Statement 102 Views

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် သတင်းစကား

March 8th, 2024  •  Author:   Karenni State Interim Executive Council  •  1 minute read
Featured image

၂၀၂၄ ခုနှစ်၊ မတ်လ၊ ၈ ရက်

၁။ ၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာ ဌာနအနေဖြင့် ကြိုဆိုဂုဏ်ပြုပါသည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ အမျိုးသမီးအခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေး တို့အတွက် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် အခက်အခဲများကြားမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုဆိုဂုဏ်ပြုသော လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

၂။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကြည့်မည် ဆိုပါက နိုင်ငံရေးနှင့် သမိုင်းအရွေ့တိုင်းတွင် အမျိုးသမီးများ ရွပ်ရွပ်ချွံချွံ ရှေ့တန်းမှပါဝင်ခဲ့သည်ကို တွေ့မြင်ရပြီး လက်ရှိကာလတိုင် အမျိုးသမီးများသည် နိုင်ငံရေးကိုယ်စားပြုခွင့်နှင့် နည်းပေါင်းစုံ ဖြင့် အကြမ်းဖက်ခံရမှုများမှ လွှတ်မြောက်ရန်အတွက် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်မှာ တရားမဝင် အာဏသိမ်းပြီးနောက်ပိုင်း အာဏာရှင်အလုံးစုံ ပြုတ်ကျရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ ကဏ္ဍပေါင်းစုံမှ ပါဝင်ခဲ့ကြပြီး မတရားမှုများကို ခုခံတွန်းလှန် ခဲ့ကြသကဲ့သို့ သာတူညီမျှဖြစ်မှုကို အဟန့်အတား ဖြစ်စေသည့် လူမှုအသိုင်းအဝန်းအတွင်း အမြစ်တွယ်လျက်ရှိသော ဖိုဝါဒကြီးစိုးမှုကို တစ်ပြိုင်နက်တည်း တွန်းလှန်ခဲ့ကြသည်ကိုလည်း ထင်ရှားစွာတွေ့မြင်နိုင်သည်။

၃။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် ဦးဆောင်မှုများပိုမိုမြင့်မားလာရန်လည်း ဆက်လက် အားပေးလုပ်ဆောင်ရန် လူတိုင်းတွင်တာဝန်ရှိသကဲ့သို့ မိမိတို့ အမျိုးသမီး နှင့် ကလေးသူငယ်ရေးဌာန မှလည်း မူဝါဒအားဖြင့်သော်လည်းကောင်း ဘဏ္ဍာငွေဖြင့်လည်း ပံ့ပိုးကူညီခြင်းများကို အလေးပေး ဆောင်ရွက်ရန် အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမည်။

၄။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) မှစ၍ ပြည်နယ်အတွင်း အနာဂတ်အမျိုးသမီးခေါင်းဆောင်များ ပိုမိုပေါ်ထွက်လာစေရန်နှင့် ယင်းတို့၏ လူသားအခွင့်အရေး နှင့် နိုင်ငံရေးအခွင့်အရေးများ အပြည့်အဝ ခံစားရရှိလာစေရန် ဆန္ဒပြုပါသည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား-မ ဖြစ်တည်မှုအပေါ်အခြေခံပြီး ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှု ကင်းသောပြည်နယ်ဖြစ်လာပြီး မတူကွဲပြားမှု နှင့် ခြားနားမှုကို လေးစားတန်ဖိုးထားသော ပြည်နယ်တစ်ခု ဖန်တီးနိုင်ပါက အမျိုးသမီးများ၏ တန်းတူညီမျှမှုကို ဖော်ဆောင် နိုင်မည်ဟုလည်း မိမိတို့မှ ယုံကြည် ပါသည်။ ထို့ကြောင့် အမျိုးသမီးများ၏ အောင်မြင်မှုကို ဂုဏ်ပြုခြင်းနှင့်အတူ ခွဲခြားဆက်ဆံခြင်း ကင်းပြီး ဂျဲန်ဒါတန်းတူညီမျှရေးကို တွန်းအားပေးသော အသိုက်အဝန်းအဖြစ် ဖန်တီးရန်အတွက် အတူလက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းနိုးဆော်ပါသည်။

အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ


PDF ဖိုင်ရယူရန်