25 August 2022
ချက်ချင်းထုတ်ပြန်ရန်
ရိုဟင်ဂျာများအတွက် တရားမျှတမှု အသေအချာ ရရှိစေရေး နိုင်ငံတကာအသိုင်းအဝိုင်းသို့ အရပ်ဘက် လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က တောင်းဆိုလိုက်သည်။
[၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့] ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်မှာ ငါးနှစ်ခန့်ကြာပြီးသည်အထိ စစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်မည်ဆိုသော စကားများနှင့် ကတိကဝတ်များသည် အနှစ်သာရပြည့်ဝသော လုပ်ဆောင်ချက်များ ဖြစ်မလာသေးကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က ယနေ့ထုတ်ပြန်သော ပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားလိုက်သည်။ အာဏာသိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ကျူးလွန်ထားသော စစ်တပ်၏ ပူပူနွေးနွေး ရာဇဝတ်မှုများအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအစိုးရများက “အလွန်အမင်း စိုးရိမ်ပူပန်ပါသည်” ဟု ရှုတ်ချထားသော ထုတ်ပြန်ချက်များကိုသာ အမြောက်အမြား ထုတ်ပြန်နေသည့်အတွက် ယင်းများကို ခိုင်မာသော “လုပ်ရပ်များဖြင့် အမှန်တကယ် သက်သေပြရမည်” ဟု ဤအရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုသည်။
သြဂုတ်လ ၂၅ ရက်နေ့သည် “ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အောက်မေ့ဖွယ်ရာနေ့” ဖြစ်သည်။ ထိုနေ့သည် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရိုဟင်ဂျာလူဦးရေတစ်သန်း၏ လေးပုံသုံးပုံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်စေရန် အဓမ္မတွန်းပို့ခြင်းတို့ ပါဝင်သည့် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့သည့်နေ့ ဖြစ်သည်။
ဤပူးတွဲထုတ်ပြန်ကြေညာချက်တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က “ရိုဟင်ဂျာများနှင့် အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ရပ်တည်သည့်အပြင် ၎င်းတို့အတွက် တရားမျှတမှု ရှာဖွေရေး၊ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေးနှင့် မြန်မာစစ်တပ်မှ ဆက်လက်ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်စေရေး” တို့အတွက် ဆက်လက်လုပ်ဆောင် သွားရန် ကတိကဝတ် ထပ်မံပြုလိုက်သည်။ “ရိုဟင်ဂျာများ ကြုံ့တွေ့ခံစားနေရသော အတိဒုက္ခများကို မေ့မထားသင့်ပေ” ဟု ထိုအဖွဲ့များက ဆိုသည်။
နိုင်ငံတကာတရားရုံး (ICJ) ၏ ကြားကာလအစီအမံများ အကောင်အထည်ဖော်ရေး တိုးတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ထိုကောင်စီတွင် မြန်မာနိုင်ငံ ဆိုင်ရာ “ဦးဆောင်သူ” ဖြစ်သော UK နိုင်ငံတို့မှ ခေါ်ယူရန်လည်း ထိုအဖွဲ့များက တောင်းဆိုထားသည်။
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန် တင်ပြလာသော ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုက တင်သွင်းခဲ့သော ပဏာမကန့်ကွက်မှုများအပေါ် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် နိုင်ငံတကာတရားရုံး (ICJ) မှ ပယ်ချခဲ့ပြီး ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် ကောင်းသော အကျိုးဆက်များကို တရားရုံးက လမ်းဖောက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ နိုင်ငံတကာ အစိုးရများအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ ICJ အမှုကို ထောက်ခံပံ့ပိုးပေးရန် ဤအဖွဲ့များက တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် လွန်ခဲ့သောတစ်နှစ်က ၎င်းတို့၏ ကတိပြုချက်များအတိုင်း ခွဲခြားဆက်ဆံမှုရှိသော ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ခြင်း၊ နှင့် “နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဥ်” ဖျက်သိမ်းခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန်လည်း ဤအဖွဲ့များက တောင်းဆိုသည်။
မြန်မာရိုဟင်ဂျာများအသင်း ယူကေ မှ ကိုထွန်းခင်က “မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ အသားရောင်ခွဲခြားမှုနဲ့ အလားသဏ္ဌာန်တူတဲ့ အခြေအနေတွေအတွင်းမှာ လွတ်လပ်စွာသွားလာခွင့် အပါအဝင် အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရပြီး နိုင်ငံသားဖြစ်ခွင့်လည်း စနစ်တကျ ငြင်းပယ်ခံနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာလူမျိုး ၁ သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နုံချာစုတ်ပြတ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေနေကြရပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ ခုချိန်မှာလည်း အလားတူရာဇဝတ်မှုတွေကို မြန်မာနိုင်ငံတစ်ဝန်းမှာ ကျူးလွန်နေဆဲဖြစ်ပြီး ဒါတွေကို တားဆီးရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။
