြင့် စုံစမ်းရေးအဖွဲ့ ဖွဲ့စစ်ဆေးအရေးယူရန်၊ ရိုဟင်ဂျာနှင့် အခြားလူမျိုးစုများအား စစ်ပွဲပစ်မှတ်မထားဘဲ ပြင်ပအကူအညီနှင့်မီဒီယာများ ဝင်ခွင့်ပေးရန် ပြည်တွင်းပြည်ပရှိ အဖွဲ့များက တောင်းဆိုထားခြင်းဖြစ်သည်။
တဖက်တွင်လည်း စစ်ကောင်စီက ရိုဟင်ဂျာလူမျိုးများအား ဖိအားပေးစစ်မှုထမ်းစေမှုများပြုလုပ်ခြင်း၊ လူသားဒိုင်း အဖြစ် စေခိုင်းခြင်းနှင့် ရိုဟင်ဂျာစစ်ရှောင်များကို ဖမ်း၍ AA သို့ ဖိအားပေး ဆန္ဒပြခိုင်းခြင်းတို့ကို လုပ်ဆောင် အသုံးချနေကြပြီး ၎င်းတို့လုပ်ရပ်များကြောင့် ဖမ်းဆီးခံ ရိုဟင်ဂျာ (၁၀၀) နီးပါး သတ်ဖြတ်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
စစ်ကောင်စီ၏ရည်ရွယ်ချက်သည် AA နှင့် ရိုဟင်ဂျာလူမျိုးများအကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီး နေခြင်းဖြစ်သလို လက်ရှိ စစ်ကောင်စီနှင့်ပူးပေါင်းထားသော ရိုဟင်ဂျာလက်နက်ကိုင် ARSA, ARA နှင့် RSO တို့သည် ရိုဟင်ဂျာလူမျိုးစုတစ်ခုလုံး၏ ကိုယ်စားပြုမဟုတ်ကြောင်းကိုလည်း ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ရန် လိုသည်ဟု အဖွဲ့များက ထောက်ပြသည်။
Photo: Myanmar now
“စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုမထမ်းမနေရဥပဒေနဲ့ အတင်းစစ်မှုထမ်းခိုင်းပြီး ရခိုင်တွေကို ပြန်တိုက်ဖို့အသုံးချတာ လူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးနေတာပါ။ ဒါတွေကသူတို့သုံးနေကျပဲ ဒီအတွက် ကျမတို့အနေနဲ့စိုးရိမ်တယ်။ လူမျိုးရေးပဋိပက္ခက အခြားပဋိပက္ခတွေထက်ပိုပြီး ကြောက်ဖို့ကောင်းတယ် ။ လက်နက်နဲ့တိုက်စရာမလိုတော့ဘဲ ကိုယ့်အချင်းချင်းပြန်တိုက်ခိုင်းတာလေ။ ဒါကြောင့်ကျမတို့အနေနဲ့ ဒါကမှားယွင်းတဲ့လုပ်ရပ်လို့မြင်သလို ဆန့်လည်းဆန့်ကျင်တယ်” ဟု ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဥက္ကဌ နောကညောဖောက ကေအိုင်စီသို့ ပြောသည်။
တော်လှန်ရေးနှင့် အရပ်ဘက် အစုအဖွဲ့များ၊ လူပုဂ္ဂိုလ်များအနေဖြင့် အကာအကွယ်မဲ့ ရိုဟင်ဂျာလူမျိုးစုအတွက် ဂျီနိုဆိုက် တစ်ဖန်ပြန်ဖြစ်မလာရန် လူ့အခွင့်အရေးအပေါ်ရပ်တည်ပြရန် လိုအပ်ပြီး နယ်မြေတာဝန်ရှိ AA အနေဖြင့်လည်း ပြည်သူလူထုကို အကာအကွယ်ပေးရန်၊ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာလူသားစာနာ ဥပဒေကို လိုက်နာ၍ အရပ်သားနေထိုင်ရာတွင် တိုက်ပွဲမဖော်ရန်၊ အတင်းအကြပ်နေရာရွှေ့ပြောင်းခိုင်းခြင်း မလုပ်ဆောင်ရန်တို့ကိုလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
ထို့အပြင် ရိုဟင်ဂျာခေါင်းဆောင်များ AA မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်သွားရန် ကိုလည်း အဖွဲ့များက ပူးပေါင်းတိုက်တွန်းထားသလို ၎င်းတို့အနေဖြင့်လည်း လူမျိုးဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ရေရှည် ယှဥ်တွဲနေထိုင်ရေးနှင့် ရခိုင်ပြည်နယ် ရခိုင်ပြည်သူများ စစ်အာဏာရှင်အောက်မှ အလုံးစုံလွတ်မြောက်ရေး ဝန်းရံအားဖြည့်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ပူးတွဲ တောင်းဆိုသည့် အဖွဲ့အစည်းပေါင်း (၁၉၄)ဖွဲ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO အပြင် နိုင်ငံတကာအရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသား၊ လူငယ်နှင့် အမျိုးသမီးအရပ်ဖက်အဖွဲ့များဖြစ်သည့် Kachin Association Norway, Chin Community in Norway၊ ဒီမိုကရက်တစ်လူငယ်ကောင်စီ(DYC)၊ Justice For Myanmar နှင့် Burmese Women’s Union (BWU) တို့လည်း ပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.