Report 221 Views

ခေတ်သမိုင်းကိုပုံဖော်နေသော အမျိုးသမီးများ

March 9th, 2024  •  Author:   Politics for Women Myanmar , Sisters to Sisters  •  1 minute read
Featured image

အမှာစာ

ဖိုဝါဒနှင့် လူမျိုးကြီးဝါဒသည် အာဏာရှင်စနစ်ကို မွေးထုတ်လိုက်သည့် အရင်းခံလက်သည်ပင် ဖြစ်သည်။ ဖိနှိပ်မှုအားလုံး၏ အခြေခံအကျဆုံးဖြစ်သော လူလူချင်းမှာပင် ကျား၊ မ အခြေပြုခွဲခြားဆက်ဆံမှုသည် လက်ရှိအချိန်အထိ အရှိန်မသေနိုင်သေးသော ခွဲခြားဆက်ဆံဖိနှိပ်မှု တစ်ရပ်ဖြစ်သည်။ လူလူချင်း တန်းတူဆက်ဆံခွင့်ရရှိရေးသည် မွေးရာပါလူ့အခွင့် အရေးဖြစ်ရုံသာမက လူသားဖြစ်ခြင်း၏ ဂုဏ်သိက္ခာလည်း ဖြစ်သည်။ လူလူချင်း တန်းတူမဆက်ဆံနိုင်ခြင်းသည် လူအချင်းချင်းကြားမှာပင် လူဖြစ်ခြင်းအပေါ် လက်မခံနိုင်ခြင်းပင် ဖြစ်သည်။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးအရေးအခင်းများတွင် နောက်မဆုတ်စတမ်း ရဲရဲဝင့်ဝင့်ပါဝင်ခဲ့ ကြသည့် အမျိုးသမီးများကို လက်ခံနေရာပေးမှုမရှိခဲ့သလို၊ သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုမှုမရှိခြင်းမှာ ဖိုဝါဒ၏ အရိပ်မည်းပင် ဖြစ်သည်။ နှစ် (၇၀) ကျော် ပြည်တွင်းစစ်ကြီး တောက်လောင်နေသော မြန်မာနိုင်ငံအဖို့ ဖိုဝါဒ၏အန္တရာယ်ကို လျော့ပေါ့တွေးဆနေသေးမည်ဆိုလျှင် မြန်မာ့မြေပေါ် သွေးမြေခမှု အတောသတ်နိုင် တော့မှာ မဟုတ်ပေ။ လူသားအချင်းချင်းကြား အမျိုးမျိုးသော ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများ ကို နိဂုံးချုပ်နိုင်မည် မဟုတ်ပေ။

အမျိုးသမီးတစ်ဦးသည် လူသားဖြစ်ခြင်းထက် လျော့သောအရာမရှိပေ။ တနည်းလူသားမဖြစ်ထိုက် သော အတွေးအခေါ်၊ အကြံအဆမရှိသလို၊ လုပ်ကိုင်နိုင်စွမ်းလည်း မလျော့ပေ။ သို့သော် ဘာကြောင့် လူ့အဖွဲ့အစည်းက အမျိုးသမီးဖြစ်ခြင်း၏ ရုပ်၊ နာမ်နှစ်ပါးလုံးအပေါ် ဖိနှိပ်ထားရသနည်း။ လက်ရှိနွေဦး တော်လှန်ရေးသည် အာဏာရှင်စနစ်ပေါင်းစုံကို မွေးထုတ်ပေးနေသည့် ဖိုဝါဒနှင့် လူမျိုးကြီးဝါဒကို အမြစ် ဖြတ်ပယ်သတ်ဖို့ အချိန်အခါကိုက်ပင်ဖြစ်သည်။

နွေဦးတော်လှန်ရေးကို ကြည့်မည်ဆိုလျှင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နည်းလမ်းပေါင်းစုံတွင်  အမျိုးသမီးများ ထိပ်ဆုံးမှပါဝင်ခဲ့သလို လက်ရှိအချိန်အထိ အားမာန်အပြည့်နှင့် ပါဝင်နေဆဲပင် ဖြစ်သည်။ ယခုစာအုပ်တွင် နွေဦးတော်လှန်ရေးအတွင်း ကဏ္ဍပေါင်းစုံမှာ ပါဝင်နေကြသည့် အမျိုးသမီးခေါင်းဆောင် များအနေဖြင့်  နိုင်ငံတော်သစ်တည်ဆောက်ရေးအဆင့်ဆင့်တွင် ပါဝင်ထုဆစ်ကြဖို့ မည်၍မည်မျှ အဆင်သင့် ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်သည်။ အမျိုးသမီးများ မပါဝင်သော နိုင်ငံရေးသည် ငြိမ်းချမ်း သော လူ့ဘောင်အဖွဲ့အစည်းကို မဖြစ်ထွန်းစေလာနိုင်သလို၊ အမျိုးသမီးများကို ကန့်သတ်ထားသော လူ့ လောကသည်ကား ကောင်းမွန်သော လူ့အရင်းအမြစ်မျိုးဆက်များကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပေ။

ဖိနှိပ်မှုပေါင်းစုံအောက်မှာ နေထိုင်ကြီးပြင်းလာရသော အမျိုးသမီးများအနေဖြင့် ဖိနှိပ်မှုများအောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်လာနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများ၏ တော်လှန်နိုင်မှုနှင့် ရဲစွမ်းသတ္တိကို တွေ့မြင်နိုင်ပါသည်။ ယခုစာအုပ်တွင် အမျိုးသမီးများ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည် ဦးဆောင်ပါဝင်လုပ်ကိုင်ခွင့်ရရှိပါက အနာဂတ်နိုင်ငံရေးတွင် မည်သို့မည်ပုံ အပြောင်းအလဲများ မြင်တွေ့နိုင်သလဲအပေါ် နယ်ပယ်အသီးသီးတွင် ဦးဆောင်နေသော အမျိုးသမီးများ၏ အတွေးအမြင်၊ စကားသံ၊ သုံးသပ်ချက်များကို စုစည်းဖော်ပြထားပါသည်။

အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတစ်ဦးတစ်ယောက်ချင်း၏ စွန့်စားအနစ်နာခံမှုနှင့် ပြတ်သားမှု၊ တည်ကြည်မှု တို့ကို ဤစာအုပ်ဖြင့် အလေးအမြတ်ပြုပါသည်။ နိုင်ငံတော်သစ်မွေးဖွားရန်အတွက် တိုက်ပွဲဝင်နေကြသော၊ တနည်း ခေတ်သမိုင်းကိုပုံဖော်နေကြသော အမျိုးသမီးထု၏ အားမာန်ကို မော်ကွန်းတင်နိုင်ရန် ရည်ရွယ်၍ ဤစာအုပ်ကို ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစဉ်အနေဖြင့် ထုတ်ဝေအပ်ပါသည်။


Download ရယူရန်