“စစ်အုပ်စုကို အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်သုံးပြီး တရားစွဲဆိုတဲ့အမှု အပါအဝင် စစ်တပ်ကို တာဝန်ခံခိုင်းရေးအတွက် ရိုဟင်ဂျာတွေရဲ့ ဦးဆောင် ကြိုးစားအားထုတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းထောက်ခံရမှာ ဖြစ်ပါတယ်။ တာဝန်ယူတာဝန်ခံမှု ရရှိလာစေရေးကို ဦးတည်ရှေးရှုတဲ့ ဒီကြိုးစားအားထုတ်မှုတွေဟာ တူညီနေတဲ့ လက်သည်တရားခံတစ်စုကပဲ ကျူးလွန်နေတဲ့ ပုံစံတူ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူအားလုံးအတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေ တရားမျှတမှု ရရှိစေဖို့အတွက် လမ်းကြောင်းမျိုးစုံကို အဘက်ဘက်က ထောက်ခံပံ့ပိုးပေးရပါမယ်။” ဟု ၎င်းက ဆက်ပြောသည်။
အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်မှ မဝေဝေနုက “ရိုဟင်ဂျာတွေအတွက် တရားမျှတမှုမရှိရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးက ခက်ခဲနေဦးမှာပါ။ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ယူ တာဝန်ခံမှု ရှိမနေတာဟာ စစ်တပ်ကို အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ပြုပေးနေသလို မြန်မာနိုင်ငံအတွင်းက တခြားပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ထပ်ကျူးလွန်လာအောင် အားပေးအားမြှောက် ပြုနေတာလည်း ဖြစ်ပါတယ်။” ဟု ပြောသည်။
“စစ်တပ်ကို အရေးယူဖို့ ဘာမှမလုပ်ဘဲနေတာဟာ ကမ္ဘာကြီးဟာ စစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ဆန်ကျင့်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အပြစ်ကနေ လွတ်မြောက်နိုင်တယ်ဆိုတဲ့ သတင်းစကားအမှားကြီးကို ပေးနေပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပါန်က ကျူးလွန်ခံ ခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေအတွက် စစ်တပ်က တာဝန်ယူတာဝန်ခံမှုရှိလာဖို့အတွက် ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေလုပ်ဖို့ နိုင်ငံတကာအစိုးရတွေကို ကျမတို့ ဆက်လက်တောင်းဆိုသွားမှာပါ။” ဟု ၎င်းကဆက်ပြောသည်။
ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်အုပ်စုကို အရေးယူဖို့ဆိုတာဟာ ရိုဟင်ဂျာတွေအတွက်ပဲ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အတွက်လည်း ဖြစ်ပါတယ်။”ဟု ပြောသည်။
“လက်ရှိမှာဖြစ်ပွားနေတဲ့ စစ်အုပ်စုရဲ့ ကျရှုံးနေတဲ့ အကြမ်းဖက် အာဏာလုယူရေး ကြိုးစားမှုကို မြန်မာပြည်သူတွေ ရဲရဲဝံ့ဝံ့ ခုခံတော်လှန်နေတာ ၁၈ လရှိခဲ့ပါပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာနိုင်ငံအခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ICC ကို လွှဲပြောင်းပေးတဲ့လမ်းကြောင်းကဖြစ်ဖြစ်၊ ယာယီအထူးခုံရုံး ဖွဲ့စည်းတဲ့လမ်းကြောင်းကပဲဖြစ်ဖြစ် အဲဒီလိုလမ်းကြောင်းတွေ အပါအဝင် တရားမျှတမှုနဲ့ တာဝန်ယူတာဝန်ခံမှု အပြည့်အဝရှိလာရေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။
Sisters 2 Sisters မှ မသဥ္ဇာရွှန်းလဲ့ရည်က “ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ထုတ်ရမယ့် ကျမတို့ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေလည်း အလားတူပဲ လုပ်ဆောင်ရပါမယ်။” ဟု ပြောသည်။
“အစိုးရတွေအနေနဲ့ ချက်ချင်းလုပ်ဆောင်နိုင်တဲ့ ခြေလှမ်းတွေ ရှိပါတယ်။ စစ်တပ်က သူတို့ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ဖို့ သုံးစွဲနေတဲ့ ရင်းမြစ်ကြီးတစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်နိုင်ပါတယ်။ စစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းတင်ပို့ရောင်းချမှု တားမြစ်ချက်နဲ့ လောင်စာဆီရောင်းချမှု တားမြစ်ချက်တွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ချမှတ်နိုင်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
အရပ်ဘက် လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ဖတ်ရန်။
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.